Type

မောင်ကျောင်းသား
“အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ဖို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ”
အထက်ပါ ကျင့်ဝတ်သည် အနန္တဂိုဏ်းဝင် ကျေးဇူး ရှင်ဆရာသမားများအတွက် စောင့်ထိန်းအပ်သည့် ဆရာ့ ဝတ္တရားများဖြစ်ကြသည်။ ကျောင်းနေအရွယ်ကလေးမှ သည် တက္ကသိုလ်ပညာ၊ ဘွဲ့လွန်ပညာသင်ယူကြသူများ အားလုံး “ဆရာ”ဟူသည့် ဝေါဟာရနှင့် မစိမ်းကြသူများ ဖြစ်သည်။ ဆရာဟူသည် အတတ်ပညာများကို သင်ကြား ခြင်းအပြင် မိမိ၏တပည့်သားမြေးများ အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန် လေ့ကျင့်ပေးကြရသည်။ ဆုံးမလမ်းညွှန်ပေးကြရသည်။ ဆင်ခြင်တုံတရား နှင့် ဉာဏ်မျက်စိကို ဖွင့်ပေးကြရသည်။ ထိခိုက်မှု ဘေးအန္တရာယ်အမျိုးမျိုးမှ ကာဆီးပေးကြရသည်။ ကောင်းသည့်အလုပ်၊ လုပ်သင့်လုပ်ထိုက်သည့်အလုပ် များကို လုပ်ကိုင်ခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်း စသည့် အသိပညာ၊ အတတ်ပညာတို့ကို သင်ကြားပေး ကြရသူများဖြစ်သည်။
လုပ်ငန်းအလိုက်၊ လူပုဂ္ဂိုလ်အလိုက် မိဘဝတ်၊ သားသမီးဝတ်၊ ဆရာဝတ်၊ တပည့်ဝတ် စသည့်အခြေခံ အကျဆုံးကျင့်ဝတ်များအပြင် မိတ်ဆွေကျင့်ဝတ်၊ အလုပ် ရှင်ကျင့်ဝတ်၊ အလုပ်သမားကျင့်ဝတ်၊ နာယက ကျင့်ဝတ် စသည်ဖြင့် မိမိကျင်လည်ရာအခြေအနေနှင့် ဒေသန္တရ ကိုလိုက်၍ ကျင့်ဝတ်များစွာရှိပါသည်။ ထို့ပြင် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများတွင်လည်း နယ်ပယ် အလိုက် ဆရာဝန်ကျင့်ဝတ်၊ ရှေ့နေကျင့်ဝတ်၊ သတင်းစာ ဆရာကျင့်ဝတ် စသည်ဖြင့်လည်း သတ်မှတ်ချက်များ ရှိပါသည်။
ယခင်က နိုင်ငံတစ်နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုကို ဓနဥစ္စာနှင့် သယံဇာတတို့ ပေါကြွယ်ခြင်းဖြင့် တိုင်းတာ လေ့ရှိကြသည်။ ယနေ့အချိန်ဝယ် နိုင်ငံအတွင်းရှိ ပြည်သူ များ၏ အသိဉာဏ်မည်မျှကြွယ်ဝသည်၊ မည်မျှဆောင်ကြဉ်း နိုင်သည့် လူ့စွမ်းအားအရင်းမြစ်များ ရှိသည်စသည်ဖြင့် တိုင်းတာလေ့ရှိကြသည်။ ထိုကဲ့သို့ နိုင်ငံအတွင်းရှိ ပြည်သူ များ အသိဉာဏ်မျက်စိကို ဖွင့်ပေးကြသူများသည် ပညာရေး ကဏ္ဍမှ ကျောင်းဆရာ ဆရာမများပင် ဖြစ်ပါသည်။
ယနေ့ကမ္ဘာတွင် အရာရာတိုင်းကို “ပညာ”ကသာ ဦးဆောင်နေခြင်းဖြစ်ရာ ပြည်သူများ၊ အနာဂတ်၏ နိုင်ငံ့ သွေးသားများအတွက် ပညာရေးကို အကောင်အထည်ဖော် ပေးကြမည့် ဆရာများ၏တာဝန်သည် နိုင်ငံတိုင်းတွင် အလွန်အရေးကြီးလှပါသည်။
ဆရာ ဆရာမများသည် နိုင်ငံအတွက် လူ့စွမ်းအား အရင်းမြစ်များ မွေးထုတ်နိုင်ရန် သင်ကြားပြသခြင်းဟူသည့် ပင်မလုပ်ငန်းများအပြင် တစ်ခါတစ်ရံ ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေး ကင်းသမားများ၊ တစ်ခါတစ်ရံပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူရာ စသည့်တိုင်းပြည်အတွက် သတင်း အချက် စုဆောင်း ရေးမှူး၊ ရွေးကောက်ပွဲကျင်းပရာတွင်လည်း မဲရုံစောင့်များ စသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများ အတွက်၊ နိုင်ငံအတွက် ကျရာတာဝန်ကို ကျေပွန်ကြသူများ ဖြစ်ပါသည်။
မည်သည့်ကျောင်းဆရာမျှ မိမိတပည့်များကိုသူတစ်ပါး ထောင်ချောက်အတွင်းသို့ မသက်ဆင်းစေလိုကြ။ တပည့် များ အောင်မြင်၊ ချမ်းသာ၊ ပြည့်စုံခြင်းနှင့်အတူ ဘဝပင်လယ် အတွင်း စနစ်တကျကူးခပ်နေခြင်းကိုသာ မြင်တွေ့လိုကြ သူများဖြစ်ပါသည်။ ကျောင်းဆရာတစ်ဦး ကျောင်းသို့ သွားကာ တပည့်များ မသိသေးသည့်ဘာသာရပ်များကို သင်ကြားပြသခြင်း၊ တပည့်များ၏ မှားယွင်းမှုများကို တည့်မတ်ခြင်း၊ ထူးချွန်သူများကို မြေတောင်မြှောက်ပေးခြင်း သည်ပင် နိုင်ငံ့အရေး ဖြစ်ပါသည်။
ကျောင်းဆရာလက်မှ မွေးထုတ်ပေးလိုက်သည့် တပည့် များသည် တစ်ချိန်တွင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စက်မှု၊ နည်းပညာစသည်ဖြင့် နယ်ပယ်အသီးသီး တွင် ကျင်လည်သွားကြမည့်သူများဖြစ်ရာ ယင်းတို့ အတွေး အခေါ်၊ အယူအဆမှန်ကန်စွာ ဆောင်ရွက်နိုင်ခြင်းတို့တွင် ဆရာများ၏ သင်ကြားပြသမှုဂုဏ်ကျေးဇူးသည် များစွာ အရေးပါမည် ဖြစ်ပါသည်။
ဆရာများလောက် နိုင်ငံ့အရေးနှင့် နီးစပ်သည့် လူသား များ မရှိသလောက်ဟု တင်စားရလောက်ပင် ဆရာ ဆရာမ များသည် နိုင်ငံအရေးကို စွမ်းစွမ်းတမံဆောင်ရွက်ကြသူ များဟု မှတ်ယူနိုင်ပါသည်။ ၁၉၄၆ ခုနှစ်က ရန်ကုန်မြို့ ကန်တော်ကလေး မြူနီစပယ်ကျောင်းတွင် ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းဆရာများညီလာခံကို ကျင်းပခဲ့စဉ်က ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းအတွင်း ပညာရေးသည် နိုင်ငံရေးပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ဖူးသည်။
နိုင်ငံ၏ အရေးကိစ္စကြီးငယ်တို့တွင် ပညာရေးအဆင့် အတန်းမြင့်မားသည့် လူငယ်လူရွယ်များ ထွက်ပေါ်လာ နိုင်ရေးမှာ ဆရာများ၏ တာဝန်ပင်ဖြစ်ပါသည်။ ဆရာများ သည် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်၊ လူရွယ်များ ပေါ်ထွက်လာကြစေဖို့ အဓိကကြိုးပမ်း အားထုတ်ခြင်းဖြင့်သာ နိုင်ငံ့အရေးကို ထမ်းဆောင် ပေးကြရမည်ဖြစ်ပါသည်။
လူသားတိုင်း၏ တန်ဖိုးကို သတ်မှတ်ရာတွင် မိမိ ပြုကျင့်ရမည့် တာဝန်ဝတ္တရား (ကျင့်ဝတ်)များကို မည်မျှ လိုက်နာသည်အပေါ်တွင် မူတည်သတ်မှတ်လေ့ရှိပါသည်။ ကျင့်ဝတ်များကို အကောင်းဆုံးလိုက်နာသည့်အဖွဲ့ အစည်းများသာလျှင် သာယာချမ်းမြေ့သည့် လူ့ဘောင် အသိုင်းအဝိုင်းကို ထူထောင်နိုင်မည်ဖြစ်ပါသည်။ ဆရာ များသည် ကျောင်းသားလူငယ်များအတွက် မီးရှူး တန်ဆောင်များ ဖြစ်သည်။ ရှေ့ဆောင်လမ်းပြသူများ လုံလောက်အောင်မရှိပါက အနာဂတ်လူငယ်များအတွက် များစွာ ရတက်မအေးကြရမည် ဖြစ်ပါသည်။
လက်ရှိမြန်မာနိုင်ငံသည် အရေးပေါ်ကာလတစ်ရပ် ကို ဖြတ်သန်းနေပြီး ကိုဗစ်- ၁၉ ရောဂါကြောင့် နိုင်ငံ့ စီးပွားရေးများ အားနည်း၊ ကျန်းမာရေးများ ထိခိုက်ခြင်း နှင့်အတူ စာသင်ကျောင်းများကိုလည်း ပိတ်ထားခဲ့ ရသည်မှာ ကြာရှည်ခဲ့ရပြီဖြစ်ပါသည်။ ကျောင်းသူ၊ ကျောင်းသားအများစု ကျောင်းဖွင့် မည့်ရက်ကို လက်ချိုး ရေကာ စောင့်ဆိုင်းနေကြရပြီဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် တပည့်များနှင့် ကင်းကွာနေကြရသည့် ဆရာ ဆရာမများကို ကျောင်းတော်ကြီးများနှင့် ကျောင်းပြန်တက်ရန် တာစူနေကြသည့် တပည့်များက လွမ်းနေကြရရှာရော့မည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းအပြင် ကာကွယ်ရေးအစီအမံ များကို ဆောင်ရွက်နေကြပြီဖြစ်ရာ ရောဂါပိုးကို ထိန်းချုပ်လာနိုင်သည်နှင့်အမျှ စာသင်ကျောင်း တံခါးများ ပွင့်လာရန်လည်း နီးကပ်လာနေပြီဖြစ်ပါသည်။ တပည့် များ၏ အနန္တကျေးဇူးရှင် ဆရာ၊ ဆရာမများ၏ နွေးထွေး နူးညံ့သည့် သင်ကြားပြသမှုများ၊ ဆုံးမပဲ့ပြင်မှုများဖြင့် လူငယ်၊ လူရွယ်များ၏ ပညာရေးမဝေးရအောင် အမြန်ဆုံးစာသင်ခန်းများသို့ လာရောက်စေလိုပါကြောင်း ဆရာကြီး ဆရာမကြီးများအား လေးလေးစားစားဖြင့် ဖိတ်မန္တက ပြုလိုက်ရပါသည်။ ။
- Log in to post comments