ပေါင်းစည်းညီညွတ် မိတ်ဝတ်ရင်းခံ အာဆီယံ

Type

မောင်မျိုးအောင်(ပန်းဧရာ)

=============

 

စိတ်ဓာတ်ညီညွတ်သူတို့၏အကျင့်သည်  ချမ်းသာခြင်း၏အကြောင်းဖြစ်သည်ဟု  ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားတော်မူခဲ့သည်။ စည်းလုံးညီညွတ်မှုသည် လူသားတို့၏အသက်ဖြစ်သကဲ့သို့ လူသားအားလုံး၏ရတနာတစ်ပါးလည်းဖြစ်သည်။   ညီညွတ်မှုအင်အားဖြင့် အရာရာကိုအောင်မြင်နိုင်သကဲ့သို့ အခက်အခဲပေါင်းစုံကိုလည်း တွန်းလှန်နိုင်ပေသည်။ အတိတ်ကာလများတွင် လူသားများသည် အစုအစည်း၊ အသင်းအပင်းနှင့်နေထိုင်တတ်ပြီး   အရောင်အသွေး၊ ဘာသာစကား၊ ကိုးကွယ်မှု အယူဝါဒတူသူချင်းသာ ပေါင်းသင်းဆက်ဆံ စုစည်းနေထိုင် တတ်ကြသည်။ ခေတ်စနစ်ပြောင်းလဲလာမှုအရ  ယနေ့ကမ္ဘာတွင်  လူတစ်ဦးတစ်ယောက်တည်း၊ တစ်နိုင်ငံတည်း အထီးကျန်ရပ်တည်၍ မရနိုင်တော့သဖြင့် ပေါင်းသင်းဆက်ဆံမှုနယ်ပယ်ကျယ်ဝန်းလာပြီး ပထဝီနယ်ပယ်ဒေသအလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍစုံများအရ ဒေသအတွင်းနိုင်ငံများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ရည်ရွယ်ချက်တူညီသည့် နိုင်ငံများစုစည်းပြီး ခိုင်မာသောအစုအဖွဲ့ ဖွဲ့စည်း၍ မိတ်ဖွဲ့ပေါင်းသင်းဆက်ဆံနေထိုင်လျက်ရှိကြပေသည်။

 

အာဆီယံ(​ASEAN)အဖွဲ့အစည်း


ကမ္ဘာပေါ်ရှိနိုင်ငံ့ခေါင်းဆောင်များသည် နိုင်ငံ တွင်းမှသည် ဒေသတွင်း၊ ထိုမှသည် ကမ္ဘာတစ်ဝန်း တည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေးသို့ လျှောက်လှမ်း ပုံဖော်နိုင်ရန် ဒေသအတွင်း နိုင်ငံများအချင်းချင်း၊ မိတ်ဖက်နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက် နိုင်ရေး၊ အပြန်အလှန်အကူအညီပေးနိုင်ရေးတို့ အတွက်  အသင်းအဖွဲ့မျိုးစုံ  တည်ထောင်လာခဲ့ကြသည်။ အသင်းအဖွဲ့ဟုခေါ်ရာတွင်လည်း နယ်မြေဒေသကို အခြေခံ၍ ဖွဲ့စည်းမှုတူညီသည့် နိုင်ငံရေး၊ စစ်ရေး ရည်ရွယ်ချက်ကို အခြေခံ၍ဖွဲ့စည်းမှု၊ စီးပွားရေးအရ ဖွဲ့စည်းမှု၊ ဘာသာရေးအရအခြေခံဖွဲ့စည်းမှု အစ ရှိသည့်ဖွဲ့စည်းမှု ပုံသဏ္ဌာန်များကွဲပြား၍ ဖွဲ့စည်း ထူထောင်ခဲ့ကြပါသည်။ ထိုအထဲတွင် အာရှတိုက်၏ အရှေ့တောင်ပိုင်းရှိ မတူကွဲပြားသည့်အဖွဲ့ဝင်နိုင်ငံများ တစ်နည်းဆိုရသော်“အင်ဒိုချိုင်းနားကျွန်းဆွယ်” ပေါ်ရှိ နိုင်ငံများနှင့် ၎င်းတို့၏ ကမ်းလွန်ပင်လယ် ပြင်တွင်ရှိသော ကျွန်းစုနိုင်ငံများကို စုစည်းပူးပေါင်း ဖွဲ့စည်းထားသည့် အာဆီယံ(​ASEAN)အဖွဲ့အစည်း တစ်ခုသည်လည်း အပါအဝင်ဖြစ်သည်။ အာဆီယံ ဆိုသည်မှာ  အရှေ့တောင်အာရှနိုင်ငံများအသင်း (Association of South  East Asia Nations)ပင်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့ အစည်းတစ်ရပ်လည်းဖြစ်သည်။


အရှေ့တောင်အာရှနိုင်ငံများအသင်း(​ASEAN)ကြီး၏  အန္တိမရည်မှန်းချက်မှာ   တစုတစည်း တည်းသော  အရှေ့တောင်အာရှနိုင်ငံများအသင်းကို   ထူထောင်ရန်ဖြစ်သည်။  အရှေ့တောင်အာရှ ဒေသသည် ရှေးနှစ်ပေါင်းများစွာကပင်   မင်း နေပြည်တော်များ ထူထောင်၍ ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့်    နေထိုင်လာခဲ့ ကြသော်လည်း သမိုင်းကြောင်း၊  ယဉ်ကျေးမှု၊ ဘာသာအယူဝါဒ၊ လူမျိုးစု၊ ရိုးရာဓလေ့နှင့် ဘာသာ စကား စသည်ဖြင့်ကဏ္ဍများစွာတွင် တူညီမှုအချို့ရှိ သော်လည်း ကွဲပြားခြားနားမှုအရလည်း ရှိနေခဲ့ သောဒေသဖြစ်သည်။  အာဆီယံဒေသတွင်းဖြစ်သည့် အတွက် တူညီသောရာသီဥတု၊ သဘာဝပေါက်ပင်၊ တောတောင်၊ မြစ်ချောင်း  စသည့်ပထဝီအနေ အထားအခြေအနေများကြောင့်   ဆင်တူသော အသက်မွေးဝမ်းကျောင်းမှု၊ တူညီသော နေထိုင် စားသောက်မှုနှင့် နီးစပ်သောဝတ်စားဆင်ယင်မှု များလည်း ရှိနေခဲ့ကြသည်မှာ ပကတိအရှိတရားပင် ဖြစ်ပါသည်။ ၁၆ ရာစုခန့်မှစ၍ ဒတ်ချ်၊ ပေါ်တူဂီ၊ ပြင်သစ်၊  စပိန်၊  ဗြိတိန်နှင့်အမေရိကန် စသော အနောက်အုပ်စုနယ်ချဲ့များသည်  ကမ္ဘာ့အရှေ့ ခြမ်းနှင့် အနောက်ခြမ်းကို   ဆက်သွယ်ရာတွင် အဓိကလမ်းကြောင်းပေါ်၌ တည်ရှိနေသော အရှေ့တောင်အာရှဒေသသို့ရောက်ရှိလာပြီး နယ်ချဲ့အုပ်စိုး ခဲ့ကြရာ အရှေ့တောင်အာရှဒေသတွင် နိုင်ငံများ သည်ကွဲပြားခြားနားသော   ကိုလိုနီနယ်ချဲ့များ လက်အောက်သို့     ကျရောက်ခဲ့ကြသည်။ ထိုသို့ကွဲပြားသော ကိုလိုနီလက်အောက်ခံဘဝတွင် အရှေ့တောင်အာရှနိုင်ငံများသည် ကိုလိုနီနိုင်ငံများ ၏ လွှမ်းမိုးမှုများအရ  ယဉ်ကျေးမှု၊ ဘာသာရေး၊ နေထိုင်စားသောက်မှု၊ ဘာသာစကား၊ ပညာရေးစနစ် စသည်တို့၌ ထပ်မံကွဲပြားခဲ့ကြပြန်သည်။ နယ်ချဲ့ အသီးသီးတို့၏ ကွဲပြားသောလက်အောက်ခံနိုင်ငံများ အဖြစ် ရောက်ရှိခဲ့ရချိန်များဘဝတွင် အရှေ့တောင်အာရှနိုင်ငံများအချင်းချင်း အဆက်အဆံမရှိသလောက် နည်းပါးခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံများ လွတ်လပ်ရေးရလာကြ သည့်အခါတွင်လည်း ကိုလိုနီအမွေဆိုးများကြောင့် မိမိတို့ဒေသတွင်းနိုင်ငံများ၏ အရေးအကြောင်းထက်  ဥရောပနှင့် အမေရိက‌ဒေသရှိအကြောင်းအရာများ ကိုသာ ပိုမိုအကျွမ်းတဝင်ရှိခဲ့ကြသည်။ ထို့ကြောင့်ပင် အရှေ့တောင်အာရှဒေသမှ ခေါင်းဆောင်များသည် စစ်အေးတိုက်ပွဲကာလအတွင်း အားပြိုင်နိုင်ငံရေး အုပ်စုများအကြား ဘက်လိုက်ပါဝင်မှုမရှိဘဲ မိမိတို့ ဒေသအတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့တွင် ဖွံ့ဖြိုးတိုးတက်လာစေရန်  ပူးပေါင်းဆောင်ရွက် ကြိုးပမ်းမြှင့်တင်ခြင်းဖြင့် ဒေသတွင်းလုံခြုံမှုကိုပါ တည်ဆောက်ရန် ကြိုးပမ်းလာခဲ့ကြသည်။ 


ရာစုနှစ်ဝက်ကျော်(၅၄ နှစ်အတွင်း)သို့ ရောက်ရှိခဲ့


၁၉၆၇ ခုနှစ်သြဂုတ်လ ၈ ရက်တွင် ဗန်ကောက် မြို့၌ အာဆီယံကြေညာစာတမ်းအား  ထုတ်ပြန်၍ “တစုတစည်းတည်းသော   အရှေ့တောင်အာရှ ဒေသကို ထူထောင်ရန်”ဟူသော အန္တိမရည်မှန်းချက် ဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(​ASEAN)ကြီးကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ အသင်း ကြီးစတင် ဖွဲ့စည်းတည်ထောင်စဉ်က ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့်  စင်ကာပူနိုင်ငံတို့ဖြင့် ဖွဲ့စည်းခဲ့သည်။ ဒေသတွင်းနိုင်ငံများအချင်းချင်း၏ ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်နှင့်ငြိမ်းချမ်းသော၊ သာယာဝပြောသော၊  ညီညွတ်ပေါင်းစည်းသော အာဆီယံဒေသအဖြစ် တည်ဆောက်ရန် ရည်မှန်းချက် တို့ဖြင့် မွေးဖွားလာခဲ့သော အရှေ့တောင်အာရှနိုင်ငံများအသင်းကြီး (​ASEAN) ထူထောင်လာခဲ့သည်မှာ ယနေ့ဆိုလျှင်ရာစုနှစ်ဝက်ကျော်(၅၄ နှစ်အတွင်း)သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ အသင်းကြီး၏ရည်ရွယ် ချက်မှာ ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့်လူမှုရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင် ရွက်ရေးကို ပိုမိုမြှင့်တင်ရန်၊ ရည်ရွယ်ချက်နှင့်ရည်မှန်း ချက်ချင်း တူညီသည့်နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 


နယ်ပယ်အလိုက်၊ ကဏ္ဍအလိုက် ဖွဲ့စည်းပါဝင်


အရှေ့တောင်အာရှနိုင်ငံများ      အသင်းကြီး (​ASEAN)၏ အဖွဲ့အစည်းများတွင် အဖွဲ့ဝင်နိုင်ငံများ ၏ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် အစိုးရ အဖွဲ့အကြီးအကဲများ ပါဝင်သော အာဆီယံထိပ်သီး အစည်းအဝေး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သော အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသော အသိုက်အဝန်း သုံးရပ် ပါဝင်သည့် အာဆီယံအသိုက်အဝန်းကောင်စီများ၊ အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်း များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊  အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီ၊ အာဆီယံအမျိုးသားအဆင့် အတွင်းရေးမှူးရုံး၊ အာဆီယံလူ့အခွင့်အရေးဆိုင်ရာအဖွဲ့နှင့် အာဆီယံဖောင်ဒေးရှင်းစသည်ဖြင့် နယ်ပယ် အလိုက်၊ ကဏ္ဍအလိုက် ဖွဲ့စည်းပါဝင်လျက်ရှိသည်။
အာဆီယံ၏ လက်ရှိလှုပ်ရှားဆောင်ရွက်မှုများတွင်လည်း အဖွဲ့ဝင်နိုင်ငံများမှ ပြည်သူလူထုများ၏ ထောက်ခံချက်များကိုလည်းရရှိထားကာ အားလုံး ပါဝင်သည့် စည်းမျဉ်းကိုအခြေခံ၍ ပြည်သူကိုမျက်နှာ မူဗဟိုပြုသည့်တစ်ခုတည်းသော အသိုက်အဝန်း ဖြစ်လာစေရန် ဒေသတွင်းအသွင်ကူးပြောင်းမှုများတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရှိလာခဲ့ပြီ ဖြစ်သည်။ အာဆီယံအသင်းကြီးအနေဖြင့် ယခုကဲ့သို့ အောင်မြင်မှုရရှိလာပြီး နှစ်ပေါင်းများစွာတည်တံ့နေနိုင်ခြင်းမှာ အကြောင်းအရင်း အများအပြားပါဝင် သည်။ ၎င်းတို့မှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက် မှုမပြုခြင်း၊   အငြင်းပွားခြိမ်းခြောက်ခြင်းကို ရှောင်ကြဉ်ခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ အာဆီယံဆိုင်ရာ အစည်းအဝေးများမှ သဘော တူညီမှုရရှိပြီး စုပေါင်းအကောင်အထည်ဖော်ခြင်း စသည့် အကြောင်းအရင်းတို့ကြောင့်ဖြစ်သည်။ ထိုသို့ရည်ရွယ်ချက်များ မှန်ကန်ကောင်းမွန်ခြင်း၊ လုပ်ငန်းစဉ်များသည်လည်း လက်တွေ့ဘဝအား အကျိုးပြုခြင်း စသည်တို့ကြောင့် အာဆီယံအသင်း ကြီးအပေါ် ဒေသတွင်းနိုင်ငံသားများ၏ ယုံကြည် အားထားခြင်းကိုခံရလေသည်။ ထိုသို့အပြုသဘော ဆောင် တိုးတက်မှုစွမ်းဆောင်ရည်များကြောင့် ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၁၉၉၇ ခုနှစ်တွင် လာအိုနှင့် မြန်မာနိုင်ငံ၊ ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ တို့သည် အာဆီယံမိသားစုတွင် ပါဝင်ခဲ့ကြသည်။


အာဆီယံမိသားစုတွင် ပါဝင်ရန်ကြိုးစား 


မြန်မာနိုင်ငံမပါဝင်မီက အာဆီယံအသင်းကြီး တွင်အဖွဲ့ဝင်အဖြစ် ခုနစ်နိုင်ငံသာရှိခဲ့ရာ အရှေ့တောင် အာရှ ၁၀ နိုင်ငံလုံးမပါဝင်သရွေ့ အာဆီယံသည် ပြီးပြည့်စုံခြင်းမရှိသကဲ့သို့ အရှေ့တောင်အာရှ ဒေသတစ်ခုလုံးကိုလည်း အစစ်အမှန်ကိုယ်စားပြု နိုင်ခြင်းလည်း ရှိမည်မဟုတ်ပေ။ အာဆီယံစတင် ဖွဲ့စည်းစဉ်ကပင် မြန်မာနိုင်ငံအား အာဆီယံအဖွဲ့ဝင် ဖြစ်ရေးကို စတင်ဖွဲ့စည်းသူများက အလေးထား ကြိုးပမ်းခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့ပေါင်းများစွာ ရန်ကုန်သို့စေလွှတ်၍ဆွဲဆောင်ခဲ့ကြ၏။ ထိုအချိန် ကာလက ကမ္ဘာ့စစ်အေးတိုက်ပွဲ အရှိန်အဟုန် ပြင်းထန်လျက်ရှိပြီး ဗီယက်နမ်စစ်ပွဲ၏ရိုက်ခတ်မှု သည်  အထွတ်အထိပ်သို့  ရောက်ရှိနေချိန်ဖြစ်  သည်။     မြန်မာနိုင်ငံအနေဖြင့်   လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒ ကို တိကျစွာလိုက်နာကျင့်သုံးလျက်ရှိခြင်းကြောင့် အာဆီယံအဖွဲ့ဝင်ဖြစ်လာရန်အဆင်သင့်မဖြစ်နိုင် ခဲ့ပေ။ သို့သော် ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲ လာမှုနှင့်အတူ ဒေသအတွင်းချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစွာတည်ဆောက်နိုင်ရန် ရည်ရွယ်လျက် အာဆီယံမိသားစုတွင် ပါဝင်ရန်ကြိုးစားခဲ့သည်။


တပ်မတော်အစိုးရလက်ထက်တွင် မြန်မာ နိုင်ငံသည် ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌   ကျင်းပခဲ့သော (၂၇)ကြိမ် မြောက် ဝန်ကြီးအဆင့်အစည်းအဝေးတွင် အိမ်ရှင် ထိုင်းနိုင်ငံ၏ဧည့်သည်အဖြစ်တက်ရောက်ခဲ့ခြင်းဖြင့် အာဆီယံနှင့်ပထမဆုံးထိတွေ့မှုကိုစတင်ခဲ့သည်။ ၁၉၉၅ ခုနှစ်  ဇူလိုင်လတွင် ဘရူနိုင်း နိုင်ငံ၌ကျင်းပခဲ့သော(၂၈)ကြိမ်မြောက် ဝန်ကြီး အဆင့်အစည်းအဝေးတွင်လည်း ထိုင်းနိုင်ငံ၏ ဧည့်သည်အဖြစ်ထပ်မံတက်ရောက်ကာ ချစ်ကြည် ရေးနှင့်   ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

 

m စာမျက်နှာ ၆ မှ
၎င်းအပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့တွင် လေ့လာသူဖြစ်လိုကြောင်းကိုပါ   တစ်ပါတည်း လျှောက်ထားခဲ့သည်။ ထိုအခြေအနေများသည် မြန်မာနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက် ရေး ပထမခြေလှမ်းများပင် ဖြစ်သည်။


အာဆီယံတင်းပြည့်အဖွဲ့ဝင်အဖြစ်လက်ခံခဲ့


၁၉၉၆ ခုနှစ် ဇူလိုင်လတွင် အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့၌ ကျင်းပသော (၂၉)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးတွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့လေ့လာသူနိုင်ငံအဖြစ်     ပါဝင် တက်ရောက်ခဲ့ပြီး အစည်းအဝေးအပြီး၌ အာဆီယံ ဒေသဆိုင်ရာအစည်းအဝေးတွင် အဖွဲ့ဝင်ဖြစ်လာခဲ့ သည်။ ထိုသို့ အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံများ အားလုံးတညီတညွတ်တည်း ပူးပေါင်း ပါဝင်ရန် လမ်းစပွင့်လာသည့်အချိန်တွင် “မြန်မာ နိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်မခံသင့် ကြောင်း၊ မြန်မာနိုင်ငံစီးပွားရေးသည် အာဆီယံ စိတ်ကြိုက်ပုံစံလည်း မဟုတ်သေးကြောင်း” ဖြင့် အရှေ့တောင်အာရှဒေသအကျိုးကို    လိုလား သယောင်နှင့်   ဖျက်လိုဖျက်ဆီးဟစ်ကြွေးသူ ပြည်တွင်း၊ ပြည်ပ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့ လည်း ရှိခဲ့သည်။  သို့သော်လည်း  ၁၉၉၇  ခုနှစ်   ဇူလိုင်  ၁၀ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံ ဝန်ကြီးအဆင့် အထူးအစည်းအဝေးတွင် မြန်မာ နိုင်ငံနှင့် လာအိုနိုင်ငံတို့အား မူလသဘောတူထား သည့်အတိုင်း အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံရန် သဘောတူခဲ့ကြသည်။ ထို့ကြောင့် ၁၉၉၇ ခုနှစ် ဇူလိုင်  ၂၃ ရက်တွင် မလေးရှားနိုင်ငံ ဆူဗန်ဂျား ယားမြို့၌ ကျင်းပသော အာဆီယံအဖွဲ့ဝင်သစ်များလက်ခံသည့်အခမ်းအနားတွင် မြန်မာနိုင်ငံအား အာဆီယံတင်းပြည့်အဖွဲ့ဝင်အဖြစ်လက်ခံခဲ့သည်။ ထိုသို့မှန်ကန်သော ခြေလှမ်း၊ ခိုင်မာသောစိတ်ဓာတ် တို့ဖြင့် မြန်မာသည် အာဆီယံမိသားစုဝင်ဖြစ်လာ ခဲ့သည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့၌ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ   ၁၅ ရက်မှ ၁၆ ရက်အထိကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်အာဆီယံ ပုံမှန်ထိပ်သီးညီလာခံသို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ပထမ ဆုံးအကြိမ်  တက်ရောက်ခဲ့သည်။   မြန်မာနိုင်ငံ အနေဖြင့် ပထမဆုံးတက်ရောက်သည့် ထိပ်သီး ညီလာခံဖြစ်သော်လည်း ဒေသဆိုင်ရာအကျိုးစီးပွား နှင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို အခြေခံလျက် အာဆီယံအသင်းကြီး ပိုမိုထက်မြက် ထိရောက်စေ ရေးအတွက် တက်ကြွစွာပါဝင်လှုပ်ရှားဆွေးနွေး နိုင်ခဲ့သည်။    ဒေသတွင်းကြုံတွေ့နေရသော စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရန်နည်းလမ်းများ၊ မဟာဗျူဟာ နှင့် လုပ်ငန်းစဉ်များကိုလည်း အခြားအသင်းဝင် နိုင်ငံများနှင့်အတူ စုပေါင်းအဖြေရှာနိုင်ခဲ့သည်။ အထူးသဖြင့် ဒေသပြင်ပရှိ ဝေဖန်ရေးသမားများက အာဆီယံအသင်းကြီးနှင့် လုပ်နည်းလုပ်ဟန်များကို ပုတ်ခတ်တိုက်ခိုက်နေစဉ်    မြန်မာနိုင်ငံအနေဖြင့် စိတ်တူကိုယ်တူနိုင်ငံများနှင့်လက်တွဲပြီး အာဆီယံ အသင်းကြီး၏အခြေခံမူများ၊ အာဆီယံမိသားစု စိတ်ဓာတ်နှင့်နည်းစနစ်များကို   ထိရောက်စွာ ကာကွယ်နိုင်ခဲ့သည်။ ထိုအစည်းအဝေးမှသည် ဒေသ တွင်း နိုင်ငံ့ခေါင်းဆောင်များအကြား  ပုဂ္ဂိုလ်ရေး  ခင်မင်မှုကို တည်ဆောက်နိုင်သကဲ့သို့ ဒေသတွင်း နိုင်ငံအသီးသီး၏  ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရေးတို့ကိုလည်း     တည်ဆောက်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း    အာဆီယံသည်ဒေသတွင်း ပေါင်းစည်းရေး ကြိုးပမ်းနေသည့် အဖွဲ့အစည်းများ အနက် အောင်မြင်မှုအရှိဆုံး အဖွဲ့အစည်းတစ်ရပ်  အဖြစ် ကမ္ဘာ့နိုင်ငံများအကြား စံနမူနာထားလက်ခံ ရသည့် အဖွဲ့အစည်းကြီးအဖြစ်လည်း  ရပ်တည်နိုင်ခဲ့ ပေသည်။


အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်ကို
ထမ်းဆောင်နိုင်ခဲ့
အာဆီယံသည် နိုင်ငံရေးအရ စည်းလုံးညီညွတ် မှု၊ စီးပွားရေးအရ ပေါင်းစည်းနိုင်မှု၊  လူမှုရေးအရ တာဝန်ယူတတ်မှုများကိုဆောင်ရွက်ရန် မျှော်မှန်း ချက်ထား  ဆောင်ရွက်လျက်ရှိပေသည်။   ၁၉၉၇ ခုနှစ်တွင်    အာဆီယံအဖွဲ့ဝင်ဖြစ်လာခဲ့သည့် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၁၇ နှစ်ကြာပြီးနောက် သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်သည့် အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်ကို ၂၀၁၄ ခုနှစ်တွင် အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့စဉ် (၂၃)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးကြီးနှစ်ခုအပါအဝင်  နိုင်ငံတော်အကြီးအကဲအဆင့်အစည်းအဝေးပေါင်း ၁၂ ခု၊ ဝန်ကြီးအဆင့်အစည်းအဝေးပေါင်း ၃၄ ခု၊ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့် လုပ်ငန်းအဖွဲ့ အစည်းအဝေးပေါင်း ၈၉ ခု စုစုပေါင်းအစည်းအဝေး ၁၃၅ ခုအား အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာကျင်းပ နိုင်ခဲ့ပြီး အာဆီယံနိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၏ တူညီသောဆန္ဒဖြင့် ၂၀၁၅ ခုနှစ်အလွန် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ နေပြည်တော်ကြေညာချက်အပါအဝင် ကြေညာချက် ၃၄ ချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။


မြန်မာနိုင်ငံသည်   အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီးနောက်  အာဆီယံကချမှတ်ခဲ့သည့် စံနှုန်းများ၊ စည်းမျဉ်းများကိုလိုက်နာဆောင်ရွက်ခဲ့သည့် တက်ကြွသည့်   နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ အာဆီယံအဖွဲ့ကြီးသည်လည်း မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးခက်ခဲနေချိန်များတွင် အတူတကွ ရပ်တည်ပေးခဲ့သည့်နည်းတူ  တိုးတက်ပြောင်းလဲ လာသည့်  မြန်မာနိုင်ငံအခြေအနေများကိုလည်း ဝမ်းပန်းတသာ ကြိုဆိုနေလျက်ရှိသည့်အဖွဲ့အစည်း တစ်ခုပင်ဖြစ်သည်။ အာဆီယံဒေသအတွင်း ချစ်ကြည် ရင်းနှီးမှုတိုးတက်မြင့်မားလာခြင်းသည် ဒေသတွင်း ခေါင်းဆောင်များ၏ စစ်မှန်သော အားထုတ်ကြိုးပမ်း မှု၏ရလဒ်များပင်ဖြစ်သည်။    အာဆီယံသည် အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုနှင့်  ကြီးစိုးမှုများ စိမ့်ဝင်ပျံ့နှံ့မလာစေရေးအတွက်   ဒေသအတွင်း   နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို    ထိန်းသိမ်း ကာကွယ်ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံ အချင်းချင်း ဖြစ်ပေါ်လာသောသဘောထားကွဲလွဲမှု များကို ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းပေးလျက်ရှိသည့် အဘက်ဘက်မှတိုးတက်လျက်ရှိသော အဖွဲ့ကြီးအဖြစ် ရပ်တည်လျက်ရှိသည်။ 


အင်ဒိုပစိဖိတ်ဒေသတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်


အရှေ့အာရှနှင့် တောင်အာရှကမ်းရိုးတန်းဒေသ များနှင့် တစ်ဆက်တည်း ကမ်းလွန်ပင်လယ်ပြင်များ အပါအဝင် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကြီး နှစ်ခုကို   ပထဝီနိုင်ငံရေးဒေသကြီးတစ်ခုအဖြစ် ပေါင်းစည်းစဉ်းစားသည့်  ထိပ်တန်းအရေးပါသော အင်ဒိုပစိဖိတ်ဒေသတွင်လည်း အာဆီယံအသင်းကြီး ၏အချက်အချာကျမှုသည်  အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အာဆီယံဗဟိုချက်ဖြစ်မှုကို ထိန်းသိမ်းခြင်းသည် အာဆီယံအားအောင်မြင်သော ဒေသတွင်း   အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန်နှင့် နိုင်ငံတကာနယ်ပယ်တွင်ဝင်ဆံ့မှုရှိနေစေရန်အတွက်  အရေးပါ လှသည်။ အာဆီယံဗဟိုချက်ဖြစ်မှုမှတစ်ဆင့် စည်းမျဉ်းများကိုအခြေခံသော  ဒေသတွင်းတည်ငြိမ် မှုကိုမြှင့်တင်ပြီး နိုင်ငံများအကြား ပဋိပက္ခဖြစ်မှု အလားအလာများကို လျော့နည်းစေရန် ဆောင်ရွက် ရမည်ဖြစ်သည်။ ဆန်းသစ်လာသောဒေသအတွင်း ပထဝီနိုင်ငံရေးအားပြိုင်မှု  အခင်းအကျင်းတွင် အာဆီယံ၏စည်းလုံးညီညွတ်မှုနှင့်   အာဆီယံ လည်ပတ်မှုပုံစံများအပေါ်  ဝေဖန်မှုများနှင့်စိုးရိမ် ပူပန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။ 


အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကြုံတွေ့ ရသော လူမှုရေး၊ စီးပွားရေးနှင့်  နိုင်ငံရေးဆိုင်ရာ  စိန်ခေါ်မှုများ ကွဲပြားခြားနားသည့်အလျောက် အကျိုး စီးပွားနှင့်  ဦးစားပေးဆောင်ရွက်မှုအခန်းကဏ္ဍ လည်း ကွဲပြားလျက်ရှိသည်။ အဖွဲ့ဝင်နိုင်ငံအသီးသီး သည် ပြည်တွင်းရေးရာကိစ္စများကိုသာ အလေးထား ဖြေရှင်းရန် လိုလားမှုသည် အာဆီယံအသင်းကြီး၏ ဗဟိုချက်ဖြစ်မှုအပေါ်    ကြီးမားသောအကျိုး သက်ရောက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်   ဧပြီ  ၂၄ ရက်တွင်   အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ကျင်းပသော အာဆီယံနိုင်ငံ့ခေါင်း ဆောင်များအစည်းအဝေးသို့        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ခဲ့ပြီး အစည်းအဝေး တွင် ၂၀၂၅ ခုနှစ်အလွန် ကမ္ဘာ့အသိုက်အဝန်းအတွင်း ၌ အာဆီယံအသိုက်အဝန်းအနေဖြင့်    စုစည်း ညီညွတ်မှုရှိပြီး စစ်မှန်သည့် စုပေါင်းအင်အားစု ဖြစ်စေရေး    ပိုမိုကြိုးပမ်းအားထုတ်ရမည်ဖြစ် ကြောင်း၊   ယနေ့ခေတ်တွင်    ပထဝီနိုင်ငံရေး ပြောင်းလဲလာခြင်း၊ အယူဝါဒ ကွဲပြားလာခြင်းနှင့် မဟာမိတ်နိုင်ငံသစ်များဖွဲ့စည်းလာခြင်း   စသည့် ကမ္ဘာ့ဇာတ်ခုံအပေါ်   နိုင်ငံရေးအခင်းအကျင်း စိန်ခေါ်မှုအသစ်များကို     ရင်ဆိုင်နေကြရသော ကြောင့် အာဆီယံအဖွဲ့ကြီးအနေဖြင့်  စည်းလုံး ညီညွတ်မှု၊ အပြန်အလှန်ယုံကြည်လေးစားမှုတို့ဖြင့် ရင်ဆိုင်ကျော်လွှားသွားရမည်    ဖြစ်ကြောင်း၊ အာဆီယံ၏    အဓိကအခြေခံမူများဖြစ်သည့် တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှု၊ နိုင်ငံ တစ်နိုင်ငံ၏ပြည်တွင်းရေးကို  ဝင်ရောက်မစွက် ဖက်မှုနှင့် အာဆီယံ၏ဆောင်ပုဒ်ဖြစ်သည့် “မျှဝေခြင်းနှင့်စောင့်ရှောက်ခြင်း” အပြင် အာဆီယံက ကျင့်သုံးလျက်ရှိသည့် “တူညီဆန္ဒ” ဖြင့် ဆုံးဖြတ် ချက်ချခြင်းနည်းလမ်းတို့ကို ဆက်လက်ထိန်းသိမ်း ထားရမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့်    ပူးပေါင်းဆောင်ရွက်ရေး စာချုပ်(TAC)ပါ အခြေခံမူများနှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ် ကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိသည်ကို အာဆီယံနိုင်ငံ များသို့ အသိပေးလိုကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့ကြောင့် အာဆီယံ အသင်းကြီးသည် ရရှိပြီးသောအောင်မြင်မှုများကို အစဉ်တစိုက် ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန် အတွက် အာဆီယံဗဟိုချက်ဖြစ်မှုကို ပိုမိုခိုင်မာ အားကောင်းစေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အားထုတ်ကြိုးပမ်းရမည်သာဖြစ်ပါသည်။


ကမ္ဘာ့အလယ်တွင် 
တောက်ပလျက်ရှိ


ယနေ့ကမ္ဘာကြီး၏ နေရာဒေသအသီးသီးတွင် ပဋိပက္ခမျိုးစုံ ပေါ်ပေါက်လျက်ရှိနေသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ညီညွတ်မှုစွမ်းအား၊ ပေါင်းစည်းမှု စွမ်းအင်တို့ကြောင့် ဒေသတွင်းတည် ငြိမ်မှုရလဒ်ကို ကမ္ဘာသို့ပြသလျက်ရှိနေသကဲ့သို့ တည်ငြိမ်မှု၊ အေးချမ်းသာယာမှု၊ စည်းလုံးညီညွတ်မှု၊ စွမ်းရည်ထက်မြက်မှု၊   သန့်ရှင်းစင်ကြယ်မှု၊ သာယာဝပြောမှုနှင့် ခိုင်မြဲစွာလက်တွဲဆောင်ရွက် သွားမည်ဆိုသည့် မျှော်မှန်းချက်တို့ကို ဖော်ညွှန်း ပြသထားသော အပြာရောင်အောက်ခံ၊ အဖြူရောင် စက်ဝိုင်းအတွင်းရှိ အနီရောင်နောက်ခံပါ အဝါရောင် စပါးနှံအစည်း သင်္ကေတဖြင့် အာဆီယံကိုယ်စားပြု အလံသည်လည်း ကမ္ဘာ့အလယ်တွင် တောက်ပ လျက်ရှိနေပေသည်။ အနာဂတ်တွင်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏စည်းလုံးညီညွတ်မှုကိုပြသပြီး ခင်မင်ရင်းနှီးမှုဖြင့် ခိုင်မြဲစွာလက်တွဲဆောင်ရွက် သွားမည်ဆိုပါက ဒေသတွင်း တည်ငြိမ်အေးချမ်းကာ ဖွံ့ဖြိုးသာယာဝေစည်မှာ   မလွဲဧကန်ပင်ဖြစ်ပေ သည်။          ။