ဖိလစ်ပိုင်နိုင်ငံက ကာကွယ်ဆေးအပိုထပ်ဆောင်းထိုးနှံရန် Sinovac ကာကွယ်ဆေးကို အတည်ပြု

မနီလာ  နိုဝင်ဘာ  ၁၇ 


ဖိလစ်ပိုင်  အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဌာနက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံမှုအစီအစဉ်တွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  Sinovac  နှင့် အခြားသော  ဆေးသုံးမျိုးတို့ကိုသုံးစွဲရန်   ယနေ့အတည်ပြုကြောင်း သိရသည်။ 


နိုင်ငံ၏  ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ AstraZeneca နှင့် Sputnik Light  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတို့ကို အရေးပေါ်သုံးစွဲရန်     အတည်ပြုခဲ့ပြီးဖြစ်သည်။ သို့သော် အဆိုပါကာကွယ်ဆေးများကို ဒုတိယအကြိမ် ထိုးနှံမှုခံယူပြီးနောက်    ခြောက်လအကြာတွင် မည်သည့်ကိုဗစ်-၁၉    ရောဂါကာကွယ်ဆေး အမျိုးအစားကိုမဆို  အပိုထပ်ဆောင်း  ထိုးနှံမှုခံယူ နိုင်မည်ဖြစ်သည်။ 
နိုင်ငံ၏ ကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံမှု အစီအစဉ်တွင် ကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးနှံ မှုခံယူထားသည့်   ကျန်းမာရေးဝန်ထမ်းများသည် နိုဝင်ဘာ ၁၇  ရက်မှစပြီး  ကာကွယ်ဆေး အပို ထပ်ဆောင်း ထိုးနှံမှုခံယူနိုင်ပြီဖြစ်သည်။    ထို့ပြင် နာတာရှည်ရောဂါဝေဒနာ     ခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများသည်လည်း ကာကွယ်ဆေးအပို ထပ်ဆောင်း ထိုးနှံမှုခံယူနိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ 


လက်ရှိအချိန်အထိ ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၁၂၅ သန်းနီးပါးကို ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီများမှ လက်ခံရရှိပြီး ဖြစ်သည်။ 
ဖိလစ်ပိုင်နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် ကို မတ် ၁ ရက်တွင်စတင်ခဲ့ပြီး ကာကွယ်ဆေး အဓိက ထောက်ပံ့ပေးသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။ 
လက်ရှိအချိန်အထိ ကာကွယ်ဆေးအလုံးရေ ၇၁ သန်းနီးပါး ထိုးနှံပေးပြီးဖြစ်သည်။ ပြည်သူ ၃၁ ဒသမ ၈ သန်းကျော်သည် ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံမှုခံယူပြီး ဖြစ်သည်။ 


ဖိလစ်ပိုင်အစိုးရက ပြည်သူ သန်း ၁၁၀ ရှိသည့် အနက် ၇၀ ရာခိုင်နှုန်းအား ယခုနှစ်အတွင်း ကာကွယ် ဆေး အပြည့်အဝထိုးနှံပေးနိုင်ရန် စီစဉ်ထားသည်။ 
ဖိလစ်ပိုင်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂ ဒသမ ၈၂  သန်းနီးပါးရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၄၅၈၀၈ ဦးရှိကြောင်း သိရသည်။ 


ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်