
နေပြည်တော် ဩဂုတ် ၉
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံသည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ပို့ကုန်တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ပို့ကုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာ စကားပြောကြားသည်။
ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားရန်လို
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန် ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်း အစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ် ညွှန်ကြားချက်များ အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင် သတ်မှတ်ချက်ကို နိုင်ငံတော်မှ ဩဂုတ် ၈ ရက်တွင် ထုတ်ပြန်ပေးခဲ့ ပြီးဖြစ်သဖြင့် ပို့ကုန်လုပ်ငန်းရှင် များအနေဖြင့် ပို့ကုန်ကဏ္ဍတိုးမြှင့် တင်ပို့နိုင်ရေးကို ဘက်ပေါင်းစုံမှ အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊ ဆန်၊ ပဲ၊ ပြောင်း၊ ရေထွက်ပစ္စည်း၊ ရော်ဘာနှင့် ကုန်ထုတ်ပစ္စည်း အစ ရှိသည့် ပို့ကုန်များကို လအလိုက် တင်ပို့ရန် လျာထားသတ်မှတ်ပြီး ဖြစ်၍ သတ်မှတ်လျာထားချက် အတိုင်း ပြည့်မီကျော်လွန်စွာ တင်ပို့သွားရန်လိုကြောင်း၊ CMP အထည်ချုပ်လုပ်ငန်းများ၊ ငါး၊ ပုစွန်နှင့် အခြားရေထွက်ပစ္စည်း များ ပိုမိုတင်ပို့ရန်တို့ကို မဖြစ်မနေ အားသွန်ခွန်စိုက် ဆောင်ရွက်စေ လိုပါကြောင်း၊ ပြည်တွင်း MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေးကိုလည်း ဆောင် ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် တိုက်တွန်းလိုပါကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ဇူလိုင် ၂၉ ရက်တွင် ကျင်းပ သည့် ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၄) တွင် “၂၀၂၄ ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးများကို ပင်လယ်ရေကြောင်းမှ ဆောင်ရွက် ခဲ့မှုများရှိသကဲ့သို့ နယ်စပ်ဒေသမှ လည်း ကုန်သွယ်မှုများ ဆောင်ရွက် ခဲ့ပြီး ကိန်းဂဏန်းများအရ အပေါင်း လက္ခဏာရှိခဲ့ကြောင်း၊ သို့သော် နယ်စပ်ဒေသများမှ တရားမဝင် ကုန်သွယ်မှုများ ရှိနေသည်ကို လည်း နေ့စဉ်သိရှိနေရကြောင်း၊ တရားမဝင် ကုန်သွယ်မှုကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေ လျက်ရှိကြောင်း၊ ကုန်သွယ်မှုနှင့် ပတ်သက်၍ အလေးထားဆောင် ရွက်ရန် လိုအပ်လျက်ရှိနေသေး ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန် ဖြစ်ရန်လိုကြောင်း” လမ်းညွှန် မှာကြားခဲ့ကြောင်း၊ လမ်းညွှန် မှာကြားချက်များနှင့် အညီ ကုန်သွယ်မှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်နှင့် မြန်မြန် ဆန်ဆန်ဖြင့် အလေးထားဆောင် ရွက်ရန်နှင့် ဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွားရေးကို တိုးတက် အောင် ကြိုးစားဆောင်ရွက်ရန် ထပ်လောင်း တိုက်တွန်းလိုပါ ကြောင်း မှာကြားသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ထို့နောက် အခမ်းအနား သို့ တက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ညီနောင် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ပို့ကုန်လုပ်ငန်းရှင် များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်