
နေပြည်တော် အောက်တိုဘာ ၁၉
ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး ၂၈ ရုံး တို့မှ ပေးပို့လာသော ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ် များပါဝင်သည့် ချိပ်ပိတ်ထားသော သံတမန်ချောအိတ် များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ယနေ့တွင် လွှဲပြောင်းပေးအပ် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လွှဲပြောင်းပေးအပ်ခဲ့
အဆိုပါ ရုံး ၂၈ ရုံးတို့မှ ပြန်လည်ပေးပို့လာသည့် ဆန္ဒပြု ပြီး မဲလက်မှတ်များ ပါဝင်သည့် အထုပ် လေးထုပ်အား ယနေ့နံနက် ၆ နာရီခွဲတွင် လုံခြုံရေး အစောင့်အရှောက်ဖြင့် ရန်ကုန်မြို့ရှိ Myanmar DHL Service ရုံးချုပ်မှ စတင် ပို့ဆောင်ခဲ့ရာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမှတစ်ဆင့် နေပြည်တော်အဝင် Toll Gate သို့ နံနက် ၁၀ နာရီခွဲတွင် ရောက်ရှိခဲ့ပြီး ၎င်းဆန္ဒမဲလက်မှတ်ပါအထုပ်များကို ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင်က နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်စိုးဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦး ထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။ (အပေါ်ပုံ)
ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များအား နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လာရာ အောက်တိုဘာ ၁၄ ရက်တွင် ရုံးလေးရုံးတို့မှ ဆန္ဒမဲလက်မှတ်များကို လည်းကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် ရုံးနှစ်ရုံးတို့မှ ဆန္ဒမဲလက်မှတ်များကို လည်းကောင်း၊ ယနေ့တွင် ရုံး ၂၈ ရုံးတို့မှ မဲလက်မှတ်များကို လည်းကောင်း လက်ခံရရှိခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အဆိုပါနေ့ရက် များ၌ပင် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သဖြင့် ယခု အချိန်ထိ ရုံး ၃၄ ရုံးတို့မှ ကြိုတင်ဆန္ဒမဲလက်မှတ်များကို စနစ်တကျ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
စနစ်တကျ လွှဲပြောင်းပေးပို့သွားမည်
ကျန်ရှိသည့် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ် ရုံးများမှ ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များ ပေးပို့ လာပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ စနစ်တကျ လွှဲပြောင်းပေးပို့သွားမည်ဖြစ်သည်။
ထို့ပြင် အာရပ်စော်ဘွားများ ပြည်ထောင်စု၌ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများသည် ဒူဘိုင်းမြို့ရှိ ပြင်ပမဲရုံခွဲ၌ မဲရုံဖွင့်လှစ်သည့် ဒုတိယနေ့ အောက်တိုဘာ ၁၈ ရက်က ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြရာ စုစုပေါင်း မဲဆန္ဒရှင် ၂၇၃ ဦး လာရောက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြသဖြင့် မဲရုံခွဲ ဖွင့်လှစ်သည့် နှစ်ရက်၌ စုစုပေါင်း မဲဆန္ဒရှင် ၅၅၄ ဦး ကြိုတင်မဲပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်