
အစ္စလာမ္မာဘတ် ဩဂုတ် ၁၆
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာ ပတ်ထွန်ခဝါ ပြည်နယ်၌ နှစ်ရက်အတွင်း မျောက် ကျောက်ရောဂါဖြစ်ပွားသူ သုံးဦးထက်မနည်း တွေ့ရှိ ခဲ့သည်ဟု ဩဂုတ် ၁၆ ရက်တွင် ကျန်းမာရေးအရာရှိ တစ်ဦးက ပြောသည်။
ဩဂုတ် ၁၅ ရက်က တွေ့ရှိခဲ့ရသည့်မျောက်ကျောက်ရောဂါခံစားနေရသူမှာ အသက် ၃၄ နှစ် အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ကျန်နှစ်ဦးကိုမူ ဩဂုတ် ၁၆ ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးညွှန်ကြားရေးမှူးက ပြောသည်။ အရှေ့အလယ်ပိုင်းဒေသမှ အလုပ်လုပ်၍ ပြန်လာသူများတွင် မျောက်ကျောက်ရောဂါကူးစက် ခံထားရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ စတုတ္ထမြောက် ရောဂါကူးစက်ခံထားရသူ ဟု သံသယရှိသူ၏နမူနာများကို ဓာတ်ခွဲခန်းသို့ ပေးပို့ ထားသည်။ လက်ရှိ ရောဂါကူးစက်ခံထားရသူ သုံးဦး ကို သီးသန့်ခွဲထားပြီး ကျန်ဆေးရုံများတွင်လည်း သတိပေးမှုများ ထုတ်ပြန်ထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မျောက်ကျောက် ရောဂါကို တစ်ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးနောက် ပါကစ္စတန်အမျိုးသားကျန်းမာရေးအင်စတီကျုက မျောက်ကျောက်ရောဂါကာကွယ်ရေး ကြိုတင် ပြင်ဆင်မှုများ သေချာစေရန် ဩဂုတ် ၁၅ ရက်က အကြံပေးချက်ထုတ်ပြန်ခဲ့သည်။ ဆင်ဟွာ