
နေပြည်တော် နိုဝင်ဘာ ၁၈
နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဗီယက်နမ် နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရ သည့် မြန်မာသင်္ဘောသား ၁၆၃ ဦး အား ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၊ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား များ အဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီများမှ ပူးပေါင်းစီစဉ် သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၆ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
ထို့ပြင် တောင်အာဖရိကနိုင်ငံ နှင့် ဘရာဇီးနိုင်ငံတို့တွင် အခက်အခဲ
ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအတွက် ရည်ရွယ်လျက် ပရီတိုးရီး ယားမြို့ရှိ မြန်မာသံရုံး၊ ဘရာဇီးလျားမြို့ရှိ မြန်မာသံရုံးနှင့် ရီယာဒ်မြို့ရှိ မြန်မာသံရုံးတို့ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာသင်္ဘောသား ၁၃၉ ဦးအား အာရပ် စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာကန့်သတ်မှုခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှုခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများ အား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID- 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက် နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘောကုမ္ပဏီများ/ အဖွဲ့အစည်းများ နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သတင်းစဉ်