၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် စီးပွားရေး လုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှပါဝင်သည်။ မြန်မာ နိုင်ငံတွင်မူ ယင်းမတိုင်မီကာလ ၂၀၁၈ ခုနှစ်ကပင် ရခိုင်ပြည်နယ် အရေးကိစ္စကို အကြောင်းပြ၍ ဟန့်တားပိတ်ဆို့မှုများကြောင့် အနောက်နိုင်ငံများမှ ခရီးသွားဧည့်သည်များ လာရောက်မှုကို လက်လွှတ်ခဲ့ရပြီး အာရှနှင့်အိမ်နီးချင်းနိုင်ငံများမှ ခရီးသွားများကိုသာ မျှော်ခဲ့ရသည့်အနေအထားရှိခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်လာနိုင်ပြီးသည့်နောက် ကမ္ဘာ့နိုင်ငံအသီးသီးတို့က ၎င်းတို့၏ စီးပွားရေးကဏ္ဍများ ပြန်လည် နာလန်ထူလာရေး ကြိုးပမ်းဆောင်ရွက်ကြရာတွင် ခရီးသွားလုပ်ငန်း သည် အလျင်မြန်ဆုံး ပြန်လည်နိုးထလာနိုင်သည့် စီးပွားရေးလုပ်ငန်း၊ ပြည်ပဝင်ငွေကို မြန်မြန်ဆန်ဆန်နှင့် များများစားစား ရှာဖွေပေးနိုင် သည့် စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် တွေ့မြင်ရသည်။ မိမိတို့နိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပြည်တွင်းရှိ ဒေသအစိတ်အပိုင်းအချို့၌ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ အတွက် ဆောင်ရွက်မှုများပြုလုပ်နေရသည့်တိုင် ခရီးသွားလုပ်ငန်း များ ကောင်းစွာလည်ပတ်လုပ်ကိုင်နိုင်သည့်အလျောက် ခရီးသွားဆွဲဆောင်ရာဒေသများတည်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့အနေဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်မှုများကို ပြုလုပ် သွားကြရန် လိုအပ်လာသည်။
“မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့ မည်ဖြစ်သဖြင့် ပြည်တွင်းပြည်ပ ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် လည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ဒေသထွက် စားသောက်ကုန် များ သန့်ရှင်းကောင်းမွန်မှုများရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ တည်းခိုရေးနှင့် သက်ဆိုင်သည့် ဟိုတယ်များနှင့် တည်းခိုခန်းများ၊ စားသောက်ရေးနှင့် အသုံးအဆောင် ပစ္စည်းများ အဆင့်အတန်းရှိရှိ ဖြစ်စေရေးအတွက်လည်း ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျဖြစ်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွား ရေးရာ ကော်မတီအစည်းအဝေး အမှတ်စဉ် (၇/၂၀၂၃)သို့ တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ခရီးသွားခြင်းသည် ကိုယ်ရောစိတ်ပါ အပန်းပြေမှု၊ ကျေနပ် ပျော်ရွှင်မှု၊ ကြည်နူးဖွယ်ခံစားမှုတို့နှင့် အတွေ့အကြုံသစ်များကို ရရှိလိုသည့်အတွက် ဒေသတစ်ခုခုဆီသို့ သွားရောက်ကြခြင်းဖြစ် သည်။ ခရီးသည်များ၏ လိုအပ်ချက်အတွက် သယ်ယူပို့ဆောင်ရေး၊ စားသောက်ရေး၊ တည်းခိုနေထိုင်ရေး၊ ဧည့်ခံဖျော်ဖြေရေးတို့ကို အကောင်းဆုံးစီမံဆောင်ရွက်ခြင်းဖြင့် ဒေသတွင် အလုပ်အကိုင်အခွင့် အလမ်းများစွာ ရရှိလာနိုင်သကဲ့သို့ ဒေသစီးပွားရေးကိုလည်း အလျင် အမြန်ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည့်အလျောက် ခရီးသည်များ ပိုမို လာရောက်ကြစေရန် ဆွဲဆောင်ရေး၊ ခရီးသွားလုပ်ငန်းများအတွက် လိုအပ်ချက်များ ပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်ရေး၊ ခရီးစဉ်အသစ် များ ဖော်ထုတ်ရေးဆွဲရေးတို့ကို ပွင့်လင်းရာသီမတိုင်ခင် ယခုကပင် ကြိုတင်ဆောင်ရွက်ကြရတော့မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ခရီးသွားဒေသများ၊ ဆွဲဆောင်ရာနေရာများ ကိုယ်စီပိုင်ဆိုင်ထားကြ သည်။ ဒေသအလိုက် ကွဲပြားခြားနားမှုများ၊ ထူးခြားမှုများလည်း ရှိနေကြပြီး ခရီးသွားများသိရှိလာစေရန် ဖော်ထုတ်ခြင်းနှင့် စိတ်ဝင် စား လာရောက်စေရန် ဖိတ်ခေါ်ခြင်းတို့ ပြုလုပ်သွားကြရမည်ဖြစ်သည်။ မိမိတို့ပိုင်ဆိုင်ထားသည့် ခရီးသွားဒေသများ သန့်ရှင်းသပ်ရပ် ထင်ရှား ပေါ်လွင်နေစေရေး၊ မိမိတို့ ခရီးသွားဒေသများ၏ ကိုယ်ပိုင်ဝိသေသ များ၊ စိတ်ဝင်စားဖွယ်အကြောင်းအရာများကိုပါ ဖော်ထုတ်ပြသရေး၊ လာရောက်ကြသည့် ခရီးသည်များအား စိတ်ဝင်စားဖွယ် အတွေ့ အကြုံများ ခံစားရရှိစေနိုင်ရန် ဖန်တီးဖော်ဆောင်ပေးရေး၊ ဒေသခံ များ၏ ရင်းနှီးဖော်ရွေမှုများ၊ ရိုင်းပင်းကူညီမှုများဖြင့် နွေးထွေးစွာ ကြိုဆိုရေး၊ သတင်းအချက်အလက်နည်းပညာဖြင့် မိမိတို့၏ ဒေသ ဆိုင်ရာအချက်အလက်များ အလွယ်တကူရရှိအောင် ဆောင်ရွက်ကာ ဈေးကွက်မြှင့်တင်ရေးတို့သည် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတို့ အတွက် အရေးပါသည့်အချက်များဖြစ်သည်ဟု ကျွမ်းကျင်သူများ၏ အကြုံပြုချက်များအားဖြင့်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ကာ ခရီးသွားကဏ္ဍ မြှင့်တင်နိုင်ကြပါစေကြောင်း။ ။