
နေပြည်တော် ဇွန် ၁၈
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ်အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
သို့ရာတွင် NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာ စေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံ အားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ် ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများကို ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများကို မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက် အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့်နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၇ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ အင်္ဂဘိုအခြေခံပညာအထက်တန်း ကျောင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်း သုံးထပ် စာသင်ဆောင်၏ နောက်ကျောဘက်၊ ကျောင်းဝင်း၏ အပြင်ဘက်တွင် လက်လုပ်အသံမိုင်း တစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲ မှုကြောင့် စာသင်ဆောင်၏ မျက်နှာကြက် နှစ်ချပ်နှင့် တံခါးမှန် နှစ်ချပ်တို့ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇွန် ၁၇ ရက် နံနက် ၇ နာရီခွဲတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိ မြို့နယ် ရွှေနံ့သာရပ်ကွက် နယ်မြေ(၁)ရှိ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ အဝင်ပေါက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က “အလက(ခွဲ)မှ ဆရာမ နှစ်ဦးအား လုံခြုံရေးသတိပေးခြင်း၊ ကျောင်းသား/သူ၊ မိဘများ နေရာရှင်းပြီး လွတ်လပ်စွာ နေပေးပါရန် မေတ္တာရပ်ခံပါသည်၊ ဦးတည်ရာ ဆရာမ နှစ်ဦးသို့၊ နေပြည်တော် PDF ကျားညီနောင်” ဟု ရေးသားထား သည့် ခြိမ်းခြောက်စာတစ်စောင်အား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရှင်းလင်း ခဲ့ကြောင်း သိရသည်။
အလားတူ ဇွန် ၁၇ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် ဧရာ၀တီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ပိုက်တန်းကျေးရွာရှိ ပိုက်တန်းအခြေခံပညာမူလတန်း ကျောင်းအဝင် ခြံစည်းရိုးသံတံခါးကြား၌ ခြိမ်းခြောက် စာတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်း၏ ခြံစည်းရိုးသံတံခါးကြားတွင် ညှပ်ထားသည့် ဗလာ စာရွက်ပေါ်တွင် “ကျောင်းဆရာ/ဆရာမတွေ တစ်ယောက်ချင်းစီ သတ်ပစ်မယ်၊ အခုကျောင်းကို ပိတ်ပစ်ပါ၊ မပိတ်ရင် ကျောင်းသားအားလုံးကို သတ်ပစ်မယ် PDF” ဟု စာသားများပါရှိသည့် ခြိမ်းခြောက်စာ တစ်စောင်အား တွေ့ရှိရသဖြင့် သိမ်းဆည်းရှင်းလင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာ ရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန် ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန် နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ ရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့ လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သိရသည်။
သတင်းစဉ်