ပအိုဝ်းတိုင်းရင်းသားများ ငြိမ်းချမ်းရေးအသီးအပွင့်ကို ရရှိခံစားနေကြသည်မှာ ကြည်နူးဝမ်းမြောက်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံမှ
 (၇၁)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ 
ပေးပို့သော သဝဏ်လွှာ
(၂၀၂၀ ပြည့်နှစ် မတ်လ ၈ ရက်) 
(၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်နေ့)
 
မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ ခရစ်သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၈ ရက်နေ့တွင်  ကျရောက်သော (၇၁) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်   မင်္ဂလာအခါသမယတွင်   ကျွန်မတို့ ပြည်ထောင်စုသားချင်း၊ ပအိုဝ်းတိုင်းရင်းသား  ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်ရောစိတ်ပါ နှစ်ဖြာသောသုခဖြင့် ပြည့်ဝကြပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းပြီး နှုတ်ခွန်းဆက် မေတ္တာပို့သအပ်ပါသည်။ 
ပအိုဝ်းလူမျိုးများသည် ခေတ်အဆက်ဆက် ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်း ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့၍ အခြားတိုင်းရင်းသားများနှင့် အေးအတူပူအမျှ အတူတကွနေထိုင်ခဲ့ကြသော ပြည်ထောင်စုဖွားတိုင်းရင်းသား များ ဖြစ်ကြပါသည်။  ပအိုဝ်းလူမျိုးတို့၏ ထူးခြားလေးနက်သော သမိုင်းအစဉ် အလာကောင်းကို အလေးအမြတ်ထား၍ သူရိယစန္ဒာမင်းကြီး၏ မွေးနေ့၊ မွေးရက်ဖြစ်သည့် တပေါင်းလပြည့်နေ့အား   အစွဲပြုကာ   ပအိုဝ်းအမျိုးသားနေ့ အဖြစ် နှစ်ပေါင်းများစွာကတည်းကပင် သတ်မှတ်ကျင်းပခဲ့ကြောင်း သိရှိရပါ သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း   ကျင်းပခြင်းကို    ရေတွက်လျှင် (၇၁)ကြိမ်မြောက်ရှိပြီဖြစ်၍ ဂုဏ်ယူဝမ်းမြောက်မိပါသည်။
 
(၇၁) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို   ပြည်ထောင်စုကြီး ထာဝရ တည်တံ့ရေး၊  တိုင်းရင်းသားအားလုံး   ပြည်ထောင်စုစိတ်ဓာတ်မွေးမြူရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော                  ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ စစ်မှန်သော ထာဝရ ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ ပအိုဝ်းဒေသများ    ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊   ပအိုဝ်းအမျိုးသားစာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ဦးတည်ချက်များဖြင့် ကျင်းပပြုလုပ်သည့်အတွက် များစွာဂုဏ်ယူရပါသည်။ 
ပအိုဝ်းတိုင်းရင်းသားများသည်   လွတ်လပ်ရေးကြိုးပမ်းမှုတွင်လည်း မျိုးချစ်စိတ်ဓာတ်ထက်သန်စွာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တိုင်ဖြစ်သည့် ပင်လုံညီလာခံတွင် တက်ရောက်ဆွေးနွေးခဲ့ကြပြီး ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင်လည်း သထုံစော်ဘွားကိုယ်စားလှယ် ဦးဖြူသည်  ပအိုဝ်းတိုင်းရင်းသားများအား ကိုယ်စားပြု၍  ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ကြောင်းကို မြင်သိရပါသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ  ပူးတွဲပါလာသည့်   ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်း ရေးရရှိရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စသည် တို့တွင် တက်ကြွစွာပူးပေါင်းပါဝင်ကြသည့်အတွက် ပအိုဝ်းတိုင်းရင်းသားများ အားလုံးကို ကျေးဇူးတင်စွာ ဂုဏ်ပြုပါသည်။ 
 
ပအိုဝ်းတိုင်းရင်းသားများသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း များ၊ စာပေနှင့် အနုပညာများ ဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကိုအခြေခံသော စည်းလုံးညီညွတ်ရေး၊ အခြားသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ ချစ်ခင်လေးစားစွာ အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်ရေး စသည်တို့ကို ပအိုဝ်းအမျိုးသားရေးတာဝန်များအဖြစ် ချမှတ် ဆောင်ရွက်လျက်ရှိကြသည့်အတွက် များစွာဝမ်းမြောက်မိပါသည်။ 
 
ပအိုဝ်းတိုင်းရင်းသားများသည် ငြိမ်းချမ်းစွာနေထိုင်ရေးကို လိုလားကြသည့် နည်းတူ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများစသည့်  ငြိမ်းချမ်းရေးအသီးအပွင့်များ  ရရှိခံစားနေကြ သည်မှာ ကြည်နူးဝမ်းမြောက်ဖွယ်ဖြစ်ပါသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ (PNLO) သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ  လုပ်ငန်းစဉ်များ၊   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင်    တက်ကြွစွာပူးပေါင်းဆောင်ရွက်နေသည့်အတွက် လည်း ဂုဏ်ယူဝမ်းမြောက်မိပါသည်။
 
နိဂုံးချုပ်အနေဖြင့် ပအိုဝ်းတိုင်းရင်းသားသွေးချင်းများအားလုံး စီးပွားဥစ္စာ များ ဒီရေအလားတိုးတက်ချမ်းသာကြပြီး တစ်မူးရှိလျှင် တစ်ပဲလှူတတ်သော ကောင်းမြတ်သည့် အစဉ်အလာအပါအဝင် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း များကို အစဉ်အမြဲ ထိန်းသိမ်းနိုင်ကြပါစေ၊ အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသို့ ဦးတည်လျှောက်လှမ်းရာတွင်လည်း အခြားသော တိုင်းရင်း သား ညီအစ်ကို မောင်နှမများနှင့်အတူ လက်တွဲပြီး စုစည်းညီညွတ်စွာဖြင့် ဆက်လက်ပူးပေါင်းပါဝင်နိုင်ပါစေ၊     နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဟု အလေးအနက်ဆုမွန်တောင်းလျက် ဝမ်းမြောက်ဂုဏ်ယူစွာ သဝဏ်လွှာပေးပို့ အပ်ပါသည်။
 
အောင်ဆန်းစုကြည်