
မနီလာ နိုဝင်ဘာ ၅
ဖိလစ်ပိုင်နိုင်ငံ၌ နိုဝင်ဘာ ၅ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၃၇၆ ဦး တိုးလာပြီးနောက် နိုင်ငံအတွင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၇၉၇၉၈၆ ဦးအထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်း ထုတ်ပြန်ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၂၆၀ ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူပေါင်း ၄၄၀၈၅ ဦးအထိ ရှိလာခဲ့သည်။
မြို့တော်မနီလာတွင် ကိုဗစ်-၁၉ ကန့်သတ်ပိတ်ဆို့မှုဆိုင်ရာ စည်းမျဉ်းများ ထပ်မံဖြေလျှော့ပေးနေသောကြောင့် ပြည်သူလူထုကို သတိထားပြီး ဆက်လက် နေထိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနအကြီးအကဲ မာရီယာ ရိုဆာရီယို ဗာဂျီရီက တိုက်တွန်းထားသည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခြင်းကို လုံးဝတွန်းလှန်မဖယ်ရှား နိုင်သေးကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
လွန်ခဲ့သောနှစ် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစကာ ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လှိုင်းဂယက်သုံးကြိမ် ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။
နောက်ဆုံး ကိုဗစ်-၁၉ ရောဂါသည် စက်တင်ဘာလတွင် မြင့်တက်ခဲ့ပြီး စက်တင် ဘာ ၁၁ ရက် တစ်နေ့တည်း ကိုဗစ်-၁၉ ဖြင့် ကူးစက်သူ ၂၆၃၀၃ ဦးဖြင့် တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေသန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်-၁၉ စမ်းသပ် စစ်ဆေးပြီးသူပေါင်း ၂၁ ဒသမ ၅ သန်း ကျော်လွန်လာပြီဖြစ်သည်။
ဆင်ဟွာ