
JICA ထံမှ ချေးငွေ ဂျပန်ယန်း ဘီလီယံ ၃၀ ရယူရေးဆိုင်ရာ
မြန်မာ- ဂျပန် နှစ်နိုင်ငံအကြား လဲလှယ်မှုစာချွန်လွှာနှင့် ချေးငွေစာချုပ်တို့အား လက်မှတ်ရေးထိုး
===============================================================
နေပြည်တော် စက်တင်ဘာ ၂
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများကို ကုစားနိုင်ရန်ရည်ရွယ်၍ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ချေးငွေ ဂျပန်ယန်း ဘီလီယံ ၃၀ ရယူရေးဆိုင်ရာ နှစ်နိုင်ငံအစိုးရများအကြား လဲလှယ်မှုစာချွန်လွှာ (Exchange of Notes) နှင့် ချေးငွေစာချုပ် (Loan Agreement) တို့အား ယမန်နေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် JICA တို့က လက်မှတ်ရေးထိုး ခဲ့ကြသည်။
လက်မှတ်ရေးထိုး
လဲလှယ်မှုစာချွန်လွှာကို မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေး နှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဂျပန်နိုင်ငံအစိုးရ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမတို့ကလည်းကောင်း၊ ချေးငွေစာချုပ်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး နှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား ဂျပန်နိုင်ငံ အပြည်အပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ မြန်မာနိုင်ငံရုံးခွဲအကြီးအကဲ ဆာကခုရနိုရိဂျိ တို့ကလည်းကောင်း အသီးသီး လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါချေးငွေကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အသုံးစရိတ်များ တိုးမြှင့်သုံးစွဲခြင်း၊ ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများအတွက် နိုင်ငံတော်က ဦးဆောင်ပံ့ပိုးကူညီရခြင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်မှုနှင့် စီးပွားရေး ကျဆင်းနိုင်မှုတို့ကို ပြန်လည်ထူထောင်နိုင်ရန်အတွက် ကုစားရေးအစီအစဉ်များ စီမံဆောင်ရွက် ရခြင်းတို့အတွက် အဓိကသုံးစွဲနိုင်ရန် ရယူခဲ့ခြင်းဖြစ်ပြီး၊ ချေးငွေရယူရေးအတွက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် အတည်ပြု ခဲ့ကြောင်း သိရသည်။
သတင်းစဉ်