
ဖားကန့် ဇူလိုင် ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် အထက်ဘက်မှ မိုးများအဆက်မပြတ် ရွာသွန်းမှု ကြောင့် ဥရုချောင်းရေမြင့်တက်လာပြီး အနိမ့်ပိုင်း ရပ်ကွက်များနှင့် ကျေးရွာများတွင် ဇူလိုင် ၁ ရက် ညနေပိုင်းမှစတင်၍ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဖားကန့်မြို့နယ်၌ မိုးရွာသွန်းမှုကြောင့် ဥရု ချောင်းရေအခြေအနေမှာ မရှီကထောင်ကြိုးတံတား နှင့် ထိစပ်လျက်ရှိပြီး မိုးရွာသွန်းမှုကြောင့် မြို့မ ရပ်ကွက်အနိမ့်ပိုင်းတွင် လေးပေခန့်၊ ငှက်ပျောတော ရပ်ကွက်အနိမ့်ပိုင်းတွင် လေးပေခန့် ရေဝင်ရောက် လျက်ရှိပြီး လုံးခင်းကျေးရွာအုပ်စု ကံဆီးကျေးရွာရှိ ဥရုချောင်းစိုးရိမ်ရေအမှတ်သည် ကိုးပေဖြစ်ပြီး လက်ရှိ တွင် စိုးရိမ်ရေအမှတ်ထက် သုံးပေခန့် ကျော်လွန် ရောက်ရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဝင်ရောက်လာမှုကြောင့် အထက (လုံးခင်း)၊ အထက ခွဲ (ကံဆီး)၊ အထကခွဲ (နမ့်မဖြစ်)၊ မူလွန်(ဆိုင်းရာရွာသစ်)၊ အမက (နန့်စန်း-၂ )၊ အမက (နန့်စန်း-၃)၊ အမက (မှော်ရှန်ရွာသစ်)နှင့် အမက (ကံဆီးဟော)စသည့် စာသင်ကျောင်းများ ယာယီပိတ် ထားပြီး ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူဇွပ်ကျေးရွာရှိ အထက(ရှဒူဇွပ်) ကျောင်းဝင်းအတွင်းသို့လည်း လေးပေခန့် ဝင်ရောက်လာသဖြင့် ယာယီပိတ်ထား လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရ သည်။
မြို့မရပ်ကွက်အနိမ့်ပိုင်းနေရာများရှိ အိမ်ခြေ ၇၀ ခန့်နှင့် အေးမြသာယာရပ်ကွက် အနိမ့်ပိုင်းနေရာများရှိ အိမ်ခြေ ၄၁ အိမ်ခန့်တွင် ဥရုချောင်းရေဝင်ရောက် လျက်ရှိပြီး ရပ်ကွက်(၄)ရပ်ကွက်ရှိ အိမ်ခြေစုစုပေါင်း ၃၈၆ အိမ်တို့တွင် ဥရုချောင်းရေဝင်ရောက်လျက်ရှိရာ လူဦးရေစုစုပေါင်း ၂၂၅၈ ဦး ရေဘေးသင့်လျက်ရှိသဖြင့် အဆိုပါ ရေဘေးသင့်ပြည်သူများအား ဖားကန့်မြို့ မြို့မရပ်ကွက်ရှိ မဏိဇေယျုံ ပရိယတ္တိစာသင်တိုက် တွင် ခေတ္တရွှေ့ပြောင်းထားရှိကြောင်း သိရသည်။
ထို့အတူ ဥရုချောင်းရေ မြင့်တက်မှုကြောင့် လုံးခင်းကျေးရွာအုပ်စု လုံးခင်းရပ်ကွက်များနှင့် နန့်စန်း (၂) ကျေးရွာများသို့ ချောင်းရေဝင်ရောက်သဖြင့် မြေနိမ့်ပိုင်းနေ ပြည်သူများအား လုံးခင်းရပ်ကွက် အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက၎င်းတို့နှင့် နီးစပ်ရာမိဘ/ဆွေမျိုးများ၏ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးကျောင်း များသို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)