ပိုမိုကောင်းမွန်သောအနာဂတ်များဖြင့် နှစ်သစ်ကိုကြိုဆို

Type

သိန်းထွန်း (IR)

======

နှစ်ဟောင်းကုန်၍ နှစ်သစ်တစ်ခုသို့ ပြောင်းလဲလေပြီ။ 


ခရစ်နှစ်အားဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ သို့ ကူးပြောင်းခြင်းပေတည်း။ မြန်မာသက္ကရာဇ်အားဖြင့် ၁၃၈၃ ခုနှစ် နတ်တော်လ။ ရာသီဥတုအားဖြင့် ဟေမန္တ ဆောင်းရာသီဖြစ်သည်။ နံနက်ခင်းတွင် မြူနှင်းမှုန်များကြား အေးစိမ့်စိမ့်ဖြင့် ကိုယ်စိတ်နှလုံး အေးချမ်းလှပါ၏။ အေးမြမြနံနက်ခင်း တွင် ကြည်လင်သောစိတ်တို့သည် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းလာပြန် ၏။ သဘာဝလောကဓာတ်ကြီးပင် ဆောင်းဥတုနှင့်အတူ အေးချမ်းမှု၊ ငြိမ်းချမ်းမှုတို့ကို ဖော်ကျူးနေပေသည်။ မိမိတို့လူသားများအနေဖြင့် ရော နှစ်သစ်ဆောင်းဥတုနှင့်အတူ အေးချမ်းမှု၊ ငြိမ်းချမ်းမှု ရှိစေချင်လှ သည်။


စိတ်သစ်၊ လူသစ်၊ အတွေးသစ်များဖြင့်


အေးချမ်းလှသည့် ရာသီတွင်  နှစ်တစ်နှစ်၏  နှစ်ဟောင်းနှစ်သစ် ကူးပြောင်းမှုမှာ အေးချမ်းသော၊  သာယာသော  အတိတ်နိမိတ်အဖြစ် မှတ်ယူမိသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ စိတ်သစ်၊ လူသစ်၊ အတွေး သစ်များဖြင့် မျှော်ကြည့်နေမိသည်။  တိုတောင်းလှသည့်  လူ့ဘဝ၏ နှစ်တစ်ခုမှ တစ်ခုသို့ အကူးအပြောင်းကို တန်ဖိုးဖြတ်၍မရစကောင်း။ နှစ်တစ်နှစ် ကူးပြောင်းခြင်းဆိုသည်မှာ အချိန်ကာလတစ်ခု ပြောင်းလဲ ခြင်းထက်   အဓိပ္ပာယ်ပိုပါသည်။    နှစ်တစ်နှစ်ပြောင်းလဲခြင်းသည် အသက်တစ်နှစ်ကြီးသွားခြင်း၊ သေဆုံးရန် တစ်နှစ် ပိုမိုနီးကပ်သွားခြင်း အဖြစ် ယူဆနိုင်သကဲ့သို့ အခြားတစ်ဖက်တွင် အတွေ့အကြုံ၊ အတွေး အခေါ် ရင့်ကျက်လာခြင်း၊  ဘဝသင်ခန်းစာများကို  အကောင်း၊ အဆိုး ခွဲခြားရယူနိုင်ခြင်းကဲ့သို့သော ဘဝတိုးတက်ရေးဟုလည်း ယူဆမည် ဆိုပါက  ယူဆနိုင်ပေလိမ့်မည်။  သို့သော်   ထိုယူဆချက်များသည် အားလုံးအတွက် အကျုံးဝင်သည်ဟုတော့ မဆိုသာ။
ငယ်ရွယ်စဉ်ကလေးဘဝ၊   လူငယ်ဘဝများက    နှစ်တစ်နှစ် ကူးပြောင်းခြင်းကို သာမန်အချိန်တစ်ခုပြောင်းလဲခြင်းဆိုသည်ထက် ပိုသတိမထားမိခဲ့ပါ။  မြန်မာနှစ်သစ်ကူးဆိုလျှင်   ပျော်ရွှင်ရသည်။ လူငယ်သဘာဝ ပျော်ရွှင်ချင်လို၍ နှစ်သစ်ကိုမျှော်ရသည်။ ခရစ်နှစ်ကူး ပြန်တော့လည်း  အများနည်းတူ ပျော်ရ၍ မျှော်ရပြန်သည်။ သို့သော် အသက်အရွယ်နှင့် ဘဝအတွေ့အကြုံများ များလာသည့်အချိန်တွင် နှစ်တစ်နှစ်ကူးပြောင်းလိုက်တိုင်း   ဪ ...  အသက်တစ်နှစ်ကြီး ပြန်ပါပကောဟု အမှတ်ထင်ထင်သတိပြုမိသည်။ 


နှစ်ဟောင်းအတွင်းမှာ ကောင်းတာ ဘာတွေလုပ်ခဲ့လဲ၊ မကောင်း တာ ဘာတွေလုပ်ခဲ့သလဲ၊ ဘဝအတွက်၊ သံသရာအတွက် အကျိုးရှိခဲ့ သလား၊ အကျိုးယုတ်ခဲ့သလား ဆင်ခြင်မိလာသည်။ ဘဝအသိများကို သတိပေးနေသည်ဟုလည်း    စိတ်တွင်      သတိထားမိလာသည်။ နှစ်ဟောင်းကုန်လျှင် ယင်းနှစ်ဟောင်းအတွင်းက မိမိ၏ ကိုယ်၊ စိတ်၊  နှလုံး သုံးပါးစလုံး၏ တွေးခဲ့သမျှ၊ ပြောခဲ့သမျှ၊ ပြုလုပ်ခဲ့သမျှကို  ငဲ့စောင်းကြည့်မိတတ်လာသည်။     ဆင်ခြင်ကြည့်ခြင်းလား၊ နောင်တဖြင့်ကြည့်ခြင်းလား၊ သံဝေဂနှင့်ကြည့်ခြင်းလား  တစ်ခါတစ်ရံ   ကွဲကွဲပြားပြားမရှိတတ်။


ထိုသို့ကြည့်မိပြန်တော့ တစ်နှစ်တာအတွင်း ဖြတ်သန်းခဲ့မှုများ သည် ရုပ်ရှင်ကားတစ်ကားပမာ။ ရယ်လိုက်ရ၊ ငိုလိုက်ရ၊ လွမ်းလိုက်ရ၊ ချစ်လိုက်ရ၊ မုန်းလိုက်ရ၊ ချိုလိုက်ရ၊ ခါးလိုက်ရသည့် သင်္ခါရလောက၏ ဘဝအစိတ်အပိုင်း ကားဆက်များလို  ဆက်စပ်မြင်ရသည်။ တစ်နှစ် တာ အနှစ်ချုပ်လိုက်လျှင်တော့ ပျော်စရာဇာတ်သိမ်းလား၊ လွမ်းစရာ ဇာတ်သိမ်းလား၊ ချစ်ခြင်းတွေနဲ့ ဇာတ်သိမ်းလား၊ အမုန်းတရားတွေနဲ့ ဇာတ်သိမ်းလား မဆိုတတ်။ တစ်ဦးချင်းဘဝအလိုက် ရှိကြပေမပေါ့...။ မိမိကိုယ်တိုင်က ဘယ်လိုဇာတ်သိမ်းမျိုးကို  ကြိုက်သလဲ ၊  ကိုယ့်ဘဝ ကိုယ့်ဇာတ်မှာ   ကိုယ်တိုင်ဒါရိုက်တာအဖြစ်နဲ့  မင်းသား၊   လူကြမ်း၊ မင်းသမီး၊ ဇာတ်ပို့၊ သူတော်ကောင်း၊ သူယုတ်မာ ကြိုက်ရာဇာတ်ရုပ် မှာ    သရုပ်ဆောင်ကြပေါ့။     ကိုယ်သရုပ်ဆောင်သည့်အတိုင်း ဇာတ်သိမ်းရမည်ကတော့ သေချာသည်။ ၂၀၂၁ ခုနှစ် ဇာတ်ကားကြီး အတွက် တစ်နှစ်တာသရုပ်ဆောင်ချက်နဲ့ မည်သို့ ဇာတ်သိမ်းကြမည် ဆိုသည်က ကိုယ်တိုင်အသိဆုံးဖြစ်ပေလိမ့်မည်။ ဗုဒ္ဓတရားတော်အရ သဒိသံ ပါကံ ဇနေတိ မိမိပြုသောကံသည်  တူသောအကျိုးကိုပေး၏ ဆိုသည်ကို ဆင်ခြင်ကြရပါမည်။


အဓိပ္ပာယ်ပြည့်ဝသောပြောင်းလဲခြင်း


သို့ဆိုလျှင် နှစ်ဟောင်းကုန်၍  နှစ်သစ်ကူးချိန်တွင်  နှစ်ဟောင်း ကို ဘယ်လိုအသုံးချကြမလဲဆိုသည်ကို  စိတ်ဝင်စားမိပါ၏။  တစ်နှစ် တာ နှစ်ဟောင်းအတွင်းမှ ဆက်လက်ယူဆောင်ရမည့် သင်ခန်းစာများ၊ စွန့်လွှတ်ရမည့်အရာများ၊   ပြောင်းလဲရမည့်အရာများ    ဆိုသည်က လူတိုင်းနီးပါးတွင်   ရှိနေကြသည်ကိုး။   ယင်းတို့သည်   လာမည့် နှစ်သစ်အတွက် တွန်းအားများ၊ ခွန်အားများအဖြစ် ပြောင်းလဲကြ မည်လား၊ နောက်ပြန်ဆွဲအားများအဖြစ် ထားရှိကြမည်လား ... ဆိုသည် က တစ်ဦးနှင့်တစ်ဦး ကွဲပြားကြပါလိမ့်မည်။ မည်သို့ကွဲပြားသည်ဖြစ်စေ ဘဝတစ်ခုတိုးတက်ရန် နှစ်ဟောင်းမှ တွန်းအား သို့မဟုတ် ဆွဲအား များကို ဆင်ခြင်သိဖြင့် ပြုပြင်မှသာ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်း ခြင်းဆိုသည်က   အဓိပ္ပာယ်ပြည့်ဝသောပြောင်းလဲခြင်း  ဖြစ်လာပါ လိမ့်မည်။ 
ပြောင်းလဲခြင်းဆိုရာမှာ တစ်စုံတစ်ခုကို မတူညီအောင်ပြုလုပ်ခြင်း၊ နေရာ၊ လမ်းကြောင်းနှင့် ဦးတည်ချက် ပြောင်းလဲခြင်း၊ အစားထိုးခြင်း ဆိုသည့်   အဓိပ္ပာယ်များပါဝင်ပါသည်။  အဟောင်းများထဲတွင်သာ တဝဲလည်လည်ဖြစ်နေခြင်းကို ပြောင်းလဲခြင်းဟု မဆိုနိုင်။ သို့သော် ကောင်းသောပြောင်းလဲခြင်း၊ တိုးတက်သော ပြောင်းလဲခြင်းဖြစ်ရန် တော့ လိုအပ်မည်ဖြစ်သည်။


လောကတွင်  မပြောင်းလဲသောတရားသည်  ပြောင်းလဲခြင်းဟု ဆိုပါ၏။ မှန်ပါသည်။ မည်သည့်အရာမဆို၊ မည်သူမဆို ပြောင်းလဲနေ သည့်   သဘာဝတရားနှင့်အတူ   လိုက်ပါပြောင်းလဲနေကြရပါသည်။ မပြောင်းမလဲ တစ်သမတ်တည်း ရပ်နေ၍မရ။ အချိန်များ ပြောင်းလဲနေ ပါသည်။ အခြေအနေများ  ပြောင်းလဲနေပါသည်။   မိမိတို့  အသက်၊ ရုပ်ခန္ဓာနှင့် စိတ်တို့သည်ပင် တရစပ်ပြောင်းလဲနေသည်မဟုတ်လား။ လက်တစ်ဖျစ်အတွင်း    စိတ်ပေါင်းများစွာ    ပြောင်းလဲနေပါသည်။ ရုပ်ကလာပ်စည်းများသည်လည်း ထိုနည်းနှင်နှင်ပင်။ သို့သော်လည်း ပြောင်းတော့ ပြောင်းလဲပါ၏။ မည်သို့ ပြောင်းလဲကြသနည်းဆိုသည် ကလည်း မေးခွန်းထုတ်ချင်စရာဖြစ်သည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ဆက်လက်ယူဆောင်ရမည့် ကောင်းမှုများ၊ နှစ်ဟောင်းတွင် ထားခဲ့ရမည့် မကောင်းမှုများ၊ နှစ်သစ်အတွက် ပြောင်းလဲပြင်ဆင်ရမည့်အရာများ စသည်ဖြင့် သတိဖြင့်ဆင်ခြင်မှသာ တိုးတက်သော ပြောင်းလဲခြင်း မည်ပါလိမ့်မည်။ 
သို့သော်လည်း ကောင်းမှု မကောင်းမှု၊ အမှန်အမှား၊ အဖြူအမည်း ဒွန်တွဲနေတတ်သည့် သဘာဝတွင် တစ်ခါတစ်ရံ တစ်ဖက်တည်းကြည့်၍ အမှားအမှန် ဆုံးဖြတ်ရန် ခက်ခဲလှပါသည်။ မည်သို့ဆိုစေ ကိုယ်ကိုယ် တိုင်အတွက်ဖြစ်စေ၊ အများအတွက်ဖြစ်စေ  အတ္တ၊ ပရ  မျှတသော၊  တစ်နည်းအားဖြင့် အများအကျိုး၊ ကိုယ့်အကျိုး ညီညွတ်မျှတစွာဖြင့် ပြောင်းလဲကြရမည် ဖြစ်ပေသည်။


ပိုမိုတိုးတက်သောနှစ်သစ်ဆီဦးတည်


နှစ်သစ်ကူးပြောင်းရာတွင် မည်သူ့ကိုမဆို အတိတ်မှဆိုးရွားသော ဒဏ်ရာဒဏ်ချက်များဖြင့် နှစ်သစ်သို့ မကူးပြောင်းစေချင်ပါ။ လူတိုင်း ကောင်းမွန်သောအနာဂတ်များကို ပိုင်ဆိုင်စေချင်ပါသည်။ သို့ဖြစ် သည့်အတွက်   နှစ်ဟောင်းမှ   သင်ခန်းစာတို့ကို   မိမိတို့ကိုယ်တိုင် လေ့လာသင်ယူကြရပါမည်။ သင်ယူသည်ဆိုရာတွင်လည်း တိုးတက် မှုအတွက် အသစ်အသစ်များကို လေ့လာသင်ယူရသကဲ့သို့ အမှားများ ထပ်ကာထပ်ကာ  မမှားမိစေရန်  အတိတ်သမိုင်းကိုလည်း  လေ့လာ သင်ယူကြရပါသည်။ အတိတ်သမိုင်းတို့တွင် မှန်ကန်သောလုပ်ရပ်ရှိ သည့်နည်းတူ၊ သင်ခန်းစာယူပြုပြင်ရမည့် လုပ်ရပ်များလည်း ရှိနေ တတ်ကြပါသည်။ ထိုသို့ သင်ခန်းစာယူပြုပြင်ပြောင်းလဲကြမှလည်း ပိုမိုတိုးတက်သော နှစ်သစ်ဆီဦးတည်နိုင်မည် မဟုတ်ပါလား။ လူတိုင်း ကတော့   ပိုမိုကောင်းမွန်သည့်   အနာဂတ်များကို   ပိုင်ဆိုင်လိုကြ၊ ဖြတ်သန်းလိုကြပါသည်။ သို့ဆိုလျှင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးကို မှန်မှန်ကန်ကန် ရှုမြင်ဆင်ခြင်ရပ်တည်နိုင်ဖို့ ပြင်ဆင် ကြရပါမည်။
ထိုသို့မဟုတ်ဘဲ အတိတ်၏ အမှားများကို မပြင်ဆင်၊ မပြောင်းလဲ နိုင်ဘဲ အနာဂတ်ကိုသာ  မျှော်မှန်းလုပ်ကိုင်နေမည်ဆိုပါက  ပစ္စုပ္ပန် လုပ်ဆောင်မှုများသည်   အိတ်ပေါက်နှင့်   ဖားကောက်နေသကဲ့သို့ လုပ်သလောက် အကျိုးမရောက် ဖြစ်နိုင်ပါသည်။ ဖြစ်နေတာ၊ ဖြစ်ချင် တာနှင့်     ဖြစ်သင့်တာအကြား   ကွာဟချက်   ကြီးမားနေသမျှ လုပ်သလောက် အရာရောက်ရန် ခက်ခဲနေပါလိမ့်မည်။  မြတ်စွာဘုရား ဟောကြားသကဲ့သို့ အစွန်းနှစ်ဖက်ကို ရှောင်ကြဉ်ကြရပါမည်။ ဖြစ်နေ တာက တခြား၊ ဖြစ်ချင်တာက   တခြား သို့မဟုတ်   ဖြစ်ချင်တာက တခြား၊  ဖြစ်သင့်တာက  တခြားကဲ့သို့ စိတ်ခံစားမှုဖြင့် အစွန်းနှစ်ပါး တွင် ရပ်တည်နေခြင်းမှာ သမ္မာသမာဓိ မှန်ကန်စွာ စိတ်ကိုထားခြင်းဟု မဆိုလိုနိုင်ပေ။ မှန်ကန်စွာ စိတ်ကိုထားနိုင်မှသာ အတွေး၊ အကြံ၊ အပြော၊ အပြုအမူတို့လည်း မှန်ကန်လာမည်ဖြစ်ပါသည်။ 
တွေးခေါ်ပညာရှင်ကြီး  ပလေတိုက  ဆင်ခြင်မှု  (reason)  နှင့် စိတ်ခံစားချက် (emotion) သည် ကျွန်တော်တို့ကို ဆန့်ကျင်ဘက်အရပ် ကို ဆွဲခေါ်နေသည့်မြင်းနှစ်ကောင်နှင့်တူကြောင်း ဆိုဖူးပါသည်။ ဆင်ခြင်မှုနှင့်  စိတ်ခံစားချက်မှာ  လူတိုင်းအတွက် လိုအပ်ပါသည်။ စိတ်ခံစားချက်များသည် လူတစ်ဦးအတွက်  စွမ်းအားများ၊  တွန်းအား များကို ပေးနေပါသည်။ ယင်းစွမ်းအားများကြောင့် တိုးတက်မှုများ ဖြစ်လာပါသည်။ သို့သော်  ယင်းစိတ်စွမ်းအားများကို   အထိန်းအကွပ်မဲ့  ထားခြင်းသည် အစွန်းတစ်ဖက်သို့ ရောက်ရှိစေနိုင်ပါ၏။ စိတ်ခံစားချက် များ အစွန်းတစ်ဖက်သို့ မရောက်စေရန်ဆိုပါက ဆင်ခြင်တုံတရားဖြင့် ထိန်းကျောင်းရမည် ဖြစ်ပါသည်။ သို့မှသာ ဟန်ချက်ညီသော ဘဝ၊ ဟန်ချက်ညီသောနေထိုင်မှုနှင့်   တိုးတက်မှုတို့   ရရှိလာမည်ဖြစ်ပါ သည်။


တကယ်တော့ ငါနှင့်ငါသာ နှိုင်းယှဉ်ရာဟု မှတ်ထင်ကျင်လည်နေ ကြသည့်   လူ့ဘဝသက်တမ်းဆိုသည်မှာ   သံသရာနှင့်နှိုင်းယှဉ်လျှင် သမုဒ္ဒရာထက်မှ ရေပွက်ပမာ တိုတောင်းလွန်းလှပါ၏။ ထို့အပြင် မနက်ဖြန်ကိုပင် ကိုယ်မပိုင်သည့်ဘဝတွင် ပစ္စုပ္ပန်တည့်တည့်၌ မှန်ကန် စွာနေထိုင်ခြင်းသည်ပင် အနာဂတ်အတွက် ပြင်ဆင်ခြင်းပင် မဟုတ် ပါလား။ သို့ဖြစ်ရာ နှစ်သစ်တွင် လူတိုင်းကိုယ်စီ ဆင်ခြင်မှုနှင့်ခံစားချက် တို့  အညီအညွတ်ပေါင်းစပ်နိုင်ကြ၍   ပိုမိုကောင်းမွန်သောအနာဂတ် များ    ပိုင်ဆိုင်နိုင်ပါစေကြောင်း     နှစ်သစ်ဆုမွန်တောင်းလိုက်ရ ပါသည်။           ။