
နေပြည်တော် ဇွန် ၂၂
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာနိုင်ငံသံရုံး၌ သံရုံးစာရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေါ်ဌေးဌေးဝင်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှစ၍ ပါရီမြို့၊ မြန်မာသံရုံးမှ ခွင့်မဲ့ပျက်ကွက်လျက် ရှိသည်။
ဒေါ်ဌေးဌေးဝင်းသည် ပြည်ပတာဝန်ထမ်းဆောင်မှုကာလ ပြည့်မြောက်သည့်အတွက် မြန်မာနိုင်ငံတွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနကခေါ်ယူသည့် အမိန့်စာကို လက်ခံရရှိပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ ရန် မိသားစုစာရင်းနှင့် ၎င်း၏ သားဖြစ်သူအား ပြင်သစ်နိုင်ငံ တွင် ပညာဆက်လက်သင်ကြား ခွင့်ပြုရန် တင်ပြခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်အထိ ပုံမှန် ရုံးတက်၍ ရုံးလုပ်ငန်းတာဝန်များ ကို ထမ်းဆောင်ခဲ့သည်။
ယင်းနေ့တွင်ပင် ဒေါ်ဌေးဌေး ဝင်းသည် ၎င်း၏ သားဖြစ်သူ ဆက်လက်ပညာသင်ကြားမည့် တက္ကသိုလ်တွင် စုံစမ်းမှုများ ပြုလုပ်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်၌ ခွင့်(၁)ရက် ခံစားလိုကြောင်းနှင့် ၎င်းတို့ မိသားစု၏ နိုင်ငံကူးလက်မှတ် များ ခေတ္တထုတ်ယူခွင့်ပြုရန် တင်ပြခဲ့သဖြင့် သံအမတ်ကြီးက ခွင့်ပြုပေးခဲ့သည်။
ဒေါ်ဌေးဌေးဝင်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်၊ ၁၀ နာရီ အထိ သံရုံးသို့ ပြန်လည်သတင်း ပို့မှုမရှိခြင်းကြောင့် သံရုံး တာဝန်ရှိသူများက စိစစ်ခဲ့ရာ ၎င်း၏နေအိမ်၌ မည်သည့် ကိုယ်ပိုင်ပစ္စည်းမျှ မရှိတော့ဘဲ အပြီးအပိုင် ထွက်ခွာသွားသည့် အခြေအနေအား တွေ့ရှိခဲ့သည်။
ဒေါ်ဌေးဌေးဝင်းသည် ပါရီ မြို့ရှိ မြန်မာသံရုံးတွင် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း လုပ်ငန်းတာဝန်များကို တက်ကြွ စွာဖြင့် ကျေပွန်အောင်ထမ်းဆောင် ခဲ့ပြီး ၎င်းသည် ပြည်ပတာဝန် ထမ်းဆောင်မှုကာလ ပြည့်မြောက် ၍ မြန်မာနိုင်ငံတွင် ပြန်လည် တာဝန်ထမ်းဆောင်ရမည့်ဝန်ထမ်း များအနက်မှ တစ်ဦးဖြစ်သည်။
သို့ရာတွင် ၎င်းသည် သား ဖြစ်သူ ပြင်သစ်နိုင်ငံတွင် ဆက် လက် ပညာသင်ကြားနိုင်ရေးနှင့် သမီးဖြစ်သူ ဆေးကုသမှုခံယူ နိုင်ရေး စသည့် ၎င်း၏ကိုယ်ရေး ကိုယ်တာ လူမှုရေးအခက်အခဲ များကြောင့် မြန်မာနိုင်ငံသို့ မပြန် လိုသဖြင့် နိုင်ငံရေးအကာအကွယ် ရယူကာ ခင်ပွန်း၊ သား၊ သမီးနှင့် အတူ ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်းဖြစ် သည်။ ယင်းသို့ လုပ်ဆောင်မှုကို ပြည်တွင်း၊ ပြည်ပ ဆန့်ကျင် ဘက်အဖွဲ့အစည်းများက နိုင်ငံရေး အရ အသုံးချကာ ဝါဒဖြန့်ချိမှုများ လုပ်ဆောင်လျက် ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန