ပါကစ္စတန်နိုင်ငံ၏ နျူကလီးယားသိပ္ပံပညာရှင် အဗ်ဒူကွာဒီယာခန် ကွယ်လွန်

အစ္စလာမ္မာဘတ်   အောက်တိုဘာ   ၁၀ 


ပါကစ္စတန်နိုင်ငံ၏   နျူကလီးယားသိပ္ပံပညာရှင်  အဗ်ဒူကွာ ဒီယာခန်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများခံစားရမှုကြောင့် ယနေ့ ကွယ်လွန်ကြောင်း ၎င်း၏မိသားစုက အတည်ပြုပြောကြားသည်။ 
အသက်   ၈၅   နှစ်အရွယ်  အဗ်ဒူကွာဒီယာခန်သည် ပါကစ္စတန်  နျူကလီးယားအစီအစဉ်ကို စတင်ဦးဆောင်သူ တစ်ဦးဖြစ်သည်။ 


ပို့ဆောင်ခဲ့


အဗ်ဒူကွာဒီယာခန်၏ ကျန်းမာရေးအခြေအနေ ဆိုးရွား လာသည့်အတွက်    မြို့တော်အစ္စလာမ္မာဘတ်ရှိ       ၎င်း၏ သုတေသနဓာတ်ခွဲခန်းများရှိသည့်ဆေးရုံသို့ ၎င်းအား ပို့ဆောင် ခဲ့ကြောင်း မိသားစုဝင်များက ဆိုသည်။ 


သြဂုတ်လအစောပိုင်းတွင်   အဗ်ဒူကွာဒီယာခန်သည် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရခြင်းကြောင့် အဆိုပါဆေးရုံသို့ ၎င်းအား ပို့ဆောင်ပေးခဲ့ရသည်။ ရက်အနည်းငယ်ကြာ ဆေးဝါး ကုသမှုများခံယူပြီးနောက်   ၎င်း၏ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသည့်အတွက် နေအိမ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ဆိုသည်။ 


ပါကစ္စတန်ဝန်ကြီးချုပ်   အီမရန်ခန်က  နျူကလီးယား သိပ္ပံပညာရှင် အဗ်ဒူကွာဒီယာခန် ကွယ်လွန်ခဲ့ခြင်းအပေါ် ၎င်း၏ မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။ 


ဝမ်းနည်းကြေကွဲ


ပါကစ္စတန်နိုင်ငံကို နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံအဖြစ်   ဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့်  ပြည်သူအားလုံး ကလည်း အဗ်ဒူကွာဒီယာခန်အား ချစ်မြတ်နိုးပါကြောင်းနှင့် ၎င်းကွယ်လွန်ရခြင်းအပေါ်   နိုင်ငံတစ်ဝန်းလုံး  ဝမ်းနည်းကြေကွဲ ရပါကြောင်း ဝန်ကြီးချုပ်ခန်က ရေးသားထားသည်။ 


အဗ်ဒူကွာဒီယာခန်၏   နိုင်ငံအပေါ်ချစ်မြတ်နိုးစိတ်နှင့် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်လာစေရန် ကြိုးစားအားထုတ်မှုများကို မည်သည့်အခါမျှ မေ့လျော့သွားမည် မဟုတ်ပါကြောင်း ပါကစ္စတန်သမ္မတ အာရဖ်အာဗီက ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အောင်ကျော်ကျော်