ပြည်ပနိုင်ငံများရောက် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ခဲ့


 

နေပြည်တော် နိုဝင်ဘာ ၂၂


နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသား ၁၂၀ အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၁၂၉ ဦးအား ဟောင်ကောင် မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ အစီအစဉ်ဖြင့် (၇) ကြိမ်မြောက်အဖြစ် China Airlines လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့
အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
ထို့ပြင် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသားများအား မြန်မာသံရုံး ဆိုးလ်မြို့နှင့် မြန်မာပင်လယ် ရေကြောင်းအလုပ်သမားများ အဖွဲ့ချုပ် (MMWF) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေ ကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ် မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၇ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်လည် ရောက်ရှိခဲ့ကြသည်။ အဆိုပါကယ်ဆယ် ရေးလေယာဉ်တွင် ကိုရီးယားသမ္မတ နိုင်ငံမှ ၈၂ ဦး၊ ဒိုဟာမှ ၁၅ ဦး၊ ယူအေအီးမှ နှစ်ဦး၊ တရုတ် (တိုင်ပေ) မှ တစ်ဦး၊ အီဂျစ်မှ ခြောက်ဦး၊ တူရကီမှ သုံးဦး၊ မြန်မာသင်္ဘောသား စုစုပေါင်း ၁၀၉ ဦး လိုက်ပါခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/သတ်မှတ်ဟိုတယ်များ၌ အသွား အလာကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ် တွင် အသွားအလာကန့်သတ်မှု ခုနစ် ရက် နေထိုင်စေရေးတို့ကို အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့် အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေ ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး များ၊ သင်္ဘောကုမ္ပဏီများ/ အဖွဲ့ အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်