ပလတ်စတစ်အမှိုက်များကြောင့် ခြိမ်းခြောက်မှုအန္တရာယ်ရင်ဆိုင်ကြုံတွေ့နေရသော ရွှေ့ပြောင်းမျိုးစိတ်များ

 

ကေကေစိုး

စွန့်ပစ်ထားသည့်   ငါးဖမ်းပိုက်များကြောင့်  လင်းပိုင်များ  အသက် အန္တရာယ်နှင့်ကြုံတွေ့ရပြီး ဆင်များမှာလည်း အမှိုက်ပုံများကြားထဲမှ အစားအသောက်ကို ရှာဖွေစားသောက်ကြရသည်။ 
တောင်းဆိုခဲ့ကြ 
ရွှေ့ပြောင်းနေထိုင်သည့် သက်ရှိမျိုးစိတ်များမှာ ပလတ်စတစ် ညစ်ညမ်းမှုကြောင့်   အထိခိုက်ရဆုံး မျိုးစိတ်ဖြစ်လာသည်ဟု အာရှ-ပစိဖိတ်ဒေသ ကုလသမဂ္ဂ အစီရင်ခံစာအရသိရသည်။ ပလတ်စတစ် ညစ်ညမ်းအမှိုက်များကြောင့်   သဘာဝတောရိုင်းတိရစ္ဆာန်များ ဒုက္ခ ရောက်ကြရသည့်အတွက်   ယင်းပြဿနာကိုဖြေရှင်းရန်   အရေးယူ ဆောင်ရွက်ကြရန် တောင်းဆိုခဲ့ကြသည်။ 
အကျိုးသက်ရောက်မှုကို ဖော်ပြ 
ပလတ်စတစ်အမှုန်များမှာ  အလွန်ဝေးကွာပြီး  လူသူအရောက် အပေါက်နည်းပါးသည့် ဒေသများတွင်ပါ စိမ့်ဝင်နေသည်ကို တွေ့လာ ရသည်။  သမုဒ္ဒရာအနက်ဆုံးအပိုင်းတွင်  ကျက်စားကြသည့်  ငါး၏ ကိုယ်အတွင်းတွင်   ပလတ်စတစ်   အစိတ်အပိုင်းများတွေ့ရှိရပြီး အာတိတ်ရေခဲပြင်တွင်ပင် ပလတ်စတစ်အမှုန်များ  တွေ့လာရသည်။ ရွှေ့ပြောင်းတောရိုင်းတိရစ္ဆာန်  ထိန်းသိမ်းစောင့်ရှောက်ရေး အပြည် ပြည်ဆိုင်ရာ  သဘောတူညီမှုအတွက်  ကုလသမဂ္ဂအစီရင်ခံစာတွင် မြစ်အတွင်းနေထိုင်ကြသည့်  ရေချိုတိရစ္ဆာန်များတွင် ပလတ်စတစ် ညစ်ညမ်းမှု အကျိုးသက်ရောက်မှုကို ဖော်ပြခဲ့သည်။
ပိုမိုနီးစပ် 
ထို့ပြင် ကုန်းမြေတွင် နေထိုင်ကြသည့် တိရစ္ဆာန်များနှင့်ငှက်များ အပေါ် သက်ရောက်မှုကိုပါ ဖော်ပြခဲ့ကြသည်။ လူသားများ၏ အမှိုက် ပြဿနာကြောင့်   တိရစ္ဆာန်များအပေါ်  သက်ရောက်လာရမှုကို သုတေသီများက ဖော်ပြခဲ့ကြသည်။  ကုန်းနေ ရေနေသတ္တဝါများမှာ မတူညီသည့်    ပတ်ဝန်းကျင်များတွင်    ရှင်သန်ပေါက်ဖွားခဲ့ပြီး  စက်မှု ဖွံ့ဖြိုးပြီး ညစ်ညမ်းသည့်ဒေသများတွင် ပေါက်ဖွားလာသည့် သတ္တဝါ များလည်း ဖြစ်ကြသည်။ အဆိုပါသတ္တဝါများသည် ပလတ်စတစ်နှင့် ညစ်ညမ်းသည့် စွန့်ပစ်ပစ္စည်းများနှင့် ထိတွေ့မှု ပိုမိုနီးစပ်သည်။
ပင်လယ်အတွင်းသို့ စီးဝင်လာ 
ပင်လယ်ပြင်တွင်  တွေ့ရှိရသည့်  စွန့်ပစ်ပစ္စည်း ၈၀ ရာခိုင်နှုန်းမှာ  ကုန်းမြေပေါ်မှ    စွန့်ပစ်ပလတ်စတစ်အမှိုက်များ   ဖြစ်ကြသည်ဟု သုတေသီများက ပြောသည်။ မြစ်ချောင်းများမှတစ်ဆင့် စွန့်ပစ်အမှိုက် များမှာ ပင်လယ်အတွင်းသို့  စီးဝင်လာကြသည်ဟု သုတေသီများက ပြောသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အပြည်ပြည်ဆိုင်ရာသမဂ္ဂအတွက်  အဓိက  ထိပ်သီးအစည်းအဝေး ပြုလုပ်စဉ် ယခုကဲ့သို့ အစီရင်ခံစာထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 
အလေးထားဆောင်ရွက်သွားမည် 
၂၀၃၀ ပြည့်နှစ်တွင်  ပင်လယ်ပြင်တွင်   ညစ်ညမ်းပလတ်စတစ် အမှိုက်များစွန့်ပစ်မှုကို   အဆုံးသတ်စေရေး  တောင်းဆိုခဲ့ကြသည်။ ပလတ်စတစ်ညစ်ညမ်းမှုမှာ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်ပြီး ဖြေရှင်းမှုများပြုလုပ်ရန် လိုအပ်နေဆဲဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအပြည်ပြည်ဆိုင်ရာ သမဂ္ဂ မှ   အတွင်းရေးမှူးဖြစ်သူ   အေမီဖရန်ကလင်က    ပြောသည်။ ပလက်စတစ်ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရန်အတွက် အာရုံစိုက်ရန် လိုအပ်ပြီး  နောက်ထပ်ညစ်ညမ်းမှုများ ထပ်ဖြစ်မလာစေရန်အတွက် လည်း   ကာကွယ်မှုများပြုလုပ်ရန်   အလေးထားဆောင်ရွက်သွားရ မည်ဖြစ်သည်။ 
အန္တရာယ်မသေးလှ 
ကုလသမဂ္ဂအစီရင်ခံစာတွင်  ဂင်္ဂါနှင့်  မဲခေါင်မြစ်ဝှမ်းဒေသတို့ကို အဓိကထားဖော်ပြထားသည်။ ဂင်္ဂါနှင့်  မဲခေါင်မြစ်ဝှမ်းတို့မှ တစ်နှစ် လျှင် ပလတ်စတစ်ညစ်ညမ်းမှု  ခန့်မှန်းခြေအားဖြင့် တန်ချိန်  နှစ်သိန်း မှာ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ နှစ်စဉ်စီးဝင်သည် ဟု ဖော်ပြထားသည်။ ငါးဖမ်းပိုက်အပါအဝင် ငါးဖမ်းစွန့်ပစ်ပစ္စည်းများ ၏ ခြိမ်းခြောက်မှုအန္တရာယ်မှာလည်း မသေးလှပေ။ 
အသက်အန္တရာယ်ကြုံတွေ့ 
လင်းပိုင်များမှာ စွန့်ပစ်ထားသည့်  ငါးဖမ်းပိုက်အဟောင်းများကြောင့် ထောင်ချောက်မိပြီး အသက်အန္တရာယ်နှင့်ကြုံတွေ့ရသည်။ ရွှေ့ပြောင်း ပင်လယ်ငှက်များမှာလည်း  ပလတ်စတစ်စွန့်ပစ်အမှိုက်များကြောင့်  အသက်အန္တရာယ်ကြုံတွေ့ရသည်မျိုးရှိပြီး မျောပါလာသည့် စွန့်ပစ် အမှိုက်များကိုလည်း စားသုံးမိသည်များ ရှိတတ်သည်။ ကုန်းမြေပေါ် တွင်လည်း အာရှဆင်များမှာ အမှိုက်ပုံများကြားထဲတွင် အစားအသောက် ရှာဖွေစားသောက်နေရသည်ကို သီရိလင်္ကာတွင် တွေ့မြင်ရသည်။
ခြိမ်းခြောက်မှုများစွာနှင့် ရင်ဆိုင်ရ 
 ထိုင်းနိုင်ငံတွင်လည်း စွန့်ပစ်ပလတ်စတစ်အမှိုက်များကို စားသုံး နေသည့် ဆင်များကိုတွေ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။  အာရှ-ပစိဖိတ်ဒေသတွင် ကျင်လည်ကျက်စားနေကြသည့် တိရစ္ဆာန် များမှာ ခြိမ်းခြောက်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ ၎င်းတို့နေထိုင် ကျက်စားရာနေရာများ   ဆုံးရှုံးလာခြင်း၊  အလွန်အကျွံ  ငါးဖမ်းခြင်း  စက်မှုလုပ်ငန်းမှ  ညစ်ညမ်းအမှိုက်များနှင့်  ရာသီဥတုပြောင်းလဲမှုတို့ အပါအဝင် အခြားသော ခြိမ်းခြောက်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ 
တစ်ခုတည်းသောပြဿနာမဟုတ် 
ပလတ်စတစ်အမှိုက်    ညစ်ညမ်းမှုပြဿနာမှာ   တိရစ္ဆာန်များ ရင်ဆိုင်ကြုံတွေ့နေရသည့်   တစ်ခုတည်းသော   ပြဿနာမဟုတ်ပေ။ သဘာဝပတ်ဝန်းကျင်တွင်   အမှိုက်များစုပြုံလာခြင်း  ပြဿနာကို ဖြေရှင်းရန်အတွက် တောင်းဆိုလာကြသည်။ အမှိုက်များ စုပြုံမှုကို လျှော့ချနိုင်ရေးအတွက် ပြန်လည်အသုံးပြုနိုင်ရန်  ပိုမိုကောင်းမွန် သည့် ဒီဇိုင်းများပြုလုပ်ခြင်းနှင့် စွန့်ပစ်အမှိုက်များကြောင့် ရွှေ့ပြောင်း နေထိုင်နေကြသည့်   မျိုးစိတ်များ  ဘေးအန္တရာယ်ကြုံတွေ့ရပုံကို ပိုမို နားလည်သဘောပေါက်လာအောင် ပြုလုပ်ခြင်းတို့ပါဝင်သည်။ 
သတိပေးမှုပေါ်ထွက်လာ 
ပြင်သစ်နိုင်ငံ    မာဆဲလ်မြို့တွင်    တောရိုင်းတိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေးညီလာခံကို ကျင်းပခဲ့သည်။ ဇီဝမျိုးကွဲများ ဆုံးရှုံးလာ ခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊  ညစ်ညမ်းခြင်းနှင့် ရောဂါများ ပျံ့နှံ့ လာခြင်းတို့မှာ လက်ရှိကြုံတွေ့နေရသည့် ပြဿနာများဖြစ်ကြသည်။ ပင်လယ်သမုဒ္ဒရာများ ညစ်ညမ်းလာရမှုကို ကာကွယ်စောင့်ရှောက် ကြရန် သတိပေးမှုများ ပေါ်ထွက်လာသည်။
အမြတ်အစွန်းရသည့် လုပ်ငန်း 
 ၂၀၃၀ ပြည့်နှစ်တွင်   ပလက်စတစ်  စွန့်ပစ်အမှိုက်ပြဿနာကို ဖြေရှင်းရန် တောင်းဆိုခဲ့ကြသည်။ ပလတ်စတစ်အမှိုက်များသည် နှစ်စဉ် ပင်လယ်ငှက်တစ်သန်းကျော်ကို သေကျေပျက်စီးစေခဲ့သည်။ ထို့ပြင်ပင်လယ်နေသတ္တဝါ  တစ်သိန်းကျော်အတွက် အသက်အန္တရာယ် ဖြစ်စေခဲ့သည်။ တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးမှုမှာလည်း ဒေါ်လာ ဘီလီယံများစွာ အမြတ်အစွန်းရသည့် လုပ်ငန်းဖြစ်နေသည်။ အဆိုပါ လုပ်ငန်းကြောင့်လည်း  တောရိုင်းတိရစ္ဆာန်တို့၏  ရှင်သန်မှုဘဝကို ခြိမ်းခြောက်လျက်ရှိသည်။       ။               ကိုးကား - အေအက်ဖ်ပီ