မြန်မာနိုင်ငံသည် အာဆီယံအလုပ်သမားဈေးကွက်တွင် အလုပ် သမားဦးရေအများဆုံး ပို့လွှတ်နေသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ မှ ရွှေ့ပြောင်းအလုပ်သမားများ အများဆုံး သွားရောက်ကြသည့် နိုင်ငံများတွင် ထိုင်းသို့ ၇၀ ရာခိုင်နှုန်း၊ မလေးရှားသို့ ၁၅ ရာခိုင်နှုန်းနှင့် စင်ကာပူ၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့သို့ ၁၅ ရာခိုင်နှုန်း သွားရောက် ကြသည်။ သို့ရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်းမှာ အခြေခံပညာအလယ်တန်းအဆင့်သာရှိကြပြီး လုပ်ငန်းကျွမ်းကျင်မှုလည်း မရှိသလောက်နည်းပါးကြသည့်အတွက် အဆင့်နိမ့်အလုပ်အကိုင်များကိုသာ လုပ်ကြရသည်ဟု သိရသည်။
မိမိတို့နိုင်ငံသားများ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ နှင့်အညီ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီနှင့် ပြည်ပအလုပ် အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၃၀၀ ကျော်တို့က ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် အရှေ့အလယ်ပိုင်းနိုင်ငံ အချို့သို့ အလုပ်သမားများ စေလွှတ်ပေးလျက်ရှိသည်။
ပြည်ပအလုပ်သမားဈေးကွက်သို့ အလုပ်သမားများ စေလွှတ် ရာတွင် နည်းပညာများဖွံ့ဖြိုးတိုးတက်နေသည့် ခေတ်ဖြစ်သည့် အလျောက် လုပ်ငန်းခွင်အလုပ်လုပ်ကိုင်မှုများ ခေတ်နှင့်အညီ ပြောင်းလဲမှုကို လိုက်ပါလုပ်ကိုင်နိုင်သည့် ကျွမ်းကျင်မှုမျိုးရှိပါက အလုပ်သမားအတွက် ပိုမိုမြင့်မားသည့် လုပ်ခလစာရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံအတွက်လည်း ပြည်ပဝင်ငွေ ပိုမိုရရှိလာမည်ဖြစ်သည်။ ခေတ်မီ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများနှင့် လုပ်ငန်းသုံး စက်ကိရိယာများကို ကျွမ်းကျင်မှုမရှိပါက ကြာလေလေ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလေလေအခြေအနေသို့ ရောက်ရှိသွားနိုင်သည်။
ပြည်ပအလုပ်သမားဈေးကွက်သို့ ကျွမ်းကျင်အလုပ်သမားများ စေလွှတ်ပေးနိုင်ရန်မှာ လိုအပ်သည့်ကျွမ်းကျင်မှုအဆင့်သို့ စံချိန်မီ ရောက်ရှိစေရန်အတွက် လေ့ကျင့်သင်ကြားမှုများ အချိန်ယူပြုလုပ် နိုင်ရန် လိုအပ်ပြီး လုပ်ငန်းအမျိုးအစားအလိုက် စံနှုန်းသတ်မှတ်ခြင်း၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ကျွမ်းကျင်မှုရှိမရှိ စစ်ဆေးခြင်း၊ ကျွမ်းကျင်အဆင့် အသိအမှတ်ပြုခြင်းတို့ ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ လူသားအရင်းအမြစ်တန်ဖိုးကို မြှင့်တင်ပေးနိုင်ရာ ပြည်ပ အလုပ်အကိုင်ဈေးကွက်ကို မျှော်မှန်း၍ ယင်းကဏ္ဍတွင် ပိုမိုရင်းနှီး မြှုပ်နှံမှု ပြုလုပ်သင့်သည်သာ ဖြစ်သည်။
လက်ရှိအခြေအနေတွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကူးစက် ပျံ့နှံ့မှုဖြစ်ပွားလျက်ရှိခြင်းကြောင့် ပြည်ပအလုပ်အကိုင်အခွင့်အလမ်း များမှာလည်း တရားဝင်လမ်းကြောင်းမှ သွားရောက်ခြင်းထက် တရားမဝင်လမ်းကြောင်းများမှ သွားရောက်ကြခြင်းကြောင့် တစ်ဖက် နိုင်ငံများတွင် ဖမ်းဆီးထိန်းသိမ်းခံနေကြရသည့်အခြေအနေများကို တွေ့မြင်နေရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါက ဗီဇမျိုးကွဲသစ်များ ပေါ်ပေါက်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကူးစက်မှုများ ဖြစ်ပေါ် နေသည့်အတွက် ပြည်ပအလုပ်အကိုင်များမှာလည်း ကမောက်ကမ အခြေအနေမျိုး ဖြစ်ပေါ်လျက်ရှိသည်။
ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ်သွားရောက် အလုပ်လုပ်ကိုင်ကြခြင်းမှာ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းနှင့် ပြည်ပအလုပ်အကိုင်များ၏ လုပ်ခလစာ ပိုမိုများပြား မှုက ဆွဲဆောင်ခြင်းတို့ကြောင့်ဖြစ်သည်။ ယင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ကြရာတွင်လည်း အများစုက ပြည်ပအလုပ်အကိုင်ပွဲစားများမှတစ်ဆင့် တရားမဝင်နည်းလမ်းများဖြင့် သွားရောက်ကြပြီး အဆင့်နိမ့်အလုပ်များကို လုပ်ကိုင်ကြခြင်းဖြစ်ရာ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများမှာ ခေါင်းပုံဖြတ်ခံကြရခြင်း၊ အခွင့် အရေးများချိုးဖောက်ခံရခြင်း၊ တစ်ဖက်နိုင်ငံမှ ဥပဒေအရ အရေးယူ ဖမ်းဆီးခံရခြင်းစသည့် ထိခိုက်နစ်နာမှုများစွာ ခံစားကြရသည်။ သို့ဖြစ်ရာ ပြည်ပသို့ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက် အလုပ်လုပ်ကိုင်လိုသူများအတွက် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ နှင့် အသိပညာပေးသင်တန်းများကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့် ပြုလုပ်ပေးသွားရန် လိုအပ်သည်ဟု ရှုမြင်မိသည်။
မိမိတို့နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်သည့်အရွယ် လူဦးရေ အချိုးအဆမြင့်မားသော်လည်း အများစု၏ ပညာရေးရေချိန်မှာ အလယ်တန်းမျှသာ ဖြစ်နေသည်။ ပြည်တွင်းအလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုများပြားလာပြီး စီးပွားရေးအခြေအနေ မြင့်မားလာမှ သာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မှု အထိုက်အလျောက် လျော့ကျလာနိုင်မည်ဖြစ်သည်။ သို့ဖြစ်သည့်အတွက် ပြည်ပအလုပ် အကိုင်များအတွက် သွားရောက်လုပ်ကိုင်မည့်သူများမှာ ဆက်လက် ထွက်ခွာနေကြဦးမည်သာဖြစ်ရာ ၎င်းတို့အား ကျွမ်းကျင်မှုများမြှင့်တင် ပေးခြင်း၊ တရားဝင်သွားရောက်ရန် ပညာပေးခြင်းဖြင့် အလုပ်သမားတို့ အကျိုး၊ နိုင်ငံ့အကျိုး တိုးတက်မြင့်မားပါစေကြောင်း။ ။