
နေပြည်တော် အောက်တိုဘာ ၂၅
နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် အမေရိကန်ပြည်ထောင်စု ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဝါရှင်တန် မြို့ရှိ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့မှ ပူးပေါင်းစီစဉ်သည့် (၇) ကြိမ်မြောက် မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီး ယား သမ္မတနိုင်ငံ အင်ချွန်းအပြည် ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ပြန် လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၇ နာရီ ခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ် တွင် အမေရိကန်ပြည်ထောင်စုမှ ၂၈ ဦး၊ ပနားမားမှ ၁၄ ဦး၊ ကိုရီးယား သမ္မတနိုင်ငံမှ ၇၂ ဦး မြန်မာနိုင်ငံသား စုစုပေါင်း ၁၁၄ ဦး လိုက်ပါခဲ့ကြ သည်။ ထို့ပြင် ပြည်ပနိုင်ငံအရပ်ရပ် ၌ စာချုပ်သက်တမ်းကျော်လွန်၍ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသား ၁၄၃ ဦးအား စင်ကာပူ မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအဖွဲ့ ချုပ်တို့ ပူးပေါင်းစီစဉ်သည့် စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည် ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ည ၈ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ခုနစ်ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့ကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်