ဖွံ့ဖြိုးတိုးတက်မှုဆောင်ကြဉ်းပေးမည့် နည်းပညာ အတတ်ပညာ ဖြန့်ဝေမှုများ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက နည်းပညာအခမဲ့သင်တန်းများ  မကြာမီဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တစ်ချိန်က အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြောင်းလဲ လာခဲ့သော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မှတ်ပုံတင်ခွင့်ပြုပေး ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးခြင်း၊ စက်မှု ထုတ်ကုန်သမဝါယမအသင်းများနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများအား နည်းပညာပေးခြင်း၊ ရက်ကန်းကျောင်းများနှင့် ယွန်းပညာကောလိပ်တို့ကို ကြီးကြပ်ကွပ်ကဲခြင်းတို့ ဆောင်ရွက် နေသည့်ဌာနတစ်ခု ဖြစ်သည်။

 


အခမဲ့သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းသည် ကိုဗစ်- ၁၉ အလွန်ကာလ အသေးစားစီးပွားရေးလုပ်ငန်းများ ပြန်လည် ထူထောင်နိုင်ရေး၊   နိုင်ငံတော်၏  စီးပွားရေးဖြစ်ထွန်းမှုအပေါ် အထောက်အကူဖြစ်စေရေး၊    ပြည်ပသွင်းကုန်အစားထိုးရေး၊ အိမ်တွင်းတစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး မိသားစု ဝင်ငွေတိုးရေး၊ မြို့ပြနှင့် ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးလာရေးတို့ကို ရည်ရွယ်ခြင်းဖြစ်ရာ ပြည်သူ များအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိကြပြီး နည်းပညာများ သင်ကြားရယူကာ တစ်ဦးချင်း အသက်မွေးဝမ်းကျောင်းပြုခြင်း၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ခြင်းဖြင့် ကောင်း သော ရည်ရွယ်ချက်များအတိုင်း အောင်မြင်နိုင်မည်ဖြစ်သည်။

 


သင်ကြားပေးမည့် သင်တန်းများတွင် တန်ဖိုးမြှင့် စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများ၊ လူသုံးကုန်ထုတ်လုပ်မှု  နည်းပညာသင်တန်းများ၊     အလှကုန်ထုတ်လုပ်မှု   နည်းပညာ သင်တန်းများ၊ ယွန်းလက်မှုထည် နည်းပညာသင်တန်းများ၊ ရက်ကန်းဆိုင်ရာ နည်းပညာသင်တန်းများ၊ သစ်ဝါးအခြေခံလက်မှု ထည် ထုတ်လုပ်သည့်နည်းပညာသင်တန်းများ၊ သံပန်းသံတံခါး ထုတ်လုပ်သည့် နည်းပညာသင်တန်း၊ စက်များ ပြုပြင်ထိန်းသိမ်း သည့် နည်းပညာသင်တန်း၊ အိမ်တွင်း လျှပ်စစ်သွယ်တန်းသည့် နည်းပညာသင်တန်းတို့ပါဝင်ပြီး    နည်းပညာသင်တန်းများ၏ အောက်တွင် နောက်ထပ်ခေါင်းစဉ်ကွဲများနှင့် သင်တန်းများပါရှိ သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများဟုဆိုရာတွင် မုန့်အမျိုးမျိုး ထုတ်လုပ်မှု၊  အဖျော်ယမကာ၊  ရေခဲမုန့်နှင့်   အအေးအမျိုးမျိုး ထုတ်လုပ်မှု၊ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုး၊ သီးနှံခြောက် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု၊ ဟင်းအရန်အမျိုးမျိုး ထုတ်လုပ်မှုဟူသော    နည်းပညာသင်တန်းများ    ပါရှိနေခြင်း ဖြစ်သည်။

 


သင်တန်းများ၏ ရည်ရွယ်ချက်တွင် အသေးစားစီးပွားရေး လုပ်ငန်းများ၊ အိမ်တွင်းတစ်နိုင်တစ်ပိုင်လုပ်ငန်းများ ထူထောင် လုပ်ကိုင်လာနိုင်စေရန်ပါရှိရာ လက်တွေ့တတ်မြောက်ပြီး လုပ်ငန်း စတင်လုပ်ကိုင်နိုင်သည်အထိ      လေ့ကျင့်သင်ကြားပေးခြင်း၊    လုပ်ငန်းစတင်လိုသူများ အရင်းအနှီးရရှိစေရန် သမဝါယမစနစ်ဖြင့် ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ပေးခြင်းတို့ကို အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက   ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အတွက် လုပ်ငန်းလုပ်လိုသူများက နည်းပညာများကို လည်းသင်ယူ၊ လုပ်ငန်းအောင်မြင်ရန်လည်း ကြိုးပမ်းထူထောင် သွားကြရမည်ဖြစ်သည်။

 


သင်တန်းကြေးအခမဲ့ဖြစ်သည့် ရက်တိုနည်းပညာသင်တန်း များမှာ   နိုင်ငံတော်က   ကောင်းသောရည်ရွယ်ချက်များဖြင့် ဆောင်ရွက်သည့် အစီအစဉ်များဖြစ်ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းများ ဒေသအသီးသီးတွင် ထူထောင်ပေါ်ပေါက်လာခြင်း အားဖြင့် ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ် သည်။ အတတ်ပညာ၊ နည်းပညာများ သင်ကြားတတ်မြောက်ခြင်း သည် မင်္ဂလာတရားနှင့်အညီဖြစ်ပြီး အောင်မြင်ကြီးပွားတိုးတက် ရေးအတွက် အဓိကကျသော လိုအပ်ချက်ဖြစ်သည့်အလျောက် တက်ရောက်ပညာရယူနိုင်ကြရေး    လူငယ်လူရွယ်များအား   တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။     ။