
မနီလာ သြဂုတ် ၂၉
ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သောတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၅၂၈ ဦးထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံ အတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၉၅၄၀၂၃ ဦး ရှိလာ ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၀၁ ဦးထပ်မံ သေဆုံးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၃၃၁၀၉ ဦး ရှိပြီဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၌ သြဂုတ် ၁ ရက်မှစပြီး နေ့စဉ်ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် ၁၂၅၀၀ ကျော်ရှိသည်။ သြဂုတ် ၂၈ ရက်က ရောဂါတွေ့ရှိသူအရေအတွက်သည် ၁၉၄၄၁ ဦးရှိပြီး နေ့စဉ်ကူးစက်မှုအရေအတွက် စံချိန်တင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံအတွင်း၌ ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လျက်ရှိသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၁၆ ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ အဆိုပါဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၇၈၉ ဦးရှိလာပြီဖြစ်သည်။
သြဂုတ် ၂၆ ရက်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၃၂ သန်းကို ထိုးနှံပေးပြီးဖြစ်ပြီး ပြည်သူ ၁၃ ဒသမ ၅ သန်းသည် ကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးနှံမှုခံယူပြီးဖြစ် သည်။ ယခုနှစ်မကုန်မီ ပြည်သူ သန်း ၇၀ ခန့်အား ကာကွယ်ဆေး အပြည့်အဝထိုးနှံပေးရန် အစိုးရက ရည်ရွယ်ထားသည်။
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၇၉၂၂ ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အတွက် ဆေးရုံများမှ ပြန်လည် ဆင်းသွားခဲ့ရာ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၇၇၇၆၉၃ ဦး ရှိလာပြီဖြစ်သည်။
လူဦးရေ သန်း ၁၁၀ ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၌ ၁၇ သန်းကျော် ရောဂါရှိ၊ မရှိ စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အောင်ကျော်ကျော်