
နေပြည်တော် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်ရှိ KBZ ဘဏ်ခွဲ အမှတ်(၄၂) စက်မှုပန်းခြံ ဘဏ်ခွဲမှ ငွေကျပ်သိန်း ၁၃၅၀ ခန့်ကို အမျိုးသား နှစ်ဦးက ဇူလိုင် ၁၅ ရက် မွန်းလွဲပိုင်းတွင် သေနတ်ပြ ခြိမ်းခြောက်ကာ လုယက်ယူ ဆောင်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် တွင် ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက် ၁၃၃ လမ်းနှင့်
၁၃၄ လမ်းကြား၊ ၇၈ လမ်း၊ ရန်ကုန်-မန္တလေး ကား လမ်းမကြီး လမ်းဟောင်းအရှေ့ဘက်၌ ဖွင့်လှစ်ထား သည့် KBZ ဘဏ်ခွဲအမှတ်(၄၂) စက်မှုပန်းခြံဘဏ်ခွဲသို့ အမျိုးသားနှစ်ဦး ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဘဏ်အတွင်းဝင်ရောက်ကာ သေနတ်ပြခြိမ်းခြောက် ၍ ဘဏ်ကောင်တာအတွင်းထားရှိသည့် ငွေကျပ် သိန်း ၁၃၅၀ ခန့်ကို လုယက်ယူဆောင်ကာ ဘဏ်၌အသုံးပြုသည့် ကွန်ပျူတာမော်နီတာ တစ်လုံး ကို ဖိုက်ဘာအရိုး နှစ်ပေခန့်တပ်ဆင်ထားသည့် ပုဆိန်ဖြင့် ရိုက်ခွဲဖျက်ဆီးကာ လုံးပတ် ၄ လက်မ၊ အရှည် ၁ ပေ ခန့်ရှိ PVCပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း တစ်လုံးကို မှန်ကောင်တာပေါ်တင်၍ ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်နှစ်စီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှ လုယက်မှုကျူးလွန်ခဲ့သည့် အမျိုးသား နှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်