ဖိလစ်ပိုင်တိုင်ဖွန်းမုန်တိုင်းကြောင့် လူပေါင်း ၄၈၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ  

 

မနီလာ ဒီဇင်ဘာ  ၁၉


ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းသို့  အင်အားပြင်းထန်သည့်တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း ၄၈၀၀၀၀ ကျော်ကို  ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။ 

 


မုန်တိုင်းဒဏ်ကြောင့်   အပျက်အစီးများကာ ရေကြီးမှုများလည်းဖြစ်ပေါ်ခဲ့ကြောင်း   သိရသည်။   တိုင်းပြည်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် စီဘူးမြို့ကို တိုင်ဖွန်းမုန်တိုင်း  ‘ရိုင်’ ဝင်ရောက်ခဲ့ပြီးနောက်   လူ ၃၁ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု အမျိုးသားသဘာဝဘေးအေဂျင်စီက ပြောသည်။ စီရာကောင်းကျွန်း ကို  ကောင်းကင်မှရိုက်ကူးထားသည့်ပုံကို ဖိလစ်ပိုင်တပ်ဖွဲ့က  ထုတ်ဖော်ပြသခဲ့သည်။ 

 


အဆိုပါဓာတ်ပုံတွင် အပျက်အစီးများကိုမြင်တွေ့ရသည်။ ရေကြီးမှုကြောင့် နေအိမ်ပေါင်း ၃၇၀၀ မှာ ပျက်စီးခဲ့ရသည်။ မြို့နယ်ပေါင်း ၂၀ နီးပါးကို ဆက်သွယ်၍ မရသေးသဖြင့်  အပျက်အစီးများနှင့်သေဆုံးမှုစာရင်းမှာ  ပိုတိုးနိုင်သေးသည်ဟုလည်း သိရသည်။  

 


နေအိမ်များခေါင်မိုးပေါ်တွင်စောင့်ဆိုင်းကာ ကယ်ဆယ်မည့်သူကို မျှော်လင့်နေကြသည့် ပြည်သူများအား ကယ်တင်ရန်အတွက် ဖိလစ်ပိုင်တပ်ဖွဲ့သုံးလေယာဉ်ကိုစေလွှတ်ရန်လည်း အစိုးရက စီစဉ်ထားသည်ဟု သိရသည်။ 


အင်န်အိတ်ခ်ျကေ