
တက္ကသိုလ်ပွင့်သူအောင်
သီတင်းကျွတ်လသည် မြန်မာ့ တစ်ဆယ့်နှစ်လရာသီ တွင် သတ္တမမြောက်လ ဖြစ်သည်။ သီတင်းကျွတ်လကို ဗေဒင်အခေါ်အားဖြင့် တူရာသီဟူ၍လည်း ခေါ်ကြသည်။ ယင်းလတွင် အဿဝဏီနက္ခတ်သည် "စန်း"ဟုခေါ်သော လမင်းနှင့် အတူယှဉ်ပြိုင် ထွန်းပလျက်ရှိသည်။ ရာသီပန်း အနေဖြင့် ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာတံဆိပ်(ကြာပုဏ္ဏ ရိတ်)၊ ကြာခေါင်းလောင်း(ပဒုမ္မာ)ဟူသော ကြာမျိုးငါးပါးတို့ ဖြစ်ပြီး ရာသီပွဲအဖြစ် ဆီမီးမြင်းမိုရ်ပွဲ(ဝါ) တာဝတိံသာပွဲများ ကျင်းပလေ့ရှိသည်။
သီတင်းကျွတ်လတွင် နံနက် ၆ နာရီ နေထွက်၍ ညနေ ၆ နာရီ၌ နေဝင်သဖြင့် နေ့တာနှင့် ညတာ ညီမျှသောလ ဖြစ်သည်။ ထို့ကြောင့် ရှေးစာဆိုတော်ကြီးဖြစ်သူ ကင်းဝန် မင်းကြီးက "သီတင်းကျွတ်ပြီ၊ တူရာသီ၊ အဿဝဏီရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို၊ မီးမြင်းမိုရ်၊ ဗဟိုရ်အချာထွန်း"ဟု ရေးဖွဲ့ ခဲ့သည်။
သီတင်းကျွတ်အခါသမယသည် မိုးရာသီ၏ နောက်ဆုံး နှုတ်ဆက်သောလ တစ်နည်းအားဖြင့် မိုးရာသီ မကုန်ဆုံး သေးသော်လည်း နေရောင်ခြည်ဖြာစပြုလာပြီဖြစ်၍ ဥတု ရာသီ သာယာတော့မည့် ဆောင်းဥတုရာသီ၏ အရုဏ်ဦး အချိန်ဟု တင်စားကြသည်။ သီတင်းကျွတ်အချိန်အခါ သမယတွင် "ဝါဆိုကင်းလွတ် သီတင်းကျွတ်မို့" ဆိုသည့် စကားနှင့်အညီ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ပညတ်တော်အရ ဝါဆိုလပြည့်ကျော် ၁ ရက်တွင် ပုရိမ ဝါဆိုတော်မူကြသော သံဃာတော်များသည် သီတင်းကျွတ်လ၏ လပြည်နေ့တွင် ဝါဆိုသည့်ကာလ ကုန်ဆုံးသွားကြပြီဖြစ်သဖြင့် အရပ် တစ်ပါးသို့ ညဉ့်အိပ်ညဉ့်နေ ကြွချီတော်မူနိုင်ကြပြီလည်း ဖြစ်သည်။
သီတင်းကျွတ်လ၏ အဓိပ္ပာယ်
သီတင်းကျွတ်လကို ရှေးအခါက "သန်တူလ"ဟု ခေါ်ဆိုခဲ့ရာ "သန်"မှာ မိုးရာသီ၊ "တူ"မှာ တူရာသီ ချိန်ခွင် ဖြစ်၍ သန်တူလကို "ဝသန္တဥတု၊ တူရာသီ"ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ အချို့ပညာရှင်များကမူ "သန်"ဟူသည့်ပုဒ်မှာ ကောက်စပါးဟုဆိုပြီး "တူ"ဟူသောပုဒ်သည် အသံချင်း နီးစပ်သော ထူဟူသည့် ပုဒ်နှင့်တွဲယူရသောကြောင့် တစ်စုံ တစ်ရာကို ထောင်စေသည် မတ်စေသည်ဟူ၍ အဓိပ္ပာယ် ရသည်။ တစ်နည်းအားဖြင့် သီတင်းကျွတ်လ(ဝါ)သန်တူ သည် ကောက်စပါးပင်များ ပေါက်ဖွား၊ ထွက်ထ၊ ထောင် မတ်သည့်လဟူ၍လည်း အဓိပ္ပာယ်ရသည်။
ထို့အပြင် ထူပါရုံဘုရားစသော ကျောက်စာများ၌ မိုးကာလတွင် လုပ်ဆောင်ရသည့်လယ်ကို "သန်လယ်" ဟုလည်းကောင်း၊ ဆောင်းရာသီ၌ လုပ်ကိုင်ရသည့်လယ်ကို "မုရင်းလယ်"ဟုလည်းကောင်း ရေးထိုးရာ သီတင်းကျွတ် လကို "သန်တူလ"ဟူ၍ ခေါ်ဝေါ်ကြခြင်းပင်ဖြစ်သည်။
ထို့အပြင် သက္ကရာဇ် ၉၂၅ ခုနှစ်တွင် မူလ မင်းရဲကျော်စွာ ထိုးခဲ့သော စစ်ကိုင်းပုညရှင် စေတီကျောက်စာကို ၁၁၃၇ ခုနှစ်တွင် ဘိုးတော်မင်းတရား ဆင့်ထိုးတွင် ဆင့်ထိုးအပိုဒ်၌ "သက္ကရာဇ် ၁၁၄၂- ခု၊ သတင်းကျွတ်လပြည့်ကျော်"ဟူ၍ ပါရှိသည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် တော်တိုင် "သတင်းကျွတ်"ဟူ၍ "သ"သက်သက်ဖြင့်ရေး လျက် ရှိသည်။ ထို့အပြင် ပုဂံစောရဟန်းကျောက်စာတွင် သတင်းတိုင်း သတင်းချွတ်ဟူ၍လည်းကောင်း၊ အင်းဝ ခေတ်မှ ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရားလက်ထက် ရေးထိုးခဲ့သော မူလကျောက်စာတို့တွင် "သတင်း"ဟူ၍ လည်းကောင်း ယခုခေတ်ကဲ့သို့ လုံးကြီးတင်ဆန်ခတ်ပြီး မရေးဘဲ သတင်းဟု "သ"သက်သက်ဖြင့် ရေးခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
တာဝတိံသာပွဲတော်နှင့် မီးမြင်းမိုရ်ပွဲ
ဂေါတမဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၉ ခုနှစ် ဝါဆိုလပြည့်နေ့ ညနေပိုင်းတွင် သာဝတ္ထိပြည်အနီးရှိ ကဏ္ဍမ္ဗ သရက်ဖြူပင်အနီး၌ တိတ္ထိတို့ကို ရေ၊ မီးအစုံစုံ တန်ခိုးပြာဋိဟာ ပြသတော်မူခဲ့သည်။ ထိုပြာဋိဟာပွဲကြီး ပြီးဆုံးပြီးနောက် မယ်တော်မိနတ်သားအား အဘိဓမ္မာ တရား ဟောကြားတော်မူခြင်းဖြင့် ကျေးဇူးဆပ်ရန်အတွက် ဂေါတမဘုရားရှင်သည် တာဝတိံသာနတ်ပြည်သို့ ကြွမြန်း တော်မူပြီး သတ္တမ ဝါကပ်တော်မူသည်။ ဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာနတ်ပြည်သို့ရောက်ရှိပြီး သန္တုသိတမည်သော မယ်တော်မိနတ်သား အမှူးပြုသည့် စကြဝဠာအပေါင်း တိုက်တစ်သောင်းတို့မှ နတ်၊ ဗြဟ္မာ ပရိသတ်တို့အား အဘိဓမ္မာတရားတော်မြတ်ကို ဝါတွင်းသုံးလပတ်လုံး နေ့၊ ည မစဲ ဟောကြားတော်မူသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ အဘိဓမ္မာတရား ဟောကြားခြင်းသည် ဝါတွင်း သုံးလ မြောက်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံး ခဲ့သည်။
ထို့နောက် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သိကြားမင်း အား သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်သို့ ပြန်ကြွမည် ဖြစ်ကြောင်း မိန့်ကြားတော်မူသည်။ ထိုအခါ သိကြားမင်း သည် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း ဟူသော စောင်းတန်းသုံးသွယ်တို့ကို ဖန်ဆင်းပေးသည်။
ယင်းစောင်းတန်းသုံးသွယ်တို့၏ အခြေကို သင်္ကဿနဂိုရ် မြို့တံခါးတွင် တည်ရှိစေပြီး စောင်းတန်း၏ ဦးဖျားမှာ မြင်းမိုရ်တောင်ထိပ်၌ တည်ကြသည်။ ဗုဒ္ဓမြတ်စွာဘုရား ရှင်သည် အလယ်ဗဟို၌ရှိသော ပတ္တမြားစောင်းတန်းမှ ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်စွာ သက် ဆင်းကြွမြန်းပြီး နတ်အပေါင်းတို့က လယ်ယာဘက်ရှိ ရွှေစောင်းတန်းမှလည်းကောင်း၊ ဗြဟ္မာကြီးများက လက်ဝဲ ဘက်ရှိ ငွေစောင်းတန်းမှလည်းကောင်း အသီးသီး ခြံရံ လိုက်ပါ သက်ဆင်းလာကြသည်။
ပဉ္စသိင်္ခနတ်သားက "သုံးဂါဝုတ်" ပမာဏရှိသော "ဗေဠုဝ"နတ်စောင်းကြီးကို လက်သံကုန်တီးခတ်လျက် ပူဇော်ကာ လက်ယာနံပါးမှ သက်ဆင်းလိုက်ပါလာသည်။ မာတလိနတ်သားက နတ်၌ဖြစ်သော ပန်းနံ့သာ အမွှေး အကြိုင်တို့ကို ကိုင်စွဲလျက် ဘုရားရှင်ကို ရှိခိုးပူဇော်ကာ လက်ဝဲနံပါးမှ သက်ဆင်းလိုက်ပါလာသည်။ သုယာမ နတ်မင်းက စာမရီသားမြီးယပ်ကို ခတ်လျက်လည်းကောင်း၊ သန္တုသိတနတ်မင်းက ပတ္တမြားယပ်ဝန်းကို တလွှဲလွှဲ ခတ် လျက်လည်းကောင်း၊ သိကြားမင်းက ဝိဇယုတ္တခရုသင်းကို မှုတ်လျက်လည်းကောင်း၊ လက်ယာဘက်မှပင် ပူဇော်ကာ သက်ဆင်းလိုက်ပါ လာကြသည်။ ထို့နည်းတူ ကျန်စကြ ဝဠာတိုက်တို့တွင် နေထိုင်ကြသော နတ်တို့သည်လည်း အမျိုးမျိုးသောပူဇော်မှုကိုပြုလျက် သက်ဆင်းလိုက်ပါ လာကြပြီး လက်ဝဲဘက် ငွေစောင်းတန်းမှလည်း သဟမ္ပတိ ဗြဟ္မာကြီးသည် ဗြဟ္မာထီးဖြူကြီးကို ဆောင်းမိုးလျက် ပူဇော်ကာ သက်ဆင်းလိုက်ပါလာကြသည်။
ယင်းအချိန်၌ သာဝတ္ထိပြည်ရှိ ပရိသတ်အပေါင်း သည်လည်း သီတင်းကျွတ်လပြည့်တွင် သင်္ကဿနဂိုရ် မြို့တံခါးသို့ မြတ်စွာဘုရားအား ဖူးမြော်ကြရန် ရောက်ရှိ နေကြပြီဖြစ်သည်။ ထိုသို့ ဗုဒ္ဓမြတ်စွာဘုရားသည် နတ် ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာနတ်ပြည်မှ သက် ဆင်းတော်မူ၍ လူ့ပြည်သို့အရောက် စောင်းတန်းဦးတွင် လယ်ယာခြေတော်ကို ချတော်မူသည်။ ယင်းလက်ယာ ခြေတော်ချရာအရပ်သည် နောင်သောအခါဝယ် "အလေ စေတိယဌာန"ဟူ၍ အမည်ထင်ရှားခဲ့သည်။
ထိုသို့ ရှင်သာရိပုတ္တရာ အမှူးပြုသည့် လူနတ်ဗြဟ္မာ ပေါင်းစုံပါဝင်သော ပရိသတ်အပေါင်းတို့က ဗုဒ္ဓမြတ်စွာ ဘုရားရှင်အား သောင်းသောင်းဖြဖြ ပူဇော်သည့်ပွဲကြီးကို ရည်မှန်း၍ သီတင်းကျွတ်လပြည့်နေ့ ညအချိန်တွင် မီးပုံးများ၊ ဆီမီးရောင်စုံများ ထွန်းညှိပူဇော်ကြခြင်းပင်ဖြစ် သည်။ ယင်းသို့ ဗုဒ္ဓမြတ်စွာဘုရားရှင် တာဝတိံသာမှ ဆင်းသက်ကြွချီတော်မူခဲ့သည်ကို အကြောင်းပြု၍ "တာ ဝတိံသာပွဲတော်"ဟုလည်းကောင်း၊ တာဝတိံသာနတ်ပြည် တည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ "မီးမြင်းမိုရ်ပွဲ"ဟုလည်းကောင်း အသီးသီး ခေါ်ဝေါ်ခဲ့ကြသည်။
သီတင်းကျွတ်လနှင့် ရှေးစာပေများ
သီတင်းကျွတ် မီးထွန်းပွဲတော်ကြီးနှင့်ပတ်သက်၍ သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်မြို့သို့ ကြွဆင်း လာပုံကို ပီပြင်စွာ သရုပ်ဖော်ရေးဆွဲထားသည့် ပန်းချီကား ကို ပုဂံရှိ မြင်းကပါ ဂူပြောက်ကြီးဘုရား၌ ယနေ့ထက်တိုင် တွေ့မြင်နိုင်သည်။ ထို့အပြင် အင်းဝခေတ်တွင် ကျင်းပ သည့် မီးမြင်းမိုရ်ပွဲအကြောင်းကို လောကဗျူဟာကျမ်း တွင်လည်း ဖော်ပြထားသည်။ ကုန်းဘောင်ခေတ်အလယ် ပိုင်းက သီတင်းကျွတ်လတွင် ဆီမီးထွန်းညှိ ပူဇော်ပုံကို ဘိုးတော်ဘုရားလက်ထက်က ထင်ရှားကျော်ကြားခဲ့သော ရှေးစာဆိုပညာရှင်ကြီး ဦးယာက "ကြော်သဲအုတ်အော်၊ ပူဇော်ဆီမီး၊ ညီးညီးဝင်းဝင်း၊ ထွန်းလင်းရောင်ရှိန်၊ အာလိန် ငါးဆင့်၊ ရွှန်းရွှန်းတင့်သား၊ နတ်မင်းစံရာ၊ ဝတိံသာသို့၊ လေးဖြာရောင်စို၊ မြင်းမိုရ်ပွဲကြီး"ဟူ၍ လူးတားဖြင့် ရေးစပ် ခဲ့သည်။
ဦးယာကပင် "ကုန်းဘောင်ခေတ် ပြည်သူပြည်သား များအနေဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်တွင် လှပစွာ ဝတ်စားဆင်ယင်ကြကာ မောင်မယ်စုံ ယှဉ်တွဲ၍ ဆင်နွှဲကြ ပုံကိုလည်း "သက်မျှကြင်သူ၊ ဆင်းရွှေအူနှင့်၊ အတူတကွ၊ မောင်က တိုင်မြောက်၊ မယ်က ဖောက်၍၊ နှစ်ယောက်စုံလင်၊ စွယ်တော်စင်တွင်း၊ ပန်းတင်ရေသွန်း၊ ဆုယူညွှန်းသည်၊ ပြောင်ရွှန်းဆီမီးတိုင်နှင့်လေး"ဟူ၍ စပ်ဆိုခဲ့သည်။
အဘိဓမ္မာအခါတော်နေ့
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အကြောင်း ပြု၍ "ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာ ဓမ္မာ" အစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကို ဟောတော်မူ ပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ ပဝါရဏာပြုပြီး လူ့ပြည်လူ့ရွာသို့ ဆင်းသက်တော်မူသည် ကိုအကြောင်းပြုလျက် ထိုနေ့ကို "အဘိဓမ္မာနေ့"ဟု သမုတ် ကာ အဘိဓမ္မာပူဇော်ပွဲများ ကျင်းပကြလေ့ရှိသည်။
အဘိဓမ္မာတရားတော်သည် မြတ်စွာဘုရားရှင် ဟော ကြားတော်မူသည့် သုတ္တန်တရားတော်တို့ထက် သာလွန် ထူးခြားသောတရား ဖြစ်သောကြောင့် အဘိဓမ္မာတရား တော်ဟု ခေါ်ခြင်းပင်ဖြစ်သည်။ အဘိဓမ္မာတရားတော်သည် အလွန် အဖိုးအနဂ္ဃထိုက်ပြီး ယင်းအဘိဓမ္မာ တရားတော် တွင်-
(၁) ကုသိုလ်၊ အကုသိုလ် စသောတရားတို့ကို အကျဉ်း ချုပ်အားဖြင့် ပြဆိုဟောကြားတော်မူသော "ဓမ္မသင်္ဂဏီ ကျမ်း"
(၂) ခန္ဓာစသောတရားတို့ကို သုတ္ထနည်း၊ အဘိဓမ္မာနည်း တို့ဖြင့် အမေးအဖြေပြုကာ အကျယ်တဝင့် ဝေဖန် ဟောကြားသော "ဝိဘင်းကျမ်း"
(၃) ဇာတ်အမျိုးမျိုးကိုဟောကြားသော "ဓာတုကဏ ကျမ်း"
(၄) ပုဂ္ဂိုလ်အမျိုးမျိုးတို့ကို ခွဲခြားသတ်မှတ်အမည်တပ်၍ ဟောကြားသော "ပုဂ္ဂလပညတ်ကျမ်း"
(၅) အယူဝါဒနှင့်ဆိုင်သောစကားတို့၏ တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့်ပြည့်စုံသော "ကထာဝတ္ထု ကျမ်း"
(၆) အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့် ဝိသဇ္ဇနာ၊ သန္နိဋ္ဌာန်နှင့် သံသယ အစုံစုံပြု၍ ဟောကြားသော "ယမိုက်ကျမ်း"
(၇) အကြောင်းအမျိုးမျိုးကိုလည်းကောင်း၊ ကုသိုလ်စသော တရားတို့ကို ၂၄ ပစ္စည်းတို့ဖြင့်လည်းကောင်း ဝေဖန် ဟောကြားပြီး သဗ္ဗညုတဉာဏ်တော်၏ ကျက်စား ရာဖြစ်သည့် "ပဋ္ဌာန်းကျမ်း"ဟူ၍ ခုနစ်ကျမ်းရှိသည်။
အဘိဓမ္မာတရားတော်၏
ထူးခြားချက်များနှင့် အကျိုးတရားများ
အဘိဓမ္မာတရားတော်သည် ပါဠိ၏နက်နဲခြင်း၊ သဘော အဓိပ္ပာယ် နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲ ခြင်း၊ ဉာဏ်တော်၏ နက်နဲခြင်းဟူသော ဂမ္ဘီရလေးမျိုးနှင့် ပြည့်စုံသည်သာမက ထူးခြားချက်လေးမျိုးဖြစ်သည့်-
(၁) မြတ်စွာဘုရားရှင်က သန္တုသိတမည်သော မယ်တော် မိနတ်သားအား ကျေးဇူးဆပ်သည့်အနေဖြင့် ဟော ကြားတော်မူသော တရားဖြစ်ခြင်း၊
(၂) တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူသော တရားဖြစ်ခြင်း၊
(၃) မြတ်စွာဘုရားသည် ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသော တရားဖြစ်ခြင်း၊
(၄) ပကတိမြတ်စွာဘုရားနှင့် နိမ္မိတဘုရားရှင်တို့သည် တစ်လှည့်စီ ဟောကြားတော်မူသော တရားဖြစ်ခြင်း
ဟူ၍ ထူးခြားချက်များနှင့် ပြည့်စုံနေခြင်းပင်ဖြစ်သည်။
အဘိဓမ္မာတရားတော်၏ အာနိသင်ကလည်း အလွန် နက်နဲသည်။ ထို့ကြောင့် အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော် သင်ကြားနာယူရခြင်းကြောင့်-
(၁) လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ နာမ ရူပ ပရိစ္ဆေဒဉာဏ် ရင့်သန်စေခြင်း
(၂) မဂ်ဖိုနိဗ္ဗာန်ရောက်ရန် လမ်းကြောင်း အထောက်အပံ့ ကောင်း ရနိုင်ခြင်း၊
(၃) ဘေးဥပဒ်အန္တရာယ် ကင်းဝေးစေခြင်း၊
(၄) ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေခြင်း အစရှိ သော အကျိုးတရားများ ရရှိစေသည်။
ထို့ကြောင့် ထူးခြားမှုအဖုံဖုံ ဂုဏ်အမျိုးမျိုးတို့ဖြင့် ပြည့်စုံလျက်ရှိသော သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာ ဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား တော်ကို ဟောကြားတော်မူပြီးနောက် သင်္ကဿနဂိုရ်ပြည် သို့ ပြန်လည်ကြွမြန်းလာပုံ၊ လူတို့ကလည်း ဆီမီးများ ပဇော်ထွန်းညှိ ကြိုဆိုကြပုံတို့ကို ရည်မှန်းကာ မြတ်စွာ ဘုရားရှင် ဟောကြားတော်မူသည့် အဘိဓမ္မာတရားတော် ကို ရွတ်ဖတ်ပူဇော် သင်ကြားနာယူကြလျက် ဘေးဥပဒ် အန္တရာယ်ကင်းဝေးပြီး ကျက်သရေမင်္ဂလာ အဖြာဖြာတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ ရေးသား လိုက်ရပါသည်။ ။
- Log in to post comments