ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချနိုင်ရေး ဝိုင်းဝန်းဖြေရှင်းပေး

 

ယနေ့   ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင်   စီးပွားရေးလျင်မြန်စွာ တိုးတက်လာမှုနှင့် အတူ မြို့ပြနှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးလာသည့်အလျောက် ပလတ်စတစ် အပါအဝင်   စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်  ပတ်သက်၍ သိသာထင်ရှားသော စိန်ခေါ်မှုများကို ပိုမို ကြုံတွေ့လာရသည်။ ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်း များအတွက် စနစ်ကျသည့် စီမံခန့်ခွဲမှုများကို ပြည်သူလူထုအတွင်း လိုက်နာမှု အားနည်းခြင်းကြောင့် စွန့်ပစ်ပစ္စည်းအား လမ်းများ၊ မြစ်၊ ချောင်း၊ အင်းအိုင် များတွင် အထိန်းအကွပ်မဲ့ စွန့်ပစ်လေ့ရှိကြသည့်အပြင် စွန့်ပစ်ပစ္စည်းများအား လဟာပြင်တွင်  မီးရှို့ဖျက်ဆီးခြင်းကြောင့် လေထု၊ မြေထုနှင့် ရေထုတို့ကို ညစ်ညမ်းစေလျက်ရှိသည်။ ကုန်းမြေမှ စွန့်ပစ်လိုက်သော ပလတ်စတစ်အမှိုက် သရိုက်များကို ပင်လယ်တွင်းနှင့်  ကမ်းရိုးတန်းတစ်လျှောက်  နေရာတိုင်းတွင် တွေ့နေရသည်။ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းသူများမှ အသုံးမပြုတော့သည့် ငါးဖမ်းပိုက်များကို ပင်လယ်တွင်းသို့ စွန့်ပစ်သဖြင့် အဏ္ဏဝါအမှိုက်သရိုက်များဖြစ်ပေါ်ကာ အဏ္ဏဝါရေပြင်ကို ညစ်ညမ်းမှုဖြစ်စေသည်။ ထို့ပြင် ရေနေသတ္တဝါ များက ပလတ်စတစ်အမှိုက်သရိုက်များကို ၎င်းတို့၏အစာအဖြစ် ထင်မှတ်ကာ စားခြင်း၊ ငြိတွယ်မိခြင်းတို့မှ အသက်သေဆုံးသည်အထိ ဖြစ်စေသည်။ စွန့်ပစ် ပလတ်စတစ်ပစ္စည်း စီမံခန့်ခွဲမှုလိုအပ်ချက်များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်စေသည်သာမက   ပြည်သူများ၏   ကျန်းမာရေးနှင့်  လူမှုရေးဆိုင်ရာ နယ်ပယ်များ၊ ခရီးသွားလုပ်ငန်းကဲ့သို့သော စီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက် စေသည်။

 


 ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို သမားရိုးကျစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ် ကျင့်သုံးနေခြင်းမှ စွန့်ပစ်ပစ္စည်းများအား ထွက်ရှိမှုလျှော့ချခြင်း၊ ပြန်လည် အသုံးပြုခြင်းနှင့်   အသုံးဝင်ပစ္စည်းများအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း စသည့်နည်းလမ်းများကိုအခြေခံသော ရေရှည်တည်တံ့ခိုင်မြဲပြီး အကျိုးဖြစ်ထွန်း သည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်သို့ ပြောင်းလဲကျင့်သုံးသွားနိုင်ရေးအတွက် စွန့်ပစ်ပစ္စည်းထွက်ရှိမှုနည်းပြီး  ပတ်ဝန်းကျင်ထိခိုက်မှု   သက်သာစေသည့် ပတ်လည်စီးပွားရေးစနစ် ဖော်ဆောင်ရန်လိုအပ်သည်။

 


စွန့်ပစ်ပစ္စည်းထွက်ရှိမှုနည်းပြီး ပတ်ဝန်းကျင်ထိခိုက်မှု သက်သာစေသည့် ပတ်လည်စီးပွားရေးစနစ်ဖော်ဆောင်နိုင်ရေးအတွက် ပလတ်စတစ်သုံးစွဲမှုကိုလျှော့ချခြင်း (Reduce)၊  တစ်ခါသုံး  ပလတ်စတစ်သုံးစွဲမှုကိုရှောင်ကြဉ်ပြီး အသုံးပြုနိုင်သေးသည့်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်း (Reuse) နှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ် ခြင်း (Recycle) စသည်တို့ပါဝင်သည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ဆိုင်ရာလုပ်ငန်းအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ရန်လိုအပ်သည်။

 


 ပလတ်စတစ်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ    လုပ်ငန်းအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ရာတွင် ပြည်သူလူထု၊ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများစသည့် ကဏ္ဍအားလုံးမှ ဆက်စပ်ပတ်သက်သူများအားလုံး  ပါဝင် ရန် လိုအပ်သည်။ လုပ်ငန်းအစီအစဉ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ဆန်းစစ်လေ့လာခြင်း၊ မူဝါဒများ ပြင်ဆင် မွမ်းမံရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကို အကဲဖြတ် ဆန်းစစ်ခြင်းတို့အား ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်သည်။

 


 ပင်လယ်ကမ်းရိုးတန်းများရှိ အမှိုက်သရိုက်များကို သန့်ရှင်းခြင်း၊ မြစ်များ သည် သမုဒ္ဒရာထဲသို့    ပလတ်စတစ်အပျက်အစီးများ   တိုက်ရိုက်ဝင်သော လမ်းကြောင်းများဖြစ်၍ မြစ်များကိုသန့်ရှင်းခြင်း၊ ပလတ်စတစ် အသုံးပြု ထုတ်ကုန်များ သုံးစွဲမှုကိုလျှော့ချခြင်း၊ ပြန်လည်သုံးစွဲခြင်း၊ ပြန်လည်ပြုပြင် ထုတ်လုပ်သုံးစွဲခြင်း၊ မလိုအပ်သော တစ်ခါသုံးပစ္စည်းများကို အသုံးမပြုခြင်း၊ ပလတ်စတစ်အစားထိုးပစ္စည်းများကို   သုံးစွဲခြင်း၊ အမှိုက်များကိုခွဲခြား၍ စနစ်တကျစွန့်ပစ်ခြင်း၊  အမှိုက်များကိုလဟာပြင်တွင် မီးရှို့ခြင်း၊ မြစ်များ၊ ချောင်းများထဲသို့ တိုက်ရိုက်စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ခြင်း၊ စုပေါင်းအမှိုက် ကောက်ပွဲများတွင်  ပါဝင်ခြင်းတို့ကို   တာဝန်သိစိတ်ဖြင့်   ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်သည်။

 


  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅ နှင့် ပုဒ်မ ၃၉၀၊ ပုဒ်မခွဲ (ခ) တို့တွင် နိုင်ငံတော်နှင့်  နိုင်ငံသားများသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရမည်ဟု သတ်မှတ်ပြဋ္ဌာန်း ထားသည်။ သို့ဖြစ်ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” နှင့်အညီ ပလတ်စတစ်ထုတ်လုပ်မှု၊ သုံးစွဲမှုနှင့်  ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမှကာကွယ်ရန် အစိုးရဌာနဆိုင်ရာများ၊ ပလတ်စတစ် စီးပွားရေး လုပ်ငန်းရှင်များ၊     အစိုးရမဟုတ်သော  အဖွဲ့အစည်းများနှင့်  အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊    ကျောင်းသား    ကျောင်းသူလူငယ်များအားလုံး သက်ဆိုင်ရာကဏ္ဍအလိုက်  အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။    ။