မျက်မှောက်ခေတ် စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတ်မြေဩဇာ များနှင့်တကွ စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများ (Agro-Chemi-cals) ကို မရှိမဖြစ် သုံးစွဲလျက်ရှိကြသည်။ သီးနှံပင်များ ပိုးမွှား ကျရောက်ခြင်းမှ ကာကွယ်ရန် ပိုးသတ်ဆေးများ၊ ပေါင်းမြက်များ ကို ရှင်းလင်းရန်အတွက် ပေါင်းသတ်ဆေးများ၊ မှိုရောဂါကျရောက် ခြင်းအတွက် မှိုသတ်ဆေးများ၊ အပင်အသီးအနှံများ ဖွံ့ဖြိုးကြီးထွား ရန်အတွက် အပင်ဟော်မုန်းများ စသည်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း သုံးဓာတုပစ္စည်းများကို သုံးစွဲရာတွင် အန္တရာယ်ကင်းစွာစနစ်တကျ ကိုင်တွယ်သုံးစွဲခြင်းထက် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သုံးစွဲနေမှုများ အများအပြားရှိနေကြသည်ကို တွေ့ရသည်။
အပင်နှင့်သီးနှံများ ပိုးမွှားကျရောက်ခြင်းမှ ကာကွယ်နှိမ်နင်း နိုင်ရန် ထုတ်လုပ်ထားသော ပိုးသတ်ဆေးများသည် ပြင်းထန် သည့် ဓာတုအဆိပ်များဖြစ်ရာ စနစ်တကျကိုင်တွယ်ပြီး ထိထိရောက်ရောက် အသုံးပြုနိုင်ရန်လိုသည်။ သီးနှံပင်ကို ပက်ဖျန်းသည့် ပိုးသတ်ဆေးများသည် အနီးပတ်ဝန်းကျင်ရှိ မြေထု၊ ရေထု၊ လေထုထဲသို့ ကျရောက်လွင့်ပျံသွားသည့်အခါတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အဆိပ်သင့်မှုတို့ ဖြစ်ပေါ်စေသည်။ ပိုးသတ်ဆေးကို စနစ်တကျ မကိုင်တွယ်ခြင်းနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်တို့က လူနှင့်တိရစ္ဆာန်များကို အသက် အန္တရာယ်ဖြစ်စေသည်အထိ အန္တရာယ်ရှိသည်။ စိုက်ပျိုးရေး လုပ်ငန်းသုံးပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အသိပညာနည်းပါးမှု ကြောင့် အသက်သေဆုံးရသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ် လေ့ရှိရာ ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ပြုလုပ်ပေးသွားရန်လည်း လိုအပ်သည်။
သီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေးသုံးစွဲမည်ဆိုပါက ဆေး၏အာနိသင်၊ သုံးစွဲပုံအညွှန်းတို့ကို သေချာစွာ နားလည်သိရှိ ထားရန် လိုအပ်သည်။ ဆေးဖျန်းမည့်သူသည် ခန္ဓာကိုယ်တစ်ခု လုံးကို ကာကွယ်နိုင်ရန် ဦးထုပ်၊ မျက်မှန်၊ ရော်ဘာလက်အိတ်၊ ပါးစပ်နှာခေါင်းစည်း၊ အကာအကွယ်ဝတ်စုံ၊ ခြေစွပ်ဖိနပ် စသည် တို့ကို လုံလုံခြုံခြုံဝတ်ဆင်ရမည်။ ဆေးဖျန်းကိရိယာပုံး၊ ဆေးဖျန်း ပိုက်၊ ဆေးဖျန်းခေါင်းများ ကောင်း မကောင်း၊ လုံ မလုံ စစ်ဆေးရ မည်။ ပိုးသတ်ဆေးဘူး၊ ပုလင်းတို့ကို မဖိတ်မစဉ်အောင် ဖွင့်ရမည် ဖြစ်ပြီး ပါးစပ်ဖြင့် ကိုက်ဖွင့်ခြင်းမပြုရ။ ပိုးသတ်ဆေးအရည်၊ အမှုန့်တို့ကို ရေနှင့်ရောစပ်ရာတွင်လည်း တုတ်ဖြင့်သာ မွှေပေးရ မည်ဖြစ်ပြီး ၎င်းတုတ်ကို ရေဖြင့် ပြောင်စင်အောင် ဆေးကြော ရမည်။ ပိုးသတ်ဆေးဖိတ်စဉ်ကျရောက်သောနေရာများသည် အဆိပ်သင့်သောနေရာများဖြစ်သည့်အလျောက် ကလေးများ၊ ကြက်၊ ဝက် တိရစ္ဆာန်များ အန္တရာယ်ကင်းစေရန် ဆေးဖိတ်စဉ် ကျရောက်ထားသည့်နေရာကို ရေများများလောင်းခြင်း၊ သဲ၊ မြေမှုန့်များဖြင့် သေချာစွာဖုံးအုပ်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကြောင်း ပညာရှင်များက အကြံပြုထားသည်။
ပိုးသတ်ဆေးဖျန်းသူသည် ကျွမ်းကျင်လုပ်သားသာလျှင် ဖြစ်သင့်ပြီး လေတိုက်ချိန်တွင် လေအောက်မှလေတင်သို့ ဆေးမဖျန်းရန်၊ လေပြင်းထန်စွာတိုက်လာပါက ဆေးဖျန်းခြင်းကို ရပ်နားထားရန်၊ ဆေးဖျန်းချိန်တွင် ကလေးများနှင့် အကာအကွယ်မဲ့ လူများ၊ တိရစ္ဆာန်များအနီးတွင် ရှိမနေစေရန်လည်း သတိပြုကြရန် လိုသည်။ ဆေးဖျန်းမှုကို ခေတ္တနားပြီး ဆေးလိပ်သောက်ခြင်း၊ ရေသောက်ခြင်း၊ အစာစားခြင်းတို့ကိုလည်း လုံးဝရှောင်ကြဉ်ကြရ မည်ဖြစ်သည်။ ဆေးဖျန်းပြီးချိန်တွင် ဆေးဖျန်းပုံးနှင့် ကိရိယာများ၊ အကာအကွယ်ဝတ်ဆင်ထားသည်များအားလုံးကို ဆပ်ပြာ၊ ရေတို့ဖြင့် ပြောင်စင်အောင် ဆေးကြောလျှော်ဖွပ်ရန်၊ လူ၏ ခန္ဓာကိုယ်ကိုလည်း ဆပ်ပြာ၊ ရေများများဖြင့် ချိုးပေးရန်၊ ပိုးသတ် ဆေးပုလင်းဘူးတို့ကို သေချာလုံခြုံစွာ သိမ်းဆည်းရန်နှင့် သုံးစွဲ ကုန်ဆုံးသွားသော ပုလင်းခွံ၊ ဘူးခွံများကို မြေကျင်းနက်နက် တူး၍ မြှုပ်နှံရန် စသည်တို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက လမ်းညွှန်ထားသည်။
ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး များ အပါအဝင် စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများသည် သုံးစွဲသူများအန္တရာယ်ကင်းစေရန်သာမက စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများ၌ပါ ဓာတုဓာတ်ကြွင်းအန္တရာယ်ကင်းစေရန် စနစ်တကျ အသုံးပြုကြရမည်ဖြစ်သည်။ အထူးသဖြင့် မိမိတို့စိုက်ပျိုးသည့် သီးနှံများသည် ပြည်ပပို့ကုန်အဖြစ် ရည်ရွယ်ပါက နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဓာတုဓာတ်ကြွင်းအန္တရာယ်ကင်းရန် ဂရုပြုကြရမည်ဖြစ်သည်။ ပြည်တွင်းပြည်ပ မည်သည့်ဈေးကွက်သို့ ရည်ရွယ်သည်ဖြစ်စေ မိမိတို့စိုက်ပျိုးထုတ်လုပ်လိုက်သည့် ဟင်းသီးဟင်းရွက်၊ သီးနှံ၊ သစ်သီးဝလံများကို စားသုံးသူတို့ အစားအစာဘေးကင်းလုံခြုံရေးအတွက်ဟူသော စိတ်စေတနာဖြင့် ပိုးသတ်ဆေးအပါအဝင် ဓာတုဆေးဝါးများကို စည်းစနစ် တကျ ဆင်ဆင်ခြင်ခြင်အသုံးပြုကြရန် တိုက်တွန်းနှိုးဆော် အပ်ပါကြောင်း။ ။