
နှင်းမိုးအိမ်
ဘီလာရုစ်နိုင်ငံသည် လက်ရှိတွင် ရွှေ့ ပြောင်းနေထိုင်သူ ပြဿနာကြောင့် ဥရောပသမဂ္ဂ (အီးယူ )နှင့် အငြင်းပွား လျက်ရှိသည်။ အရှေ့အလယ်ပိုင်းမှ ရွှေ့ပြောင်းနေထိုင်သူများသည် ဥရောပ သို့ဝင်ရောက်နိုင်ရေးအတွက် ဘီလာရုစ် နိုင်ငံကို ရောက်ရှိနေကြသည်။
စခန်းချနေထိုင်လျက်ရှိ
ဘီလာရုစ်နိုင်ငံအတွင်း ရောက်ရှိနေ သည့် ရွှေ့ပြောင်းနေထိုင်သူဦးရေမှာ ၇၀၀၀ ဝန်းကျင်ရှိသည်ဟု နိုဝင်ဘာ ၁၈ ရက်တွင် ဘီလာရုစ်အစိုးရက ပြော သည်။ ၎င်းတို့ထဲမှ ၂၀၀၀ နီးပါးမှာ အီးယူအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ပိုလန်နိုင်ငံနယ်စပ်တွင် စခန်းချ နေထိုင်ကြလျက်ရှိသည်။
အရှေ့အလယ်ပိုင်းဒေသမှ အများစု ပါဝင်သော ထောင်နှင့်ချီသည့် ရွှေ့ပြောင်း နေထိုင်သူများမှာ အနောက်ဘက် နယ်စပ်တစ်လျှောက်တွင် စခန်းများ ချကာ နေထိုင်ကြလျက်ရှိသည်။
ဆွေးနွေးမှုများပြုလုပ်လျက်ရှိ
ဥရောပသမဂ္ဂသည် လူသားချင်း စာနာထောက်ထားမှုအဖြစ် ဒုက္ခသည် ၂၀၀၀ အတွက် စီစဉ်ပေးလျက်ရှိသည်။ မိမိသဘောဆန္ဒအလျောက် နေရပ် ပြန်လိုကြသည့် လူပေါင်း ၅၀၀၀ အတွက် လည်း ပြောဆိုဆွေးနွေးမှုများပြုလုပ်နေသည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒြား လူကာရှန်ကို၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်အနေဖြင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ စင်္ကြံတစ်ခုအဖြစ် ဖန်တီးပေးရန် ဥရောပသမဂ္ဂ (အီးယူ) နှင့် ဆွေးနွေးမှုများ ပြုလုပ်သွားလိမ့် မည်ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂျာမနီ နိုင်ငံဘက်မှ မည်သည့်တုံ့ပြန်မှုမှ ပြောကြားခဲ့ခြင်း မရှိချေ။
ငြင်းဆိုထား
ရွှေ့ပြောင်းနေထိုင်သူများ ပိုလန် နယ်စပ်တွင် စုပြုံနေရခြင်းမှာ ဘီလာရုစ် သမ္မတ လူကာရှန်ကို၏ ခွင့်ပြုပေးမှု ကြောင့် ဟူသော စွပ်စွဲချက်ကို လူကာရှန် ကိုက ငြင်းဆိုထားသည်။ ရွှေ့ပြောင်း နေထိုင်သူများကို ဥရောပသမဂ္ဂက လက်မခံသည့်အတွက်လည်း ဥရောပ သမဂ္ဂကို စွပ်စွဲခဲ့သည်။
ယခုသီတင်းပတ်အတွင်း ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်နှင့် နှစ်ကြိမ်ဖုန်းပြောခဲ့ပြီး ပြီးခဲ့သည့်နှစ်မှ စတင်ကာ အနောက်နိုင်ငံမှ ခေါင်းဆောင် တစ်ဦးနှင့် လူကာရှန်ကိုတို့ ပထမဦးဆုံး အကြိမ် ဖုန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ညဘက်နယ်စပ်ဖြတ်ကျော်ရန်
ကြိုးစား
အိန်ဂျလာမာကယ်နှင့် ဆွေးနွေး ပြီးနောက် ဘီလာရုစ်နိုင်ငံနှင့် အီးယူ တို့အကြား ဆွေးနွေးပွဲမှာ ဖြစ်နိုင်ခြေရှိ သည်ဟု နိုဝင်ဘာ ၁၇ ရက်တွင် ပြော ကြားခဲ့သည်။ သို့သော်လည်း တိုက်ရိုက် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ဂျာမနီနိုင်ငံ ဘက်မှ မည်သည့် မှတ်ချက်မျှမပေးခဲ့ချေ။
ပိုလန်တပ်ဖွဲ့သည် နိုဝင်ဘာ ၁၈ ရက် က ဘီလာရုစ်နယ်စပ်ကို ကျော်ဖြတ်လာသည့်ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ ခန့်ကို ထိန်းသိမ်းထားခဲ့ရကြောင်း ပြောသည်။ အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများမှာ ညအချိန်တွင် နယ်စပ်ကို ကျော် ဖြတ်ရန် ကြိုးပမ်းကြခြင်းဖြစ် ကြောင်း၊ ဘီလာရုစ်တပ်ဖွဲ့သည် အဆိုပါ လှုပ်ရှားမှုကို ဦးဆောင်ကြသူများ ဖြစ်ကြောင်း ပိုလန်နိုင်ငံဘက်မှ စွပ်စွဲ ခဲ့သည်။
နေရပ်ပြန်ပို့နိုင်ရေးပြင်ဆင်လျက်ရှိ
ဘီလာရုစ်နိုင်ငံသည် အီရတ်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ ၂၀၀ နှင့် ၃၀၀ ကြားကို နေရပ်ပြန်ပို့နိုင်ရေးအတွက် ပြင်ဆင်လျက်ရှိသည်။ ထောင်နှင့်ချီ သည့် ရွှေ့ပြောင်းနေထိုင်သူများသည် ဥရောပသမဂ္ဂနိုင်ငံများသို့ ဝင်ရောက် နိုင်ရေးအတွက် ပိုလန်-ဘီလာရုစ်နယ်စပ် တွင် စခန်းချနေထိုင်လျက်ရှိသည်။ အဆိုပါပြဿနာသည် နွေရာသီကာလမှစတင်ခဲ့ခြင်းဖြစ်သည်။
ပိုလန်တပ်ဖွဲ့ဝင်များအား ကျောက် တုံးများဖြင့်ပစ်ပေါက်ရန် ရွှေ့ပြောင်း နေထိုင်သူများကို ဘီလာရုစ်တပ်ဖွဲ့ဝင် များက ဖိအားပေးခိုင်းစေသည်ဟု စွပ်စွဲထားကြသည်။
သဘောတူထား
ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ နီးပါး ပါဝင်သည့်အုပ်စုတစ်စုကို ထိန်းသိမ်း ထားသည်ဟု သိရသည်။
ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်နှင့်ဘီလာရုစ်သမ္မတတို့ ဆွေးနွေး ကြရာတွင် ယခုကြုံတွေ့နေရသည့် ရွှေ့ပြောင်းနေထိုင်သူပြဿနာကို အီးယူ အဖွဲ့ကြီးနှင့်ဘီလာရုစ်နိုင်ငံတို့ ဆွေးနွေး သွားရန် သဘောတူထားကြောင်း လူကာရှန်ကို၏ သတင်းထုတ်ပြန်ရေး အဖွဲ့ကပြောသည်။
သေဆုံးသူ ၁၁ ဦးထက်မနည်းရှိ
နှစ်ဖက်စလုံးမှ သက်ဆိုင်ရာအရာရှိ များသည် လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွား မည်ဟု ဘီလာရုစ်ဘက်မှ ပြောသည်။
ရွှေ့ပြောင်း နေထိုင်သူများအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရန်နှင့် မိမိသဘောဆန္ဒ အလျောက် နေရပ်ပြန်လိုသူများရှိပါက နေရပ်ပြန်ပို့ပေးရန်တို့အတွက် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က အလေးထားကြောင်း မာကယ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
နွေရာသီကာလ ရွှေ့ပြောင်းနေထိုင် သူများ ပြဿနာစတင်သည့်အချိန်မှ စတင်ကာ သေဆုံးသွားရသည့် ရွှေ့ပြောင်းနေထိုင်သူ ၁၁ ဦးထက်မနည်း ရှိသည်ဟု အကူအညီပေးရေးအုပ်စုများကပြောသည်။
လေယာဉ်ပြင်ဆင်ပေးထား
အဆိုပါပြဿနာနှင့် ပတ်သက်၍ လူသားချင်း စာနာထောက်ထားကြရန် လည်း လူ့အခွင့်အရေးအုပ်စုများက တောင်းဆိုထားသည်။ နယ်စပ် တစ်လျှောက် စခန်းချနေထိုင်သူ ရွှေ့ ပြောင်းနေထိုင်သူ အရေအတွက်မှာ ၃၀၀၀ နှင့် ၄၀၀၀ ကြားရှိသည်ဟု ပိုလန် နိုင်ငံက ခန့်မှန်းထားသည်။
မိမိနေရပ် ပြန်လိုသူများအတွက် မင့်စ်ခ်မြို့မှ ဘဂ္ဂဒက်သို့ပျံသန်းမည့် လေယာဉ်လည်း ပြင်ဆင်ပေးထား ကြောင်း ဘီလာရုစ်ဘက်မှပြောသည်။
အချိန်ယူရဦးမည်
ရွှေ့ပြောင်းနေထိုင်သူဖြစ်လာမည့်သူများကို ဘီလာရုစ်နိုင်ငံသို့ တင်ဆောင် လာခြင်းကို ရပ်တန့်သွားမည်ဟုလည်း လေကြောင်းလိုင်း အများအပြားက ပြောသည်။ သို့သော်လည်း အဆိုပါ ပြဿနာ ပြီးပြတ်သွားစေရန်အတွက်မူ အချိန်ယူရဦးမည်ဖြစ်ကြောင်း အာဏာ ပိုင်များက သတိပေးထားသည်။
ပိုလန် - ဘီလာရုစ်နယ်စပ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများမှာ လျင်လျင်မြန်မြန်ဖြေရှင်းရန် မဖြစ်နိုင် သည့်အတွက် ပြင်ဆင်မှုများပြုလုပ်ထား ရမည်ဟု ပိုလန်ကာကွယ်ရေးဝန်ကြီး မာရီယု ဘလက်ချက်ဇ်က နိုဝင်ဘာ ၁၇ ရက်တွင် ပြောသည်။ ။
ကိုးကား - အေအက်ဖ်ပီ