ပြည်ပမှ စက်သုံးဆီများ ပုံမှန်တင်သွင်းသိုလှောင်ဖြန့်ဖြူးလျက်ရှိသဖြင့် ပြတ်လပ်မှုမရှိနိုင်

 

နေပြည်တော်   ဇူလိုင်   ၃၁
ဇူလိုင်လလယ်ခန့်မှစ၍   မိုးအဆက်မပြတ်ရွာသွန်းပြီး  ဒေသအချို့ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ  ဆောင်ရွက်နေသည့်  သီလဝါ ဆိပ်ကမ်းဒေသရှိ  Terminal များ၏ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများ အနည်းငယ် နှောင့်နှေးကြန့်ကြာခြင်း၊  သယ်ယူပို့ဆောင်ရာတွင်လည်း   လမ်းခရီးအခြေအနေများအရ   အချို့ဒေသများသို့   ဆီတင်ယာဉ် ရောက်ရှိရန်  အချိန်အနည်းငယ်ကြန့်ကြာခြင်းတို့ကြောင့်  အရောင်း ဆိုင်အချို့တွင်   ဆီတင်ယာဉ်မရောက်မီ   စက်သုံးဆီအမယ်အချို့  ယာယီပြတ်လပ်မှုမဖြစ်ပေါ်စေရေး  စနစ်တကျစိစစ်ထိန်းသိမ်းရောင်းချ စေလျက်ရှိသည့်အပြင်  လိုအပ်ပါက Urgent အစီအစဉ်ဖြင့်  ဖြည့်တင်း ပေးခြင်း၊   ရေကြီးရေလျှံမှုကြောင့်    ယာယီပိတ်သိမ်းထားသော အရောင်းဆိုင်များသို့  ပေးပို့နေသည့်   စက်သုံးဆီများအား လိုအပ် သည့်  အရောင်းဆိုင်များသို့ ရွှေ့ပြောင်းချယူစေခြင်းများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။


စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့်      ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရန်နှင့် ပြတ်လပ်မှုမရှိစေရန်အတွက် သီလဝါဆိပ်ကမ်းဒေသရှိ သိုလှောင်ကန် စခန်းများ၌ ၂၀၂၄ ခုနှစ် ဩဂုတ်လ  ဒုတိယပတ်ကုန်အထိ စက်သုံးဆီ ဖူလုံစွာသုံးစွဲနိုင်ရေး  ကြိုတင်သိုလှောင်ဖြန့်ဖြူးလျက်ရှိပြီး  ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ စဉ်ဆက်မပြတ်ဝင်ရောက်ရန် စီမံကြီးကြပ် ဆောင်ရွက်ထားရှိပြီးဖြစ်သည်။


သို့ဖြစ်ပါ၍   အများပြည်သူများအနေဖြင့်    မကြာမီစက်သုံးဆီ ပြတ်လပ်မည်ဆိုသည့် Online Media သတင်းများနှင့် ပြင်ပကောလာ ဟလသတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှုဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်၍တစ်ဆင့် ပြန်လည်ရောင်းချခြင်းတို့ကို မပြုလုပ်ကြပါရန်၊ သုံးစွဲရန်လိုအပ်သည့် ပမာဏကိုသာ  ဝယ်ယူသုံးစွဲကြပါရန်၊   အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်းမျိုး မပြုလုပ်ကြစေရေး စနစ် တကျစိစစ်ကြပ်မတ်လျက်ရှိပါကြောင်းနှင့် လက်ရှိအခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်မှုမရှိနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်