
ဆောင်းပါး
=======
ပန်းအလှပြင်တဲ့ ကတ်ကြေး
=================
ဒေါက်တာခင်မောင်လွင်
=============
ကျွန်တော်ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင်အဖြစ် ဌာနဆိုင်ရာ တာဝန်အနေနဲ့ ၁၉၉၇ ခုနှစ်ကတည်းက တာဝန်ယူခဲ့ရ ပါတယ်။ ရုပ်ရှင်ဥပဒေ အခန်း(၄)၊ ပုဒ်မ(၁၀)အရ ရုပ်ရှင် ဆင်ဆာအဖွဲ့ဝင်အဖြစ်သာမက ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ အခန်း(၇) ပုဒ်မ(၂၂) အရပါ ဖွဲ့စည်းထားတဲ့ ဗီဒီယိုဆင်ဆာအဖွဲ့ဝင်အဖြစ်ပါ ဝန်ထမ်းခဲ့ရပါတယ်။ ဝန်ထမ်းခဲ့တယ်ဆိုတာက တစ်နေ့ကို အနည်းဆုံး ငါးနာရီအချိန်ပေးပြီး ဆယ်နှစ်ကျော်ကာလအတွင်း ရုပ်ရှင်၊ ဗီဒီယိုကားပေါင်း နှစ်သောင်းကျော်မက ကြည့်ခဲ့ ရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးဟာ မသေးလှလို့ပါပဲ။
ဆင်ဆာအလုပ်မှာ ရင်းနှီးမြှုပ်နှံ
ရုပ်ရှင်ကားကြီးတွေထဲမှာ ပြည်တွင်းဖြစ်သာမက ပြည်ပကတင်သွင်းလာတဲ့ အိန္ဒိယ၊ ပြင်သစ်၊ ကိုရီးယား စတဲ့ ရုပ်ရှင်ကားကြီးတွေကို အင်္ဂလိပ်စာတန်းထိုး၊ မြန်မာ စာတန်းထိုး ဒါမှမဟုတ်လည်း စကားပြန်နဲ့ ကြည့်ခဲ့ ရပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်တွေ၊ ဘောလိဝုဒ်ရုပ်ရှင် တွေသာမက ဥရောပနိုင်ငံစုံက ရုပ်ရှင်တွေလည်း ပါပါ တယ်။ ဒီအထဲမှာ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေး အဖွဲ့ (အကယ်ဒမီ)ထဲမှာလည်း ပါခဲ့ဖူးတဲ့အတွက် မြန်မာ ဇာတ်ကားတစ်ကားကိုပဲ အကြိမ်ကြိမ်ကြည့်ရလို့ အလွတ်ရသလောက်နီးနီး ရှိပါတယ်။ ကျွန်တော့် သက်တမ်းရဲ့နာရီပေါင်းသုံးသောင်းလောက်ကို ဆင်ဆာ အလုပ်မှာ ရင်းနှီးမြှုပ်နှံခဲ့ရပြီး အနုပညာရှင်တွေရဲ့ ဖန်တီးမှုထဲမှာ စီးမျောပါသွားခဲ့ရတဲ့ ခံစားမှုတွေရဲ့ ရိုက်ချက်ဒဏ်ဟာ ပြင်းထန်လှပါတယ်။
ကျွန်တော့်လိုပဲ ကျန်တဲ့ဆင်ဆာအဖွဲ့ဝင်တွေဟာ အရင်းအနှီးကြီးကြီးပေးခဲ့ကြရပေမယ့် ရလဒ်ကတော့ အဆဲခံရခြင်း၊ စွပ်စွဲခံရခြင်းတွေ တော်တော်ပဲများပါတယ်။ အကယ်ဒမီထူးချွန်ဆုဆိုရင်လည်း ရသွားတဲ့သူက ဝမ်းသာသလောက် မရတဲ့သူတွေရဲ့ သံသယမျက်လုံး တွေနဲ့လည်း ဆုံရတွေ့ရပါတယ်။
“တစ်ယောက်အကြိုက်၊ ဆယ်ခါလိုက်လည်း၊ မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ၊ ကြီးစွာရန်သူ၊ ဖြစ်ဘိမူ၏” ဟူသောဆိုစကားလိုပဲ ရန်သူလည်းများလှပါတယ်။ အထူးသဖြင့် အနုပညာရှင်ရဲ့ရင်ထဲက ဖန်တီးမှုနဲ့ ကျွန်တော် တို့ရဲ့ရင်တွင်းဖြစ်ထောက်ညွှန်ချက်တွေ ထိပ်တိုက်တွေ့ပြီ ဆိုရင်ပေါ့၊ ကျွန်တော့်အတွက်ကတော့ မဆန်းပါဘူး။ စာရေးဆရာလုပ်သက် နှစ်ပေါင်းသုံးဆယ်ကြာမှ ဆင်ဆာ လူကြီးဖြစ်လာတဲ့အတွက် “ဖြတ်ကွက်” တွေကို အလွယ် တကူမြင်နိုင်တဲ့ ကိုယ်ချင်းစာစိတ်က ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေခဲ့ပါတယ်။ ကိုယ်ချင်းစာတယ်ဆိုတာက ကျွန်တော်ဖန်တီးရေးသားထားတဲ့ စာပေတွေကို စာပေ စိစစ်ရေးအဖွဲ့က အကြိမ်ကြိမ် နှိပ်ကွပ် ဖြတ်တောက် ဖယ်ရှားတာခံရဖူးလို့ပါပဲ။ ဒီလို အတွေ့အကြုံထဲကပဲ စာပေစိစစ်သူတွေ မမြင်အောင်၊ မသိအောင် လှည့်ပတ် ရေးသားတတ်တဲ့ ပညာကိုလည်း ရခဲ့ပါတယ်။ အငြိမ့် လူရွှင်တော်တွေလို တဲ့တိုးမပြက်ဘဲ ဇာတ်လူရွှင်တော် တွေလို အိမ်ပြန်ပြီး တစိမ့်စိမ့်တွေးတော့မှ အဓိပ္ပာယ် ပေါက်လာစေမယ့် ရေးသားတင်ဆက်မှုမျိုးကို လုပ်တတ် လာတယ်။ ကမ္ဘာပေါ်မှာ ဘယ်လိုစာရေးဆရာ၊ သတင်းစာဆရာမှ ဒီလိုဘဝမျိုးကြုံတွေ့ရမလဲဆိုတာ လည်း စဉ်းစားရင်း ရုပ်ရှင်ဆင်ဆာတွေကို သတိကြီးကြီး ထားပြီး လုပ်ခဲ့ပါတယ်။
အင်္ဂလိပ်ခေတ်ကတည်းက ဥပဒေနဲ့ မူဝါဒတွေဟာ ခေတ်အဆက်ဆက် ပြောင်းလဲခဲ့သလိုလိုနဲ့ အင်္ဂလိပ်စာ ကနေ မြန်မာစာအရေးအသားအဖြစ်နဲ့ရေးတဲ့ ဥပဒေ မျိုးပဲ ဆက်ရှိနေခဲ့တာလည်းအမှန်ပါ။ ဒီလိုနဲ့ ဆင်ဆာ လူကြီးတွေနဲ့ ရုပ်ရှင်လောကသားတွေ ဒူးတိုက်တွေ့ဆုံကာ ရင်ဖွင့်ကြမယ်လို့ကြံစည်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။ နောက်ဆုံးရလဒ်ကတော့ မြောက်မြား လှစွာသော ဆင်ဆာကန့်သတ်ချက်တွေကနေ ၆ ချက်ပဲ ကျန်ပါတော့တယ်။ မဖြစ်မနေ ထိန်းမယ်ပေါ့။
(က) နိုင်ငံရေး၊
(ခ) ဘာသာရေး၊
(ဂ) တိုင်းရင်းသားချစ်ကြည်ရေး၊
(ဃ) အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊
(င) ရက်စက်ကြမ်းကြုတ်မှုများ မပါဝင်ရေး၊
(စ) ကာမရာဂ လှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး ဆိုတဲ့ အချက်(၆)ချက်ပါ။
စာရွက်ပေါ်မှာတော့ အလွန်ရှင်းလင်းတိကျစွာ ရေးသားခဲ့ပါတယ်။ လက်တွေ့အကောင်အထည်ဖော်တဲ့ အခါမှာတော့ ညှိနှိုင်းဆွေးနွေးရတာတွေက သက်ဝင်လှပါ တယ်။ ရုပ်ရှင်နည်းဥပဒေ(၂၃)နှင့် ဗီဒီယိုလုပ်ငန်းဆိုင်ရာ နည်းဥပဒေ(၂၉)တို့မှာ ရှင်းရှင်းလင်းလင်းရှိနေပေမယ့် လုပ်ထုံးလုပ်နည်းနဲ့ စည်းမျဉ်း စည်းကမ်းတွေမှာတော့ ကွဲလွဲမှုလေးတွေ ရှိခဲ့ပါတယ်။ ဌာနဆိုင်ရာစည်းမျဉ်း စည်းကမ်းတွေ၊ ရုပ်ရှင်အစည်းအရုံးရဲ့ စည်းမျဉ်းစည်းကမ်း တွေအပြင် စီးပွားရေးလုပ်ငန်းလည်းဖြစ်နေတော့ ညှိရတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ ရုပ်ရှင်ဗီဒီယို ထုတ်လုပ်သူ တွေကတစ်ဖက်၊ ပြသသူတွေကတစ်ဖက်၊ ပြည်သူတွေက တစ်ဖက် အကြီးစားစီးပွားရေးလုပ်ငန်းတွေ ရှိနေသလို ရုပ်ရှင်လောကသားတွေရဲ့ စားဝတ်နေရေး ပြဿနာတွေဟာ ဆင်းရဲရာကနေ မွဲတေသွားတယ်ဆိုတာမျိုးက နိုင်ငံမှာ ရင်ဆိုင်ရတဲ့ လှိုင်းခတ်မှုပါပဲ။
ပန်းပန်လျက်ပါ
ဒီလိုကြီးမားလှတဲ့ အဟန့်အတားတွေကြားထဲကနေ ခုန်ပျံကျော်လွှားပြီး ပေါက်သွားတဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ လည်း ချီးကျူးဂုဏ်ယူစရာတွေ့ရပါတယ်။ ငွေအားဖြင့် အရင်းမကျေသည့်တိုင် အနုပညာအရည်အသွေးမြင့်မားတဲ့ ဇာတ်ကားတွေကိုလည်း သမိုင်းသက်သေအနေနဲ့ ပြစရာ များစွာရှိပါတယ်။ အနှစ်တစ်ရာသက်တမ်းရှိလာတဲ့ မြန်မာ့ ရုပ်ရှင်ဟာ ယနေ့အချိန်အထိ အညွန့်တလူလူ ရှင်သန် နေဆဲဖြစ်သလို မြန်မာ့ရုပ်ရှင်ကို သက်ဝင်လှုပ်ရှားစေတဲ့ ရုပ်ရှင်လောကသားတို့ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ “ပန်းပန်လျက်ပါ” လို့ ဆိုနိုင်ပါတယ်။
ရုပ်ရှင်လောကကြီး တိုးတက်ပြောင်းလဲသွားစေဖို့ သားစဉ်မြေးဆက် လက်ဆင့်ကမ်းခဲ့ကြသလို နိုင်ငံရပ်ခြား တွင် ရုပ်ရှင်တွေကို လေ့လာသင်ကြားလာခဲ့တဲ့ လူငယ်လေး တွေရဲ့ ကြိုးစားအားထုတ်မှုတွေရဲ့ ရလဒ်ကိုလည်း ထင်ထင် ရှားရှား မြင်ရတွေ့ရချိန်ကျမှ ကိုဗစ်ရောဂါကပ်ဆိုးကြီးရဲ့ နှိပ်စက်မှုဒဏ်ကို လှိမ့်ခံလာကြရတဲ့အချိန်မှာ “တောင်မင်း ကို မြောက်မင်းမကယ်နိုင်” ဆိုသလို ဖြစ်လာရတယ်။ ပေါင်းဆုံလာတဲ့ အခြေအနေအရပ်ရပ်ထဲမှာ “ရုပ်ရှင်ဆင်ဆာ” ကို တရားခံရှာလာတာသိရတော့လည်း စိတ်မကောင်း ဖြစ်မိတယ်။
“ဒီလိုစေတနာ ရည်ရွယ်ချက်မျိုး မရှိခဲ့လို့ပါ” လို့ ဟေမာနေဝင်း သီချင်းစာသားလေးတစ်ပိုဒ်ကို အမှတ်ရမိ တယ်။
အင်္ဂလိပ်အစိုးရလက်ထက်ကနေ ယနေ့အထိ ဥပဒေ အရ ရုပ်ရှင်ဆင်ဆာအဖွဲ့ဆိုတာ ရှိနေဆဲပါပဲ။ အစိုးရ အမျိုးမျိုးအလိုက် အကြောင်းအမျိုးမျိုးရှိနေတာ မှန်ပေမယ့် လိုအပ်တဲ့ ဘောင်ခတ်မှုတွေကတော့ အခြေအနေအရ ရှိနေဆဲဖြစ်ပါတယ်။ အနုပညာကိုအခြေခံတဲ့ မြန်မာနိုင်ငံရဲ့ “ဥပဓိရုပ်” ကို ထူထောင်ကြမှာလား၊ ဆန္ဒစွဲကို အခြေခံတဲ့ “အနုပညာအမည်ခံနေရာ” တစ်ခုကို ဖန်တီးကြမှာလား ဆိုတာ မြန်မာနိုင်ငံသားတို့ ရွေးချယ်ရမယ့် အလုပ်ဖြစ်လာ ပါတယ်။
ဒီမိုကရေစီခေတ်မှာ စာပေစိစစ်ရေး မရှိတော့လို့ သိပ်ကောင်းသွားပြီဆိုလို့ မရတာတော့ ကိုယ်တွေ့ပါပဲ။ ကျွန်တော့်စာတွေဆိုရင် စာပေစိစစ်ရေးတုန်းကလည်း နှိပ်ကွပ်ခံရပြီး ယခုထက်ထိလည်း အဖြတ်အတောက် အဖယ်အရှားနဲ့ မလွတ်သေးပါဘူး။ “လက်မည်းကြီးလား”။ သိပ်ဟုတ်တာပေါ့။ အရင်ကစာပေစိစစ်ရေးတစ်ခုပဲ ရှိတယ်။ အခုတော့ ထုတ်ဝေသူရဲ့ ပေါ်လစီနဲ့မညီရင် မထည့်ဘူး၊ ဖြတ်တယ်၊ ပြင်တယ်၊ ဘာကြောင့်လဲ။ လွတ်လပ်စွာရေးသားခွင့်တွေရှိလာသလို လွတ်လပ်စွာတရားစွဲခွင့်တွေလည်း ရှိလာလို့ပါပဲ။ ထုတ်ဝေသူ စီးပွားရေးလုပ်ငန်းရှင်တွေက အမှုတက်မခံချင်ဘူး၊ ရုံးရောက် ဂတ်ရောက်မဖြစ်ချင်ဘူး။ အရင်က စာပေစိစစ်ရေးတစ်ခုပဲရှိခဲ့ပေမယ့် အခုတော့ ထုတ်ဝေသူ တစ်ရာရှိရင် စာပေစိစစ်ရေးတစ်ရာဖြစ်သွားပြီ လို့ ဆရာမောင်ဝံသ ရှိစဉ်တုန်းက တိုင်တည်ခဲ့ဖူးပါတယ်။
ပီပြင်စွာပါလေ့ရှိ
အနောက်နိုင်ငံထွက် ရုပ်ရှင်တွေမှာတော့ လိင်ဆက်ဆံမှု တစ်ခန်းမဟုတ်တစ်ခန်း ပီပြင်စွာပါလေ့ ရှိပါတယ်။ အခုနောက်ဆုံးကြည့်လိုက်ရတဲ့ “The Crown” မှာလို အဲလီဇဘတ် ဘုရင်မကြီးအကြောင်း ရိုက်ရာကနေ ဘာမဆိုင် ညာမဆိုင် အနုပညာဓာတ်ပုံအကြောင်းပြပြီး လိင်ဆက်ဆံခန်း ထည့်လိုက်တာတွေ့ရပါတယ်။ ဘောလိဝုဒ် ကလာတဲ့ ရုပ်ရှင်တွေမှာဆိုရင်လည်း လိင်ကိစ္စနဲ့ အကြမ်း ဖက်မှု၊ သွေးထွက်သံယိုတွေကို ဖောဖောသီသီထည့်ထား တယ်။ ကျွန်တော်တို့ရဲ့မူ (၆)ချက်ထဲက နံပတ်(၅)နဲ့(၆) ထဲ ဝင်လာလို့ ဖြတ်တယ်။ ပြတ်ပြတ်သားသားပဲ။
မပြတ်သားတာကတော့ ကိုရီးယားဇာတ်လမ်းတွဲတွေ ပါပဲ၊ ကိုရီးယားအမျိုးသမီးတွေ ဆေးလိပ်သောက်တဲ့အခန်း သိပ်မတွေ့ရပါဘူး၊ ဒါပေမဲ့ ဆိုဂျူးအရက်ကို ပက်ပက် စက်စက်သောက်ပြီး မူးပြကြတယ်။ (ကျွန်တော်တို့ တောကားလို့ နှိမ့်ချခေါ်ကြတဲ့ ဗီဒီယိုတွေထဲမှာ ရွာပြင်က ထန်းတောထဲ ထန်းရည်မူးပြတဲ့ ယောကျ်ားတွေနဲ့ အပြည့်ပဲ) မိန်းကလေးချင်း ဆံပင်ဆွဲတယ်၊ ပါးရိုက်တယ်၊ နပန်းလုံး တယ်။ မြန်မာဆင်ဆာက ပါးရိုက်ရင် ဖြတ်တယ်ဆိုလို့ ပါးရိုက်ခန်းတွေကို ကြိုတင်ဖြတ်လာတာလည်း တွေ့ရ တယ်။ ဒါပေမဲ့ ကိုရီးယားအမျိုးသမီးတွေရဲ့ အရက် သောက်ခန်းကို ဖြတ်လိုက်ရင် ဘာမှကြည့်စရာ အရသာ မကျန်လောက်ဘူး။
သူတို့ကို အတုခိုးပြီး မြန်မာအမျိုးသမီးလေးတွေ အားရပါးရ အရက်သောက်ပြကြရင် ဇာတ်ရုပ် ပိုပီပြင် မှာလား၊ လူတွေကရော ကိုရီးယားဇာတ်လမ်းတွဲတွေ စွဲနေသလို စွဲလမ်းနှစ်ခြိုက်ပါ့မလား၊ ဒါကျတော့ လူ့အဖွဲ့ အစည်းတစ်ခုရဲ့ဆုံးဖြတ်သတ်မှတ်ချက်တွေနဲ့ ဆိုင်ပါတယ်။ အဲဒီ Social Determinants တွေထဲမှာ စံသတ်မှတ်ချက် (Norms) တွေနဲ့ တန်ဖိုးထားမှု (Values) တွေလည်း ပါပါ တယ်။ ကျွန်တော်တို့ရဲ့ မူ နံပါတ်(၄) အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းရေးနဲ့ ထိပ်တိုက်တွေ့လာကြတာတွေ အခုအခါ ရေးလို့ မကုန်နိုင်လောက်အောင် ရှိပါတယ်။
“ရောမမြို့ကိုရောက်ရင်၊ ရောမသားလိုကျင့်ရမယ်” လို့ ဆိုရိုးစကား ရှိထားပေမယ့် ရန်ကုန်ကိုလာပြီး ရောမသားလို ကျင့်လို့ မရဘူးဆိုတာကို သိရှိနားလည်ရင် ပိုအဆင်ပြေပါတယ်။ မြန်မာပြည်သူ ပြည်သားတွေအတွက် ရုပ်ရှင်ဖန်တီးမယ်ဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းရဲ့ Norms ၊ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ Values တွေကို အရင်လေ့လာ ထားပြီးမှ ချပြမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ မြန်မာ့ လူ့အဖွဲ့အစည်းဟာ မြန်မာအမျိုးသမီးတွေကို တန်ဖိုး ကြီးကြီးထားတယ်။ တောင်အာရှတိုက်သားတွေနဲ့လည်း မတူဘူး။ တရုတ်ပြည်ကြီးနဲ့လည်း မတူပါဘူး။ မြန်မာ အမျိုးသမီးခေါင်းဆောင်ဟာ ကမ္ဘာ့ခေါင်းဆောင် အဆင့်မှာ ရှိပါတယ်။ မတူတဲ့အခြေခံကို ဖျောက်ပြီး ဆွဲစေ့နေတဲ့ အစွန်းရောက်တွေနဲ့ တခြားစီပါပဲ။
မြန်မာ့လူ့အဖွဲ့အစည်းရဲ့ စံတွေအပေါ်မှာအခြေခံပြီး “စံလွဲ”နေတဲ့ အပြုအပြတွေကို ကန့်သတ်ဖို့အတွက်၊ အစွန်း မရောက်စေဖို့အတွက် ဆင်ဆာအဖွဲ့ဟာ တစ်ဖွဲ့လုံး ခေါင်းပူ အောင် ညှိနှိုင်းဆွေးနွေးရတဲ့အချိန်တွေ ရှိပါတယ်။ ဆေးလိပ် သောက်တဲ့ကိစ္စကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုင်ရာ ဥပဒေရှိပြီးဖြစ်တဲ့ အတွက် ရှင်းပါတယ်။ လူတွေရဲ့ ဘက်စုံကျန်းမာရေးအတွက် အခြေခံပြီး ပြန်ကြားရေးဝန်ကြီးဌာနရယ်၊ ရုပ်ရှင်အစည်း အရုံးရယ်နဲ့ ညှိနှိုင်းခဲ့ရာမှာလည်း ငွေအဝင်များလှတဲ့ ဆေးလိပ်၊ အရက်ကြော်ငြာတွေကို အဆုံးရှုံးခံပြီး ပူးပေါင်း ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရပါတယ်။ ဒါ့အပြင် နိုင်ငံ တကာ အဖွဲ့အစည်းတွေကလည်း ဆေးလိပ်၊ အရက် ကြော်ငြာရိုက်တဲ့ စူပါစတားတွေကို ဂုဏ်ထူးဆောင် သံတမန် မခန့်ဘူးဆိုပြီး ကန့်သတ်ပေးထားပါသေးတယ်။ “ဆေးလိပ်ကင်းကွာ အားကစားနဲ့အနုပညာ” ဆိုပြီး တစ်ကမ္ဘာလုံးမှာ ဆောင်ပုဒ်လုပ်ထားပါတယ်။
ဌာနဆိုင်ရာကိုယ်စားလှယ်တွေ၊ ရုပ်ရှင်အနုပညာ ရှင်တွေနဲ့ မြန်မာမှုအနုပညာတွေကို နားလည်တဲ့ ဝါရင့်ပုဂ္ဂိုလ်တွေဟာ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် လုံးဝ(လုံးဝ) မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အနုပညာတွေကို ဖန်တီးခဲ့၊ ဖန်တီးဆဲဖြစ်လို့ အလွန် ခေါင်းမာပါတယ်။ လွတ်လပ်မှုမရှိဘဲ ဖန်တီးမှုမရှိဘူး “No Freedom : No Creativity ” လို့ပဲ ခံယူထားပါတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနဲ့ပတ်သက် လာရင်တော့ လွတ်လပ်သူများအချင်းချင်း တွဲမှီ ဆောင်ရွက်ခြင်း(Interdependence) ဖြစ်လာအောင် ညှိနှိုင်းဆောင်ရွက်ကြရပါတယ်။ တကယ်တော့ ဆင်ဆာ ဟာ “ပန်းအလှပြင်တဲ့ ကတ်ကြေး” ပါပဲ။
ဒီလိုလူတွေမလိုဘူး၊ ဒီလိုအဖွဲ့အစည်းမျိုး မလိုဘူး ဆိုရင်လည်း ရပါတယ်။ ပြင်သစ်ပြည်မှာလို ကာတွန်း တစ်ပုဒ်ကိစ္စအကြောင်းပြုပြီး ခေါင်းဖြတ်သတ်တာမျိုး၊ ဆက်နွှယ်ပြီးကိုင်တွယ်တဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်မှာ၊ အင်ဒိုနီးရှားမှာ လူအုပ်ကြီးနဲ့ဆန္ဒပြ (ကိုဗစ်ကပ်ရောဂါ မကြောက်ဘဲ) ကြတာမျိုးလည်း ကြုံနိုင်တယ်။ လောလောဆယ် Social Media တွေပေါ်မှာ ဗွက်ထနေတဲ့ ပြဿနာတစ်ပုံတစ်ခေါင်း [ ၆၆(ဃ) အပါအဝင် ] ကိုလည်း ရွေးချယ်နိုင်တဲ့ အခွင့်အရေးမျိုး မဲဆန္ဒရှင်တွေမှာ ရှိလာ ပါမယ်။ စာရေးဆရာ IRVING WALLACE ရဲ့ “The Seven Mistakes” စာအုပ်ထဲကလို မုဒိမ်းမှုတစ်ခုအတွက် လူ့အဖွဲ့အစည်းကြီးကိုပါ တရားခွင်တင်ဖို့ ကြံတာလည်း ဖြစ်နိုင်ပါတယ်။
အကဲဆတ်လွန်း
တစ်ချိန်က ကျွန်တော်တို့ကလည်း အနုပညာ ပစ္စည်းတွေကို အကဲဖြတ်တဲ့နေရာမှာ အကဲဆတ် လွန်းတာအမှန်ပါပဲ။ ဆံပင်အရောင် နီကြောင်ကျား မဆိုးရ။ စကပ်မတိုရ။ မင်းသမီးအင်္ကျီရင်ဘတ်မဟိုက်ရ။ ပါးမရိုက်ရ။ ကလေးမွေးရင် ကျယ်ကျယ်မအော်ရ။ နှာဘူးလို့မပြောရ။ ဆင်းရဲလွန်းတဲ့အခန်း (ဆင်းရဲသား ကားမဟုတ်) တွေလည်း မပြရ။ စုံလို့ စုံလို့ပါပဲ။
ကောင်းတဲ့ ရလဒ်လေးတစ်ခုကိုတော့ ဥပမာ အနေနဲ့ပြချင်ပါတယ်။ “နှလုံးလှလူမိုက်” ရုပ်ရှင်ဇာတ်လမ်း အကျဉ်းတင်စဉ်က ကျွန်တော်နဲ့ ဒါရိုက်တာကြီး အကယ်ဒမီဦးတင်ဦးနဲ့ ထိပ်တိုက်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအရ နေအောင်က တရားသူကြီး၊ မင်းမော်ကွန်း က မြစ်ဝကျွန်းပေါ်က မိကျောင်းဖမ်းသမား။ အစ်ကိုကြီး နေအောင်အတွက် ကျောက်ကပ်လာလှူပြီး တောပြန် သွားချိန်မှာ လူသတ်မှုကျူးလွန်ပြီး သူ့အစ်ကိုရဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရတဲ့ ဇာတ်လမ်းပါ။
“မိမိခန္ဓာကိုယ်ရဲ့ အသွေးအသားကို လှူပြီဆိုရင် တော့ မြင့်မြတ်တဲ့သူဖြစ်သွားပြီ၊ သူ့ကို လူသတ်ခိုင်းတဲ့ ဇာတ်လမ်းကိုပြင်ပေးပါ”လို့ ထောက်ညွှန်ချက်ပေးတဲ့အခါ ဆရာမောင်တင်ဦးက “ဒီဆရာဝန်က အနုပညာကို ဘယ်လောက်နားလည်လို့လဲ” ဆိုပြီး ဒေါသထွက်ခဲ့ပါ တယ်။ မြိတ်ကိုတင်အောင်က စီစဉ်ပေးပြီး ကျွန်တော်တို့နှစ်ယောက်တွေ့ကြတဲ့အခါမှာ “ဆရာကြီးရယ် လူသတ်မှုကို ရှေ့နောက်ပြောင်းလိုက်လို့မရဘူးလား၊ လူကြမ်းကလေးက အလုပ်ကြမ်းထဲမှာ ဒေါသမထိန်း နိုင်ဘဲ လူသတ်ခဲ့တယ်၊ နောက်မှ အကြောင်းပေါ်လာလို့ အစ်ကိုကြီးအတွက် ကျောက်ကပ်လာလှူခဲ့တယ်၊ ပြီးမှ အမှုကွင်းဆက်တွေကိုလိုက်တဲ့ စုံထောက်ဇာတ်လမ်း လေးဆို ပိုမကောင်းဘူးလား” လို့ အကြံပြုခဲ့ပါတယ်။ ဆရာကြီးက လက်ခံပြီး လက်သံပြောင်စွာ ရိုက်ကူးခဲ့လို့ အကယ်ဒမီရသွားတယ်။ အကယ်ဒမီ မင်းမော်ကွန်းရယ် လို့ ဖြစ်လာခဲ့တယ်။
အကယ်ဒမီရပြီး ဂုဏ်ပြုပွဲကျင်းပတဲ့အခါမှာ အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့သာမကဘဲ ရုပ်ရှင် ဆင်ဆာအဖွဲ့ကိုပါ ဂုဏ်ပြုခဲ့ပါတယ်။ ရုပ်ရှင်ဆင်ဆာ အဖွဲ့ဝင် လူဆိုးကြီးတွေအတွက် ပထမဦးဆုံးအကြိမ် ဂုဏ်ပြုခံခဲ့ရတာပါပဲ။
“ဆန္ဒဝတော၊ ကိံနာမကမ္မံ၊ နသိဇ္ဇတိ” ကောင်းသော ဆန္ဒရှေ့ထားပြီး လက်တွဲလုပ်ဆောင်ကာ ကောင်းသော လုပ်ငန်းများ ပြီးမြောက်အောင် လောလောဆယ် ဆောင်ရွက်နိုင်ပါတယ်။ ။
- Log in to post comments