
ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီနှင့် အနီးတစ်ဝိုက်ဒေသများ၌
အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်
==================================================================
နေပြည်တော် ဩဂုတ် ၃၁
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်း ကြောင့် ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီနှင့် အနီးတစ်ဝိုက်ဒေသများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၈၇ ဦးအား ပါရီမြို့အခြေစိုက် Amelia Airline ကယ်ဆယ်ရေးအထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစစ်ဆေးရေးနှင့် ၂၁ ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေး လျက်ရှိရာ ဇွန် ၇ ရက်တွင်လည်း ပြင်သစ်၊ အီတလီနှင့် နယ်သာလန်နိုင်ငံတို့တွင် အခက်အခဲကြုံတွေ့နေရသည့် Norwegian Cruise Line Holding Ltd. ကုမ္ပဏီ၏ ကမ္ဘာ လှည့်သင်္ဘောများပေါ်မှ မြန်မာသင်္ဘောသား စုစုပေါင်း ၈၃ ဦးတို့အား Amelia Airline ကယ်ဆယ်ရေး အထူးလေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်