ဖြေလျှော့ပေးသော်ငြား ပေါ့လျော့၍မရပါ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

ကမ္ဘာ့သမိုင်းတွင် ပထမဆုံးအဖြစ် တက်သုတ်ရိုက်ရှာဖွေစမ်းသပ် ဖော်ထုတ်လိုက်ရသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများအဖြစ်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအချို့ ပေါ်ထွက်လာပြီဖြစ်သည်။ ကာကွယ်ဆေး၏အာနိသင်များနှင့်စပ်လျဉ်း၍ အာမခံနိုင်ရန်အတွက် ပြည့်စုံလုံလောက်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရန် အချိန်ပြည့် သည်အထိ မစောင့်နိုင်ဘဲ ထုတ်လုပ်လိုက်ရသည့်ကာကွယ်ဆေး များကိုပင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က မြန်နိုင်သမျှမြန်မြန်ရဖို့အရေး လုံးပန်းနေကြရပြန်သည်။

မည်သို့ပင်ဆိုစေ ကာကွယ်ဆေးများ စတင်ပေါ်ထွက်လာခြင်းက ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် မျှော်လင့် ချက်များကို ပိုမိုရှင်သန်ခိုင်မာစေသည်။ နှစ်ပေါက်နေပြီဖြစ်သည့် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို နောက်ထပ်အချိန်ကာလအတိုင်းအတာ တစ်ခုတွင် ထိန်းချုပ်သွားနိုင်ပြီး ပုံမှန်နေထိုင်မှုပုံစံများအတိုင်း ပြန်လည်နေထိုင်သွားနိုင်ရန် မျှော်လင့်၍ရပြီ။ အချိန်ကာလ အတိုင်း အတာဟုဆိုရာတွင် လူသားအားလုံးကို ဗိုင်းရပ်စ်ကာကွယ်ဆေးဖြင့် လွှမ်းခြုံပေးနိုင်သည့် အခြေအနေသို့ ရောက်ရှိမှသာဖြစ်နိုင်မည် ဖြစ်ရာ ကာကွယ်ဆေးထိုးသည့် အစိတ်အပိုင်းများက ထိုးနေကြ သလို ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုကလည်း ရှိနေဦးမည်ဖြစ်ပြီး နယူး နော်မယ် အနေအထားဖြင့် တန်းမဖြုတ်သေးဘဲ ဆက်လက်နေကြ ရဦးမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့်မူ ကိုဗစ်ကာကွယ်ဆေးရရှိရေးအတွက် ဆောင်ရွက်ဖွယ်ရာရှိသည်များအားလုံးကို ဆောင်ရွက်ပြီးဖြစ်သည်။ ကာကွယ်ဆေးများ လုံလုံလောက်လောက်ရရှိရေး၊ သိုလှောင်ရေး၊ ဖြန့်ဖြူးရေး၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးနှံရေးတို့ကို မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိအောင် ဆောင်ရွက်သွားရန် အစီ အစဉ်များ ပြုလုပ်ထားပြီးဖြစ်သည်။ ကာကွယ်ဆေး မထိုးနိုင်သေးမီ အချိန်အခိုက်အတန့်တစ်ခုအတွင်း ရောဂါကူးစက်ပျံ့နှံ့မှု အရှိန် ပိုမိုမြင့်မားမသွားစေရန်အတွက် ပြည်သူတစ်ဦးချင်းစီက မိမိ ကိုယ်ကိုယ် ကပ်ရောဂါကူးစက်မှုအန္တရာယ်မှ ကာကွယ်ထားနိုင်ကြ ရန် လိုသည်။ မမေ့မလျော့ မပေါ့မဆဘဲ မိမိကိုယ်ကိုယ်ကာကွယ်နေကြခြင်းသည် မိမိပတ်ဝန်းကျင်နှင့် မိမိ မိသားစုကိုပါ ကာကွယ် ပေးရာလည်း ရောက်သည်။ နိုင်ငံတော်ကို ဝန်ထုပ် ဝန်ပိုးလျှော့ပေးရာ ရောက်သလို ရောဂါအတွက် သုံးစွဲရသည့် နိုင်ငံ၏အရင်းအမြစ်များ ကိုလည်း လျော့ပါးသက်သာစေသည်။

ကိုဗစ်-၁၉ သည် ကမ္ဘာတစ်ဝန်းမှာလည်း ကူးစက်ပျံ့နှံ့မှု အရှိန် အဟုန်ကောင်းနေဆဲ။ အချို့နိုင်ငံများတွင် ဖြေလျှော့ပေးမှုများ ပြန်လည်ကန့်သတ်တင်းကျပ်ကြသည့် သတင်းများ တွေ့မြင်ဖတ်ရှု ရသည်။ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အတားအဆီး အကန့်အသတ်များကို ဖြေလျှော့မှုပေးလိုက်သည်နှင့် သတိ လက်လွတ်သူတို့ကြောင့် ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်မားလာ သည့်အခါ အတားအဆီး၊ အကန့်အသတ်များ ပြန်လည်တင်းကျပ် ချမှတ်ကြရခြင်းဖြစ်သည်။ ယခုအခါ မိမိတို့နိုင်ငံတွင်လည်း ဖြေလျှော့ မှုများ ပြုလုပ်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိနေပြီဖြစ်သည်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခွင့် ပြုရန်၊ စက်ရုံ အလုပ်ရုံများ လည်ပတ်ခွင့်ပြုရန်၊ လေကြောင်းလိုင်း များ ပြန်လည်ပြေးဆွဲရန် စသည်စသည်တို့ကို နယူးနော်မယ်ဘောင် အတွင်းမှ ပြန်လည်ခွင့်ပြုသွားနိုင်ရေးအတွက် အစီအမံများပြုလုပ် နေသည်။ ပြည်သူတစ်ဦးချင်းအနေဖြင့်မူ မလိုအပ်ဘဲ အိမ်ပြင် မထွက်ရေး၊ အိမ်ပြင်ထွက်တိုင်း ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ ခပ်ခွာခွာဆက်ဆံနေထိုင်ရေး၊ မကြာခဏလက်ကို စနစ်ကျစွာ ဆေးကြောရေးဟူသော အရိုးရှင်းဆုံး နည်းလမ်းလေးများဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရေးကို မမေ့မလျော့၊ မပေါ့ဆကြရန်ဟူ၍သာ တိုက်တွန်းနှိုးဆော်အပ် ပါကြောင်း။ ။