
ချမ်းမြေ့မောင်
မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်းတွင် တည်ရှိသည့် တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်ပေါများပြီး အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ အရှေ့ဘက်တွင် တနင်္သာရီတောင်တန်းတို့နှင့် ဆက်စပ်လျက်ရှိသောကြောင့် ကမ်းရိုးတန်းလွင်ပြင် ကျဉ်းမြောင်းသည်။
ရာသီမရွေးသွားလာနိုင်
တနင်္သာရီတိုင်းဒေသကြီး အတွင်း၌ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်း ခရိုင်တို့ ပါဝင်ပြီး မြို့ပေါင်း ၁၈ မြို့တည်ရှိ သည်။ ကျေးရွာ စုစုပေါင်း ၁၂၄၀ ရှိသည့် အနက် ဌာနစတင် ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ်တွင် ကျေးရွာ ၄၉၄ ရွာသည် ရာသီ မရွေးသွားလာနိုင်ပြီး ကျေးရွာ ၇၄၆ ရွာ သည် ခြောက်သွေ့ရာသီမှသာ သွားလာ နိုင်သည်။
ထိုကဲ့သို့သောအခြေအနေမှ ကျေးရွာ များအားလုံးကို ရာသီမရွေးသွားလာနိုင် သော ကျေးလက်လမ်းများ ဖြစ်ပေါ်လာ စေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာန တနင်္သာရီတိုင်းဒေသကြီး ကျေး လက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ၂၀၂၁ ခုနှစ်အထိ ကျေးရွာပေါင်း ၇၀၆ ရွာကို ရာသီမရွေးသွားလာနိုင်သော ကျေးရွာများအဖြစ် တိုးတက်ကြိုးပမ်း အကောင်အထည်ဖော်နိုင်ခဲ့သည်။
ကျေးလက်နေပြည်သူလူထု ၁၁ သိန်း ၉ သောင်းကျော်အတွက် မြေသားလမ်း ရှိသော အခြေအနေမှ ရာသီမရွေးသွား လာနိုင်သည့် ကွန်ကရစ်လမ်း၊ ကတ္တရာ လမ်း၊ ကျောက်ချောလမ်းနှင့် အမာခံလမ်း များအဖြစ် လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေး အတွက် ယခင် ဝါးတံတား၊ သစ်သား တံတားများကို ဒေသနှင့်ကိုက်ညီသည့် သဘာဝဘေးဒဏ်ခံနိုင်သော သံကူကွန် ကရစ်တံတားများ၊ ဘေလီတံတားများ အဖြစ်လည်းကောင်း အကောင်အထည် ဖော်နိုင်ရေး တိုင်းဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်ထောင် စု/ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေများမှ နှစ်စဉ်အဆင့်မြှင့်တင် ဆောက်လုပ်ပေး လျက်ရှိသည်။
လူနေမှုဘ၀ အဆင့်မြှင့်တင် ဆောင်ရွက်နေ
ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာ ဗျူဟာမူဘောင်နှင့်အညီ ကျေးလက်နှင့် မြို့ပြ လူနေမှုဘဝ ကွာခြားမှုလျော့နည်း ပြီး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကျေးလက်လမ်းများ အဆင့်မြှင့် တင်ရာတွင် တနင်္သာရီတိုင်းဒေသကြီး အတွင်း ကွန်ကရစ်လမ်း ၃၆၇/၂ ဒသမ ၇၀၆ မိုင်၊ ကတ္တရာလမ်း ၁၆၂/၅ ဒသမ ၀၃၅ မိုင်၊ ကျောက်ချောလမ်း ၄၀၃/၃ ဒသမ ၃၆ မိုင်၊ အမာခံလမ်း ၃၉၂/၂ ဒသမ ၀၅ မိုင်၊ မြေသားလမ်း ၆၄၃/၁ ဒသမ ၅၅၄ မိုင် စုစုပေါင်း ကျေးလက်လမ်းမိုင် ၁၉၆၈/၆ ဒသမ ၇၁ မိုင်ကို တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယခင်ရာသီမရွေး သွားလာနိုင်သောလမ်း ၃၉ ရာခိုင်နှုန်း တည်ရှိရာမှ ယခုအခါတွင် ၆၇ ရာခိုင်နှုန်း အထိ တိုးတက်အောင် အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင် ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ဌာနစတင် ဖွဲ့စည်းခဲ့သည့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာ နှစ်မှ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် အထိ ကွန်ကရစ်လမ်း ၂၃၄/၁ မိုင်၊ ကတ္တရာ လမ်း ၄၉/၇ မိုင်၊ ကျောက်ချောလမ်း ၁၄၆/၆ မိုင်၊ အမာခံလမ်း ၃၅၈/၇ မိုင် စုစုပေါင်း လမ်းမိုင် ၇၈၉/၅ မိုင်ကို ကျေးလက်နေပြည်သူများအတွက် ရာသီ မရွေးသွားလာနိုင်သော လမ်းများအဖြစ် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့သည်။
ကျေးလက်တံတားများ အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ပေ ၁၈၀ အထက် ကွန်ကရစ်တံတားကြီး ၁၀ စင်း အပါအဝင် ကွန်ကရစ်တံတား ၁၈၃ စင်း၊ သစ်သားတံတား ၁၉ စင်း၊ ပေ ၁၈၀ အထက် ဘေလီတံတားကြီး နှစ်စင်းအပါ အဝင် ဘေလီတံတား ၁၅ စင်း၊ Box Culvert ၄၉၄ စင်း စုစုပေါင်းတံတားအရေ အတွက် ၇၁၁ စင်းကို ကျေးလက်နေ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာ ရေးအခက်အခဲများ အဆင်ပြေလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ရေးနှင့် ကျေးလက် ထုတ်ကုန်များ စျေးကွက်အတွင်းသို့ လွယ်ကူလျင်မြန်စွာ ရောက်ရှိနိုင်ရေးတို့ အတွက် အဆင့်မြှင့်တင် ဆောင်ရွက်ပေး နိုင်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ထားဝယ်ခရိုင် အတွင်း ကျေးရွာချင်းဆက် ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့သော သရက်ချောင်းမြို့နယ် စုံစင် - ဂုံညှင်းဆိပ်လမ်းမှာ ထားဝယ် - မြိတ် ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်၍ လမ်းအရှည် ၉/၃ မိုင် ရှည်လျားပြီး ကျေးရွာ ကိုးရွာနှင့် လူဦးရေ ၆၇၇၅ ဦးတို့အတွက် အကျိုးပြုစေမည် ဖြစ်သည်။
မြိတ်ခရိုင်အတွင်း ကျေးရွာချင်း ဆက်လမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သော မြိတ်မြို့နယ် ကြေးနန်းတိုင် - ကသာရိုင် - နန်းတော်ရာ လမ်း ၇/၄ မိုင်နှင့် တနင်္သာရီမြို့နယ် အရှေ့ဘန်လော - ကော်တော - သမီးလှ- ကိုးအင်း - ကျောက်စရစ်- တိုက်ကမ်းလမ်း ၁၄/၆ မိုင်၊ အနောက်ဘန်လော - ရေပေါ်- သမီးလှလမ်း ၁၃/၄ မိုင်တို့သည် ကျေးရွာ ၂၉ ရွာနှင့် လူဦးရေ ၂၅၂၂၁ ဦးတို့အတွက် အကျိုးပြုစေမည်ဖြစ်သည်။
ထို့အပြင် ကော့သောင်းခရိုင်အတွင်း ရှမ်းကိုးရွာနယ်စပ်ပတ်လမ်း ၂၉/၄ မိုင်ကို ကွန်ကရစ်လမ်း ၁၆/၅ မိုင်၊ ကျောက်ချော လမ်း ၁၂/၇ မိုင်အဖြစ် အကောင်အထည် ဖော် ဖောက်လုပ်ပေးနိုင်ခဲ့သဖြင့် ၎င်း လမ်းအား နေ့စဉ် ဖြတ်သန်းအသုံးပြုနေ ကြသည့် ကျေးရွာ ကိုးရွာနှင့် လူဦးရေ ၁၈၁၆၁ ဦးတို့ကို ရာသီမရွေး ဖြတ်သန်း သွားလာနိုင်သော ကျေးလက်လမ်း တစ်လမ်းအဖြစ် အကျိုးပြုစေမည်ဖြစ် သည်။
တနင်္သာရီတိုင်းဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေး လက်နေပြည်သူများအတွက် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေလွယ်ကူ ချောမွေ့စေရန် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ မြိတ်ခရိုင် ပုလော မြို့နယ်တွင် ပုလော-လက္ကူး-မြဒေါင်-တိုလမ်းပေါ်ရှိ ပိတပ်ဘေလီတံတား ပေ ၄၂၀ ကို တည်ဆောက်ပြီးစီးခဲ့ပြီး ကျေးရွာ ငါးရွာနှင့် လူဦးရေ ၄၉၅၆ ဦးကို လည်း ကောင်း၊ မြိတ်မြို့နယ်တွင် ကြေးနန်းတိုင်-ကသာရိုင်- နန်းတော်ရာလမ်းပေါ်ရှိ တောင်းရှည်တံတားကို ယခင်မူလ သစ်သားတံတားမှ ယခုအခါ ၂၉၅ ပေ အရှည်ရှိ သံကူကွန်ကရစ်တံတားကြီး အဖြစ် တည်ဆောက်ပြီးစီးခဲ့သဖြင့် ၎င်းလမ်းပေါ်ရှိ ကျေးရွာ ၁၇ ရွာနှင့် လူဦး ရေ ၁၇၉၆၀ ကိုလည်းကောင်း၊ ကော့သောင်းခရိုင် ကော့သောင်း မြို့နယ် ရှမ်းကိုးရွာ နယ်စပ်ပတ်လမ်းပေါ်ရှိ ဖောင်ဆိပ်တံတား ပေ ၃၅၀ ကို သံကူ ကွန်ကရစ်တံတားကြီးအဖြစ် တည် ဆောက်ပေးနိုင်ခဲ့သဖြင့် ၎င်းလမ်းပေါ်ရှိ ကျေးရွာ ကိုးရွာနှင့် လူဦးရေ ၁၇၉၆၀ ကို အကျိုးဖြစ်ထွန်းစေနိုင်ခဲ့သည်။
ဆက်လက်၍ တနင်္သာရီမြို့နယ် ပရည်တောင်-ဝန်ဖို့ ဘေလီတံတား ပေ ၉၀၀ ကို တည်ဆောက်လျက်ရှိပြီး ယခု ဘဏ္ဍာနှစ်တွင် ပြီးစီးမည်ဖြစ်၍ ၎င်း တံတားကြီးပြီးစီးပါက ကျေးရွာ ခြောက် ရွာနှင့် လူဦးရေ ၆၄၀၀ ကို အကျိုးဖြစ်ထွန်း စေနိုင်မည်ဖြစ်သလို ယာဉ်/ကုန်တန်ချိန် ၃၃ တန်အထိ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်သည်။ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်လည်း ဘုတ်ပြင်း မြို့နယ်တစ်ဖက်ကမ်းရှိ ကျေးလက်နေ ပြည်သူများ သွားလာရေးလွယ်ကူစေရန် အတွက် ဘုတ်ပြင်း-အုန်းတောကမ်းလမ်း ပေါ်ရှိ ပေ ၁၂၀၀ အရှည်ရှိသော အုန်းတော ကမ်း သံကူကွန်ကရစ်တံတားကြီးကို တည်ဆောက်လျက်ရှိပြီး ယခု ဘဏ္ဍာ နှစ်တွင် ပြီးစီးမည်ဖြစ်၍ ၎င်းတံတား ကြီးပြီးစီးပါက ကျေးရွာ ရှစ်ရွာ၊ အိမ်ခြေ ၁၇၂၀ နှင့် လူဦးရေ ၇၈၃၄ ဦးတို့ကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
ထို့အပြင် မြိတ်မြို့နယ်နှင့် ကျွန်းစု မြို့နယ်ကို ဆက်သွယ်ပေးထားသော မင်းသန်း-မောင်းလှော်မြစ်ကူးတံတားကို တည်ဆောက်လျက်ရှိပြီး ၎င်းတံတားကြီး ပြီးစီးပါက ကျေးရွာ ၁၈ ရွာ၊ လူဦးရေ ၂၅၄၃၀ တို့ကို အကျိုးဖြစ်ထွန်းစေနိုင်မည် ဖြစ်သည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကျေးလက်လမ်း တံတားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်ထုတ်ကုန်များ ကို ကုန်ကျစရိတ် သက်သာစွာဖြင့် စျေးကွက်သို့ ကျေးလက်လမ်းများကို အသုံးပြုကာ အမြန်ဆုံးရောက်ရှိရေး၊ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် ကိစ္စရပ် များအတွက် ကျေးလက်လမ်း ကွန်ရက် များ အသုံးပြုကာ အမြန်ဆုံးဆက်သွယ်သွားလာနိုင်ရေးနှင့် အမျိုးသားပင်မ ပို့ဆောင်ရေးစီမံကိန်းကို အထောက်အကူ ဖြစ်စေရေးတို့ကို ပြည်သူလူထုအတွက် ရည်မှန်းချက်ထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ လာမည့် ၂၀၃၀ ပြည့်နှစ် တွင် ကျေးရွာများအားလုံး၏ ၈၀ ရာခိုင် နှုန်းနှင့် ကျေးလက်နေလူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်တို့ကို ရာသီမရွေးသွားလာ နိုင်သော ကျေးလက်လမ်းများ အသုံးပြု နိုင်ရေးအတွက် နှစ်စဉ်အဆင့်မြှင့်တင်ဆောင်ရွက်ရေးသည်လည်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပြည်သူ တို့အတွက် ဆောင်ရွက်ပေးရမည့် ရည်မှန်းချက်တစ်ခုပင်ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေ ဖြင့် ပြည်သူလူထုအတွက် ထိုရည်မှန်း ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယခင်ဌာန ကြီး လေးခုရှိသည့်အနက်မှ ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအား ၎င်း၏ လက်အောက်တွင် တိုးချဲ့စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဌာန၏ဆောင်ရွက်ချက်များ
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကို စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထိ မြန်မာတစ်နိုင်ငံလုံးတွင် ကွန်ကရစ်လမ်း ၁၂၃၇/ ၄ ဒသမ ၆ မိုင်၊ ကတ္တရာလမ်း ၉၉၅/၅ ဒသမ ၀ မိုင်၊ ကျောက်ချောလမ်း ၁၆၁၉/ ၁ ဒသမ ၁ မိုင်၊ အမာခံလမ်း(ဂဝံ/ဂျင်းလမ်း) ၃၆၇၄/၅ ဒသမ ၇ မိုင်နှင့် မြေသားလမ်း ၃၉၅၇/၁ ဒသမ ၆ မိုင် စုစုပေါင်း လမ်းမိုင် ၁၁၄၄၈၄/၂ မိုင်ကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည်။
ထို့အတူ ကျေးလက်တံတားများ အနေဖြင့်လည်း ကွန်ကရစ်တံတား ၁၈၇၃ စင်း၊ သစ်သားတံတား အစင်း ၈၀ ၊ ကြိုး တံတား/ဘေလီတံတား ၁၈၅ စင်း၊ ရေကျော် ၃၇၉ စင်း၊ Box Culvert ၅၀၄၈ စင်း စုစုပေါင်း ၇၅၆၅ စင်းကို အဆင့်မြှင့် တင်ဆောင်ရွက်နိုင်ခဲ့သည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၏ မဟာဗျူဟာရည်မှန်းချက်မှာ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျေးရွာများ၏ ၈၀ ရာခိုင်နှုန်းနှင့် ကျေးလက်လူဦးရေ ၉၀ ရာခိုင်နှုန်း ကျေးလက်လမ်းများကို အသုံးပြုနိုင်ရန် ဖြစ်သည့်အတွက် လက်ရှိစာရင်း ကောက်ယူထားသော ကျေးရွာများ၌ လူဦးရေ ၁၀၀၀ နှင့်အထက်ရှိ ကျေးရွာ အားလုံးကို ၂၀၂၀ ပြည့်နှစ်တွင် လည်း ကောင်း၊ လူဦးရေ ၅၀၀ နှင့်အထက်ရှိ ကျေးရွာအားလုံး၏ ၉၅ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ်တွင် လည်းကောင်း၊ လူဦးရေ ၂၅၀ အထက်ရှိ ကျေးရွာအားလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် လူဦးရေ ၂၅၀ အောက်ရှိ ကျေးရွာအားလုံး၏ ၅၀ ရာခိုင်နှုန်းတို့ကို ၂၀၃၀ ပြည့်နှစ်တွင် လည်းကောင်း ရာသီ မရွေးသွားလာနိုင်သော လမ်းများအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
ဆက်လက်အဆင့်မြှင့်တင်မည်
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ သို့ ရာသီမရွေး သွားလာနိုင်သောလမ်း များအဖြစ် ဆက်လက်၍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ဖြစ်ရာ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ လုပ်ငန်းများပိုမိုအောင်မြင်အောင် ဆောင်ရွက်လာနိုင် သည်နှင့်အမျှ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ကျေးလက်နေပြည်သူများ၏ ကုန်စည်ထုတ်လုပ်မှု/ စီးဆင်းမှုများ၊ လူမှု စီးပွားဘ၀များ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာမည်မှာ မလွဲဧကန်ပင် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။
- Log in to post comments