ပြည့်အင်အားဖြင့် ရင်ဆိုင်ကျော်လွှား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂) ရပ်တွင် နိုင်ငံတကာဆက်ဆံရေးနှင့် စပ်လျဉ်း၍ “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး  နိုင်ငံများ အကြား ငြိမ်းချမ်းစွာ  အတူယှဉ်တွဲနေထိုင်ရေးမူကို  ဆက်လက် လိုက်နာကျင့်သုံးရေး။” ဟူ၍ နိုင်ငံရေးဦးတည်ချက်တစ်ရပ်လည်း ပါဝင်သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် နှင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ မှာ မြန်မာနိုင်ငံက ခေတ်အဆက်ဆက်  အစဉ်တစိုက်  ကျင့်သုံးခဲ့ သော နိုင်ငံခြားရေးမူဝါဒများပင်ဖြစ်သည်။

ယနေ့    ကမ္ဘာကြီးကိုကြည့်လျှင်   ကပ်ရောဂါကျရောက်မှု၊ အင်အားကြီးနိုင်ငံများအကြား ပွတ်တိုက်မှုနှင့် စစ်မက်ဖက်ပြိုင်မှု များ၊ ယင်းတို့၏ အကျိုးဆက်ဖြစ်သော ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ စားနပ်ရိက္ခာနှင့် လောင်စာဆီရှားပါးမှု၊ ငွေကြေးဖောင်းပွမှု စသည့် ရိုက်ခတ်မှုများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခံစားနေရချိန်လည်း ဖြစ်သည်။ ယင်းသို့သော ရိုက်ခတ်မှုများသည် အဘက်ဘက်က အင်အားနည်းသည့်  နိုင်ငံငယ်များအဖို့ ကြီးမားသည့်အခက်အခဲ၊ အကျပ်အတည်းများကို ဖြစ်ပေါ်စေသည်။ တစ်ချိန်တည်းမှာပင် အင်အားကြီးနိုင်ငံအချို့က နိုင်ငံငယ်များ၏ ပြည်တွင်းရေးများတွင် လိုတစ်မျိုး၊ မလိုတစ်မျိုး ခေါင်းစဉ်အမျိုးမျိုးတပ်ကာ  နည်းလမ်း မျိုးစုံဖြင့် ဝင်ရောက်စွက်ဖက်မှုများကိုလည်း  ရင်ဆိုင်ကြရသည်။  အင်အားကြီးနိုင်ငံများအနေဖြင့်    ၎င်းတို့၏  ဘက်တော်သား၊  ၎င်းတို့၏  နောက်လိုက်နိုင်ငံများတွင်  စံနှုန်းတစ်မျိုး၊   ၎င်းတို့၏ ဩဇာကို မခံယူသောနိုင်ငံများတွင် စံနှုန်းတစ်မျိုးဖြင့် ဝင်ရောက် စွက်ဖက်နေကြခြင်းဖြစ်ပြီး  ရည်ရွယ်ချက်မှာ ၎င်းတို့၏  ဩဇာ အာဏာထူထောင်ရန်ပင်ဖြစ်သည်။ 
မြန်မာနိုင်ငံသည်  အရှေ့တောင်အာရှနှင့် တောင်အာရှဒေသ တို့  ဆက်စပ်နေသည့်နေရာတွင်  တည်ရှိနေပြီး  ကမ္ဘာ့လူဦးရေ အများဆုံး၊ စီးပွားရေးအင်အားကြီးမားသည့်နိုင်ငံကြီး နှစ်ခု၏ ကြားတွင် တည်ရှိနေသော နိုင်ငံဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့အားပြိုင်မှုများတွင်လည်း အချက်အချာကျသည့်နေရာတွင် တည်ရှိနေရာ ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့အနေဖြင့် မြန်မာနိုင်ငံ ကို ၎င်းတို့အလိုကျ ပုံဖော်ဆောင်ရွက်နိုင်ရေး၊ ၎င်းတို့၏ ရုပ်သေး၊ ၎င်းတို့၏ ဩဇာခံဖြစ်စေရေးတို့အတွက် ဖိအားပေးအကျပ်ကိုင်မှု များ၊ အပြစ်ရှာဝေဖန်တိုက်ခိုက်မှုများ၊ ပိတ်ဆို့အရေးယူမှုများကို စဉ်ဆက်မပြတ်  လုပ်ဆောင်လျက်ရှိရာ မိမိတို့နိုင်ငံအနေဖြင့် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသော ခံယူချက် ဖြင့် အခက်အခဲ၊ အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားလျက် ရှိသည်။


မြန်မာနိုင်ငံသည်  အိမ်နီးချင်းနိုင်ငံများနှင့်   ဆက်ဆံရာတွင် လည်းကောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရာတွင်လည်းကောင်း ငြိမ်းချမ်းစွာ   အတူယှဉ်တွဲနေထိုင်ရေးမူကြီး  (၅)  ရပ်ပေါ်တွင် ရပ်တည်၍   တန်းတူရည်တူရှိမှု၊     ကမ္ဘာ့ရေးရာများတွင် ဘက်မလိုက်မှု၊ ချစ်ကြည်ရင်းနှီးစွာ မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံမှု၊   ကုလသမဂ္ဂအဖွဲ့ကြီးအား    အားပေးထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်ရေးကို အကျိုးတူမှု၊ ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် နှောင်ကြိုးမပါသော  ပြင်ပအကူအညီထောက်ပံ့မှုများကို  ရယူ ဆောင်ရွက်သွားရေး    စသည့်အခြေခံမူများနှင့်အညီ     ကျင့်သုံး နေခြင်းဖြစ်သည်။


မျက်မှောက်ကမ္ဘာကြီးတွင်  နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ရာ ၌ ငြိမ်းချမ်းရေး၊  တည်ငြိမ်အေးချမ်းရေးနှင့်  လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးသည်  အရေးကြီးဆုံး   လိုအပ်ချက်များပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် မည်သို့သောစိန်ခေါ်မှုများကို  ရင်ဆိုင်ရ သည်ဖြစ်စေ မိမိနိုင်ငံ၊ မိမိလူမျိုး   အကျိုးစီးပွားကို   မထိခိုက်စေ မည့်၊ နိုင်ငံတကာနှင့်  ပေါင်းသင်းဆက်ဆံမှုကို  မပျက်ယွင်းစေမည့် နိုင်ငံတစ်နိုင်ငံအဖြစ်   ကုလသမဂ္ဂအပါအဝင်   ဒေသတွင်းအဖွဲ့ အစည်းများ၊  ကမ္ဘာ့နိုင်ငံများနှင့်  ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါကြောင်း။      ။