
နေပြည်တော် ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် မှော်ဇာရွာမ ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှော်ဇာ၌ လုံခြုံရေးတာဝန် ထမ်းဆောင်လျက် ရှိသော တပ်ဖွဲ့ဝင်တစ်ဦးကို ယနေ့နံနက် ၉ နာရီ ခန့်တွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မှော်ဇာရွာမကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မှော်ဇာတွင် တက်ရောက် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိစဉ် မှော်ဇာရွာမကျေးရွာနေ အောင်မြင့်မြတ် (၁၄)နှစ် (ဘ)ဦးသန်းရွှေက အရိုး သုံးလက်မခန့်၊ အသွား ရှစ်လက်မခန့်၊ အနံ ၁ ဒသမ ၅ လက်မခန့်ရှိစကေဘာ ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို နောက်ကျောမှ နေ၍ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ အနက် သုံးလက်မ ခန့် ထိုးသွင်းဒဏ်ရာရရှိခဲ့သည်။ ကျန်လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်တိုက်ခိုက်သူအား ဖမ်းဆီးစဉ် ခုခံထွက်ပြေးသွားသဖြင့် ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကျောင်း၏ အနောက်ဘက် မီတာ ၁၀၀ခန့်အကွာ၌ ဒဏ်ရာနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။ ဖြစ်စဉ်တွင် ဒဏ်ရာရ လုံခြုံရေးတပ်ဖွဲ့ဝင် နှင့် အကြမ်းဖက်သူတို့ကို တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး အကြမ်းဖက် တိုက်ခိုက်သူအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက်အဖွဲ့များအနေဖြင့် အမှားအမှန် ခွဲခြားသိမြင်နိုင်မှုနည်းပါးသေးသည့် အသက်ငယ်ရွယ် သူများကို ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ စည်းရုံး မက်လုံးပေးသိမ်းသွင်းခြင်းများ ပြုလုပ်၍ ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို စေခိုင်းလျက်ရှိကြောင်း၊ အုပ်ထိန်းသူ မိဘ၊ ဆရာများကလည်း မိမိရင်သွေး ငယ်များ လမ်းမှားပေါ် မရောက်ရှိစေရေး ဝိုင်းဝန်းတားဆီးဆောင်ရွက်ရန်လိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်