ပဲခူးမြို့နယ်အတွင်း လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်ဖောက်ခွဲမှုများ ဆောင်ရွက်ခဲ့သည့် ပဲခူး PDF အကြမ်းဖက်အဖွဲ့ဝင်များကို လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်    ဖေဖော်ဝါရီ     ၉


နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် PDF အမည်ခံအဖွဲ့များသည်  ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊  ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာ  လုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ အပြင် ပြည်သူများအထိတ်တလန့်ဖြစ်စေရန်  ရည်ရွယ်၍ မိုင်းထောင် ဖောက်ခွဲခြင်းများကို    ဥပဒေမဲ့ကျူးလွန်လျက်ရှိရာ   ဖေဖော်ဝါရီ ၇ ရက်တွင် ပဲခူးမြို့ပေါ်ရှိ  မဇင်းရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ ရှင်စောပု ရပ်ကွက်တို့၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်း ငါးလုံး ဖောက်ခွဲ ခဲ့သည့်  ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍     တရားခံများဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏   အစဉ်တစိုက်   ကြိုးပမ်းဆောင်ရွက်မှုနှင့် အကြမ်းဖက်မှုကို  မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းတွင်  ပဲခူးမြို့နယ် ကလိကျေးရွာအနီး၌ ပဲခူးမြို့နယ်အတွင်း လက်လုပ်မိုင်းများ ဖောက်ခွဲခဲ့သည့် တရားခံ ဖိုးခွား (ခ)ဉာဏ်မင်းမောင်မောင် (၂၀) နှစ်၊  မောင်သက်(၂၃) နှစ်နှင့် ၎င်း၏ဇနီး ထားထားဝင်း (၂၃) နှစ်၊ ငစော(ခ)မျိုးမြတ်မင်းစော(၁၉) နှစ် တို့ လေးဦး ကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် ၏ ထွက်ဆို ချက်အရ ၎င်းငှားရမ်းနေထိုင်သည့် ပဲခူးမြို့ မဇင်းရပ်ကွက်  တိုးချဲ့(၃)လမ်းရှိ နေအိမ်မှ အူဇီသေနတ် တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ပွိုင့်-၃၈ ကျည်တောင့် ၅၀ တို့ကိုလည်းကောင်း၊  မောင်သက်နှင့်  ထားထားဝင်း တို့၏ နေအိမ်မှ  M-79 ဗုံးပစ်လောင်ချာ   တစ်လက်၊  ၄၀   မမ   ဗုံးသီး  ခုနစ်လုံး၊ C-4 ယမ်း ငါးထုပ်၊ ဒီတိုနေတာ လေးချောင်းနှင့်  လက်လုပ်မိုင်း သုံးလုံးတို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။ 
အလားတူ   ဖမ်းဆီးရမိတရားခံ   ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်  ၏  ထွက်ဆိုချက်အရ   ပဲခူးမြို့    ဥဿာမြို့သစ်     ရပ်ကွက်ကြီး(၁)  သီးသန့်(၁)လမ်း   အမှတ်(သ/၂၂၇)ရှိ မျိုးတင့်၏  နေအိမ်၌ လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ မျိုးတင့် (၅၅ )နှစ်နှင့် ၎င်း၏ဇနီး   ယဉ်ယဉ်ဌေး(၄၈) နှစ်တို့   နှစ်ဦးကို M-16  သေနတ်  တစ်လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ၄၀ မမ ဗုံးသီးအလုံး ၂၀၊ ၅.၅၆  ကျည်အတောင့်  ၁၀၀၊ ကျည်မျိုးစုံ ၂၈၈ တောင့်၊   လက်လုပ်လက်ပစ်ဗုံး   ငါးလုံးတို့အား   ထပ်မံသိမ်းဆည်းရမိ ခဲ့သည်။
ထို့အပြင် ဖမ်းဆီးရမိတရားခံ  ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်  ၏   ထွက်ဆိုချက်အရ   ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းကြောင်းအခြေအနေ   ကြည့်ရှုပေးသူ   သူရိန်အောင်(ခ)အောင်သူ (၁၉ )နှစ်ကို    ပဲခူးမြို့   ပုဏ္ဏားစုရပ်ကွက်  ပုဏ္ဏားစု (၁၄)လမ်းရှိ ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ငါးဦး၊ မ နှစ်ဦး  စုစုပေါင်း ခုနစ်ဦးတို့ကို လက်နက်မျိုးစုံ  လေးလက်၊ ကျည်အိမ်မျိုးစုံ ငါးခု၊ ၄၀ မမ ဗုံးသီး ၂၇ လုံး၊ ကျည်မျိုးစုံ ၄၃၈ တောင့်၊ လက်လုပ်မိုင်းမျိုးစုံ ရှစ်လုံး၊ အခြား မိုင်း နှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏     ထွက်ဆိုချက်အရ    ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် သည် ၂၀၂၁ ခုနှစ်  ဇွန်လ ၇ ရက်မှစ၍ KNLA တပ်မဟာ(၃)၊ ရင်း(၉)နယ်မြေရှိ ငှက်ပျောတောစခန်းသို့ သွားရောက်၍ အကြမ်းဖက်သင်တန်း  သုံးလ တက်ရောက်ခဲ့ပြီး  ဖမ်းဆီးရန်ကျန်တရားခံ ငရဲ(ခ) ရဲထွဋ်လှိုင် ခေါင်းဆောင်သည့် ပဲခူး PDF အမည်ခံ  အကြမ်းဖက် အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း၊ ငစော(ခ)မျိုးမြတ်မင်းစော၊ သူရိန်အောင် (ခ) အောင်သူနှင့် မောင်သက် တို့ သုံးဦးသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ခန့်တွင် ဖိုးခွား (ခ) ဉာဏ်မင်းမောင်မောင်၏    စည်းရုံးမှုဖြင့် ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၏ထွက်ဆိုချက်အရ  ဖမ်းဆီးရမိ လက်နက်/ ခဲယမ်းများကို ၂၀၂၃ ခုနှစ်  ဇန်နဝါရီလ(ပထမပတ်)ခန့်တွင်  လူမှုကွန်ရက်မှတစ်ဆင့် ရင်းနှီးခဲ့သည့် ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်  သော အောင်သပြေမှ  ပေးပို့ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး မောင်သက်၊ မျိုးတင့် နှင့်  ဇနီး  ယဉ်ယဉ်ဌေးတို့မှ    ၎င်းတို့နေအိမ်များ၌   လက်ခံ သိမ်းဆည်းပေးထားခဲ့ခြင်းဖြစ်ကြောင်း၊   လက်လုပ်မိုင်းများကိုလည်း ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် ခေါင်းဆောင်၍ မောင်သက်၊ ငစော(ခ) မျိုးမြတ်မင်းစော နှင့်   ဖမ်းဆီးရန်ကျန်   တရားခံကုလားလေး တို့မှ ပဲခူးမြို့   မြို့သစ်ရပ်ကွက် (၇)လမ်းရှိ မောင်သက်၏  နေအိမ်၌  ပြုလုပ် ခဲ့ကြောင်း  ဖော်ထုတ်သိရှိရသည်။ 
ဖမ်းဆီးရမိတရားခံများ၏   ထွက်ဆိုချက်အရ ပဲခူး PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ  ပဲခူးမြို့နယ်အတွင်း အောက်ပါအတိုင်း အပြစ်မဲ့ ပြည်သူများကို   လုပ်ကြံသတ်ဖြတ်ခြင်း၊  မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း-
(က)    ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်သည်   ကဝ PDF   အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်    ဖမ်းဆီးရန်ကျန်တရားခံ ကြာညိုနှင့်အတူ  ၂၀၂၁  ခုနှစ်   ဒီဇင်ဘာ ၂၁ ရက်တွင် ကဝ မြို့နယ် သက္ကလမြို့   ကန်တော်မင်္ဂလာရပ်ကွက်၌   မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်   ဦးသိန်းဇော်ကို     လုပ်ကြံသတ်ဖြတ် ခဲ့ကြောင်း။
(ခ)    ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်သည်  ၂၀၂၂ ခုနှစ်  မတ်  ၄  ရက်တွင် ကဝမြို့နယ်  ပေါက်ကုန်းကြီးကျေးရွာအုပ်စု အေးရွာ  သစ်ကျေးရွာအနီး၌  မမောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်နှင့်  ရစ်ကန်ကြီးကျေးရွာနေ  အပြစ်မဲ့ပြည်သူ ဦးဆန်းဝင်းတို့ နှစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
( ဂ )    ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် နှင့် မောင်သက်တို့  နှစ်ဦး သည်  အပြစ်မဲ့ ပြည်သူများ ထိတ်လန့်ကြောက်ရွံ့မှုဖြစ်ပေါ် စေရန် ရည်ရွယ်၍  ၂၀၂၃ ခုနှစ်  ဖေဖော်ဝါရီ ၇ ရက်တွင် ပဲခူးမြို့    မဇင်းရပ်ကွက်     မဟာစေတီ     ကန်လမ်းထောင့် ၌  လက်လုပ်မိုင်း   တစ်လုံးအားလည်းကောင်း၊  ရှင်စောပု ရပ်ကွက် ဦးဘိုနီလမ်းရှိ ထရန်စဖော်မာအနီး၌ လက်လုပ်မိုင်း နှစ်လုံးကို လည်းကောင်း၊ညောင်ဝိုင်း (မြောက်ပိုင်း) ရပ်ကွက်၊ ဈေးတန်းအနီး၌ လက် လုပ်မိုင်း တစ်လုံးကိုလည်းကောင်း ဖောက်ခွဲခဲ့ကြောင်း။
(ဃ)     အလားတူ ငစော(ခ)မျိုးမြတ်မင်းစော နှင့်  ဖမ်းဆီးရန်ကျန် တရားခံ   ကုလားလေး တို့    နှစ်ဦးသည်   ၂၀၂၃   ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဆိုရှယ် လစ် (၉) လမ်း၌ လက်လုပ်မိုင်း  နှစ်လုံးကိုလည်းကောင်း၊ ပုဏ္ဏားစုရပ်ကွက်၊ (၈)လမ်း၌   လက်လုပ်မိုင်း   တစ်လုံးကို လည်းကောင်း သွားရောက်ဖောက်ခွဲခဲ့ပြီး သူရိန်အောင် (ခ)အောင်သူ  က  လုံခြုံရေးတပ်ဖွဲ့ဝင်များ၏  အခြေအနေကို စောင့်ကြည့်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ 
ဖမ်းဆီးရမိတရားခံများ၏  ထွက်ဆိုချက်အရ ပဲခူး PDF အမည်ခံ အကြမ်းဖက်အဖွဲ့အနေဖြင့်   ၂၀၂၃  ခုနှစ်   ဖေဖော်ဝါရီ  ၈  ရက် ညပိုင်းတွင်  ပဲခူးမြို့နယ်၊   လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အား ဦးစီးဌာနရုံးကို    လက်လုပ်မိုင်းများဖြင့်   ထပ်မံဖောက်ခွဲရန်   စီစဉ် လုပ်ဆောင်နေစဉ်   အကြမ်းဖက်မှုကိုမလိုလားသော    တာဝန်သိ ပြည်သူများ၏  သတင်းပေးပို့မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကွက်ပြည့် နင်းရှာဖွေ    စစ်ဆေးဖော်ထုတ်မှုတို့ကြောင့်     အကြမ်းဖက်သမား များမှ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ   မဆောင်ရွက်နိုင်မီ  အချိန်မီ ကြိုတင်သတင်းလက်ဦးမှု   ရယူကာ    ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖိုးခွား (ခ) ဉာဏ်မင်းမောင်မောင်၏ ထွက်ဆိုချက်အရ  ပဲခူး PDF  အမည်ခံ  အကြမ်းဖက်အဖွဲ့ခေါင်းဆောင်   ဖမ်းဆီးရန်ကျန်တရားခံ ငရဲ(ခ)ရဲထွဋ်လှိုင် မှ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် တစ်လလျှင် နှစ်သိန်းကျပ်၊ ဖမ်းဆီးရန်ကျန်တရားခံ အောင်သပြေက တစ်လလျှင် လေးသိန်းကျပ် ထောက်ပံ့ပေးကြောင်း၊  အဆိုပါရရှိသည့် ငွေကြေးများကို   ဖိုးခွား (ခ) ဉာဏ်မင်းမောင်မောင်၊   မောင်သက်၊ ငစော(ခ) မျိုးမြတ်မင်းစော နှင့် သူရိန်အောင်(ခ)အောင်သူ တို့မှ ခွဲဝေ ယူကြသည့်အပြင် လက်လုပ်မိုင်းများ ပြုလုပ်ရာတွင် အသုံးပြုခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။    
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား  ဥပဒေအရ    ထိရောက် စွာ   အရေးယူနိုင်ရေး  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း  ကာကွယ်တိုက်ဖျက်ကြရန်နှင့်  ဆက်စပ်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူ များအား   ထိုက်တန်စွာ   လျှို့ဝှက်၍    ဆုငွေများချီးမြှင့်ပေးလျက်ရှိ ကြောင်းနှင့်   မြို့ရွာများအမြန်ဆုံး   အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာ ရပ်ခံထားကြောင်း သိရသည်။                           
 

သတင်းစဉ်