
ရန်ကုန် မေ ၃၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေး အောင်နှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ် ထားရှိသည့် ပြည်သူ့စာကြည့်တိုက်များ နှင့် အမျိုးသားစာကြည့်တိုက်များကို လှည့်လည်ကြည့်ရှု၍ ထောက်ပံ့ငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း ကာ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ မြို့မစာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံ၍ ပြည်သူ များ စာပေဖတ်ရှုမှု အဆင်ပြေစေရေး အတွက် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများကို တိုးမြှင့်ပေးရန် လိုအပ်ပါ ကြောင်း၊ သတင်းအချက်အလက်များ မှန်ကန်စွာ သိရှိစေရန်အတွက်လည်း သတင်းစာ၊ ဂျာနယ်များ ထားရှိပေးရေး နှင့် လူငယ်များအား စာကြည့်တိုက်သို့ ဝင်ထွက်သွားလာ၍ စာအုပ်၊ စာစောင်များ လေ့လာဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးရန် လိုအပ်ပါကြောင်း၊ စာအုပ်စာစောင် များကို လေ့လာဖတ်ရှုရုံသာမက မိမိတို့ ရရှိလာသည့် အသိပညာ၊ ဗဟုသုတများကို ပြန်လည်ဆွေးနွေးခြင်း၊ မျှဝေခြင်းတို့ကို လည်း မဖြစ်မနေဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် စာကြည့်တိုက်ကို ယခုထက်ပိုမိုတိုးတက်ကောင်းမွန်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါရန် မှာကြားပြီး ထောက်ပံ့ငွေကျပ်သိန်း ၂၀ နှင့် စာအုပ်စာစောင် ၁၀၀ ကို ပေးအပ် လှူဒါန်းသည်။
အဆိုပါ မြို့မစာကြည့်တိုက်သည် ရန်ကင်းမြို့နယ် အမှတ် (၄) ရပ်ကွက်၊ ရန်နိုင်လမ်းသွယ် (၇) တွင် တည်ရှိပြီး စာအုပ်စာစောင်ပေါင်း ၅၀၀၀ ကျော်ဖြင့် စာကြည့်တိုက် ဖွင့်လှစ်နေခြင်းဖြစ်ကာ အခါအားလျော်စွာ ဆွေးနွေးပွဲများ ကျင်းပ၍ ရပ်ကွက်နေပြည်သူများအား အသိပညာ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဗိုလ်တထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ ထွန်းဖောင်ဒေးရှင်းစာကြည့်တိုက်ကို ရောက်ရှိပြီး စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်နေ သည့် အခြေအနေများ မေးမြန်းကာ တာဝန်ရှိသူများကို ဆွေးနွေးမှာကြား ရာ၌ ယနေ့အချိန်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို နိုင်ငံ တော်အကြီးအကဲကိုယ်တိုင် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထွန်း ဖောင်ဒေးရှင်းစာကြည့်တိုက်၏ အသွင် အပြင်နှင့် စာအုပ်စာစောင်များသည် ဗဟုသုတရှာဖွေနေသည့် လူငယ်များ၊ ကျောင်းသား ကျောင်းသူများအတွက် အဆင်ပြေစွာ အသုံးပြုနိုင်မည့် စာကြည့် တိုက်ပင်ဖြစ်ပါကြောင်း၊ စာကြည့်တိုက် လုပ်ငန်းများကို ယခုကဲ့သို့ ငွေကြေးအကုန် အကျခံကာ စီစဉ်ဖွင့်လှစ်ပေးမှုအတွက် လွန်စွာကျေးဇူးတင်ရှိပါကြောင်း၊ ရည်ညွှန်း စာဖတ်ခန်းရှိ စာအုပ်စာစောင်များသည် ဘာသာရပ်အမျိုးအစား စုံလင်ပြီး အလွယ် တကူ ရှာဖွေဖတ်ရှုနိုင်သည့်အတွက် အဆင့်မီသည့် စာကြည့်တိုက်တစ်တိုက် ပင်ဖြစ်ပါကြောင်းနှင့် ယခုထက် ပိုမို တိုးတက်အောင် ဆောင်ရွက်ပေးစေလို ကြောင်း ပြောကြားပြီး စာအုပ်စာစောင် ၅၀ ကို ပေးအပ်လှူဒါန်းသည်။
ထွန်းဖောင်ဒေးရှင်းစာကြည့်တိုက်ကို ၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် စတင် ဖွင့်လှစ်ခဲ့ပြီး အသင်းသားဦးရေ ၂၃၉၆ ဦးဖြင့် စာငှား၊ စာဖတ်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအချိန် တွင် မြန်မာဘာသာစာအုပ် ၇၅၀၀ ကျော် နှင့် အင်္ဂလိပ်ဘာသာစာအုပ် ၂၉၅၈၁ အုပ်၊ အခြားဘာသာစာအုပ် ၁၁၇ အုပ်ဖြင့် စာကြည့်တိုက် ဖွင့်လှစ်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိ ပြီး ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများနှင့် စာငှား၊ စာဖတ်လုပ်ငန်း များကို မေးမြန်းကြည့်ရှုကာ ဝန်ထမ်းများ အား မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာန စာကြည့်တိုက်များကို အများပြည်သူ ဝင်/ထွက် သွားလာချင်စဖွယ်ဖြစ်အောင် ဖန်တီးပေးထားရမည် ဖြစ်ကြောင်း၊ စာကြည့်တိုက်များ၏ အသွင်အပြင်နှင့် ဥပဓိရုပ်များကို ယခုထက်ပိုမိုကောင်းမွန် စေရေး ပြင်ဆင်ဆောင်ရွက်ပေးထားရ မည်ဖြစ်ကြောင်း၊ ပြည်သူများအား စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်၍ စာပေလေ့လာ ဖတ်ရှုနိုင်အောင် ကြိုးပမ်းပေးစေလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်မြို့ ပန်းဘဲ တန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၏ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို သွားရောက်လေ့လာ၍ တာဝန်ရှိသူများအား အမျိုးသားစာကြည့် တိုက်၏ ဝန်ဆောင်မှုလုပ်ငန်းများသည် ကောင်းမွန်သော်လည်း ပြည်သူများ လာရောက်အသုံးချမှု နည်းပါးနေသဖြင့် ပိုမိုအသုံးပြုလာစေရန် မိမိတို့ဝန်ကြီးဌာန က မီဒီယာအားဖြင့် ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ကို ပြည်သူများက ယခုထက် ပိုမိုအသုံးပြုကြ စေရေး စည်းရုံးဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
နံနက်ပိုင်းတွင်လည်း ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းမပေါ်ရှိ ဝဇီရာရုပ်ရှင်ရုံ သို့ သွားရောက်၍ အဆောက်အအုံ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ အား ယခုရုပ်ရှင်ရုံကြီးကို ဂုဏ်ပြုခံ ကဇာတ်ရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင် ရန် လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ လိုအပ်သည့် ပြင်ဆင်ဆောင်ရွက် မှုများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပြင်ဆင်ထိန်းသိမ်း လျက်ရှိပါကြောင်း၊ ယခုအဆောက်အအုံကြီးသည် ရန်ကုန်မြို့ ၏ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံ ကြီးတစ်ခုဖြစ်သည့်အတွက် သတ်မှတ် ထားသည့် စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်