
ရန်ကုန် ဇူလိုင် ၅
ပဲခူး - ရန်ကုန် ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်း ကိုးလိုင်း ကို အောင်မင်္ဂလာ အဝေးပြေး ကားကြီးဝင်းသို့ ပြောင်းလဲပြေးဆွဲ သွားမည်ဖြစ်ကြောင်း ပဲခူးအဝေး ပြေးကော်မတီဝင် ဦးဘမြင့်က ပြောသည်။
‘‘ပဲခူး - ရန်ကုန် ပြေးဆွဲနေတဲ့ ယာဉ်လိုင်း အားလုံးပေါင်း ၁၀ လိုင်း ရှိပါတယ်။ အဲဒီ ၁၀ လိုင်း မှာ တစ်လိုင်းကတော့ ပဲခူး - ဧရာဝတီတိုင်းအတွက် ဒဂုံဧရာ မှာပဲ ဆက်လက်ပြေးဆွဲပြီး ကျန်တဲ့ ယာဉ်လိုင်းကိုးလိုင်းက အောင်မင်္ဂလာကို ရွှေ့ပြီးတော့ ပြေးဆွဲမှာဖြစ်ပါတယ်။ ကျွန်တော် တို့ YRTC ကနေ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုတင်ပြပြီး ခွင့်ပြု ချက်ယူတဲ့အခါမှာ ခွင့်ပြုတဲ့ အတွက် YCDC နဲ့ ညှိနှိုင်းပြီးတော့ ဂိတ်နေရာလေးကို ရွေးချယ် သတ်မှတ်ထားပါတယ်’’ဟု ၎င်းက ပြောသည်။
YCDC ၏ ခွင့်ပြုချက်အရ ဂိတ် ၁ အနီးတွင် ပေ ၂၀၀ x ပေ ၆၀ ၌ အဆောက်အအုံ ဆောက် လုပ်ပြီး ဂိတ်ဖွင့်လှစ်ကာ ပဲခူး-ရန်ကုန် ပြေးဆွဲသွားမည် ဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် ဂိတ်ဆောက်လုပ် မှု ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ယခု ဇူလိုင်လကုန်တွင် ရာခိုင် နှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း ဦးဘမြင့်က ပြောကြားသည်။ ‘‘အဲဒီအတွက် ခရီးသည်တွေဟာ အောင်မင်္ဂလာ အဝေးပြေးဝင်း ဂိတ် ၁ ရှေ့လမ်းဘေးမှာ လာရောက် ပြီး စီးနင်းလို့ရပါတယ်။ တစ်နေ့ ကို အစီး ၂၀၊ ၃၀ ရှိနေမှာဖြစ်ပါ တယ်’’ ဟု ၎င်းက ဆက်လက် ပြောသည်။ လက်ရှိတွင် ပဲခူး-ရန်ကုန် အဝေးပြေးယာဉ်လိုင်း များသည် သတ်မှတ်လမ်းကြောင်း များအတိုင်း ပြေးဆွဲလျက်ရှိ ကြောင်းနှင့် ပဲခူး - ရန်ကုန် အဝေး ပြေးလိုင်း၌ အစီးရေ ၃၉၀ ရှိ ကြောင်းသိရသည်။
အာကာလင်း