နိုင်ငံ့စီးပွားရေး မောင်းနှင်အားကောင်းမွန်စေရန်၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် အဓိကအဟန့်အတားဖြစ်သည့် တရားမဝင် ကုန်သွယ်မှုကို ယခုထက် ပိုမိုထိရောက်စွာ တားဆီးစစ်ဆေး အရေးယူရန်လိုအပ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃) တွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများ အမြစ်တွယ်ကြီးထွားနေခြင်းသည် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဝင် ကုန်သွယ်မှုများကို ကြီးမားလှစွာသော အနှောင့်အယှက်အဟန့် အတားပင်ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုများ လျော့နည်း ပပျောက်သွားသည်အထိ တိုက်ဖျက်သွားရမည်ဖြစ်သည်။
“နိုင်ငံတိုင်းတွင် တရားမဝင်ကုန်သွယ်မှုများ ရှိသော်လည်း မိမိတို့နိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုများသည် ခေတ် အဆက်ဆက်ကျယ်ပြန့်စွာ အမြစ်တွယ်ကြီးထွားနေသည့်အတွက် ယင်းကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဆက်လက်၍လည်း အရေးယူမှုများကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မှန်မှန်ကန်ကန်နှင့် မဆောင်ရွက်နိုင်ပါက နိုင်ငံ၏စီးပွားရေးကို ထိခိုက်သည့်အပြင် မိမိတို့ဆောင်ရွက်နေ သည့် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာ ထိခိုက်စေပါကြောင်း။” ဖြင့်လည်း ဦးဆောင်ကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ တရားမဝင်ကုန်သွယ်မှုသည် မိမိတို့နိုင်ငံတွင် စီမံကိန်းချစီးပွားရေး စနစ်ကျင့်သုံးခဲ့သည့်ခေတ်အတွင်း ကြီးကြီးမားမား၊ ကျယ်ကျယ် ပြန့်ပြန့်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ရာ မှောင်ခိုကုန်သွယ်မှုအဖြစ် လူသိများခဲ့သည့် အဆိုပါတရားမဝင်လုပ်ငန်းတွင် ဌာနဆိုင်ရာ အချို့မှ အကျင့်ပျက်ဝန်ထမ်းများပါ ပါဝင်ပတ်သက်ခဲ့ကြသည်ကို တွေ့ရသည်။ ခေတ်အဆက်ဆက်တွင် အမြစ်တွယ်ကြီးထွားခဲ့သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် အားနည်းချက်များ ကို ဖြည့်ဆည်းပြီး မဖြစ်မနေသန္နိဋ္ဌာန်ဖြင့် ပိုမို၍ထိရောက်စွာ ဆောင်ရွက်သွားရမည် ဖြစ်သည်။
ယခုအခါ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များ၏ ဆောင်ရွက်ချက်ဖြင့် တစ်နှစ် ထက်တစ်နှစ်ပို၍ ဖမ်းဆီးအမှုတွဲနှင့် ဖမ်းဆီးရမိတန်ဖိုးများ ပိုမိုဆောင်ရွက်နိုင်သည့်တိုင်အောင် တရားမဝင်ကုန်သွယ်မှုမှာ လျော့နည်းပပျောက်သွားခြင်းမရှိသည်ကို တွေ့ရသည်။ ဤသည် မှာ တရားမဝင်ကုန်သွယ်သူများအနေဖြင့် ဖမ်းဆီးမှုများ ရှိနေ သော်လည်း ဆက်လက်လုပ်ကိုင်မြဲဖြစ်ပြီး ဥပဒေ၏ အားနည်းချက် အပေါ်တွင် အသုံးချ၍ တရားမဝင်ကုန်သွယ်မှု ဆက်လက်ရှင်သန် နေခြင်းဟု ယူဆဖွယ်ရှိသည်။ ဇူလိုင်နှင့် ဩဂုတ်လအတွင်း ထူးခြားဖြစ်စဉ်အနေဖြင့် တရားမဝင် ပြောင်းဆန်တင်ပို့မှုများကို ဖော်ထုတ်နိုင်ခဲ့ပြီး ရထား၊ ရေယာဉ်၊ မော်တော်ယာဉ်များဖြင့် တရားမဝင်ပို့ကုန်အဖြစ် တင်ပို့ရန်ကြိုးပမ်းခဲ့သည့် ပြောင်းစေ့ တန်ချိန် ၄၆၀၀ ခန့်၊ ကာလတန်ဖိုးကျပ် ၂ ဒသမ ၉ ဘီလီယံကျော် ကို သက်ဆိုင်ရာပြည်သူ့ဝန်ထမ်းကောင်းများ၏ ကြိုးပမ်းမှုအရ တားဆီးဖော်ထုတ်အရေးယူနိုင်ခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့်အထောက်အထားမဲ့ ပစ္စည်းများသည် ပြောင်းစေ့များဖြစ်ပြီး ပျက်စီးလွယ်သည့် ပစ္စည်း များဖြစ်ခြင်းကြောင့် ဥပဒေအရ အမြန်ဆုံးအရေးယူနိုင်ရေး ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပစ္စည်းများကိုမပျက်မစီးဘဲ ထုခွဲ ရောင်းချနိုင်ခဲ့သည်။ စနစ်တကျဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် မူလခန့်မှန်းသည့်ငွေပမာဏထက် ပိုမိုရရှိပြီး နိုင်ငံအတွက် ပိုမို အကျိုးဖြစ်ထွန်းစေခဲ့သည်။ တရားမဝင်ကုန်သွယ်မှုသည် သွင်းကုန် ပိုင်းမှာသာမက ပို့ကုန်ပိုင်းမှာပါရှိနေခြင်းဖြစ်ရာ အထူးအဖွဲ့များ က ယခင်ထက်ပို၍ စေ့စေ့စပ်စပ်ဖော်ထုတ်ဖမ်းဆီးရန်လည်း ဦးဆောင်ကော်မတီဥက္ကဋ္ဌက မှာကြားခဲ့သည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ခြင်းသည် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းလုပ်ငန်းရှင်များ၏ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းအတွက်ပါ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ရာ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက အလေးအနက်ထားကာ ပိုမိုကြိုးပမ်းထမ်းရွက်ကြရပါမည့် အကြောင်း။ ။