ပြည်ပသွင်းကုန် စက်သုံးဆီနှင့် စားသုံးဆီ ချွေတာသုံးစွဲခြင်းဖြင့် တင်သွင်းမှုလျှော့ချ

 

နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရန် ပြည်ပမှ စက်သုံးဆီနှင့် စားသုံးဆီများ  တင်သွင်းနေရမှုကို  လျှော့ချနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၈/၂၀၂၂) တွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုက်တွန်းမှာကြားခဲ့သည်။ စက်သုံးဆီနှင့် စားသုံးဆီများ ကို ပြည်တွင်း၌ သုံးစွဲမှုလျှော့ချနိုင်မှသာ ပြည်ပမှ တင်သွင်းမှု ကို လျှော့ချနိုင်မည်ဖြစ်သည့်အလျောက် ပြည်တွင်းသုံးစွဲမှု လျှော့ချနိုင်ရေး  လမ်းညွှန်မှာကြားမှုများကိုလည်း  လိုက်ပါ အကောင်အထည်ဖော်နိုင်ရန် လိုအပ်မည်ဖြစ်သည်။

 


မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် မျိုးစုံ တစ်သန်းကျော်နှင့် မော်တော်ဆိုင်ကယ် ခြောက်သန်း ကျော်ရှိနေရာ မြေပြင်တွင် သည့်ထက်ပို၍ များပြားဖွယ်ရာ ရှိသည်။ အိမ်နီးချင်းနိုင်ငံများမှ ထုတ်လုပ်သည့် ဆိုင်ကယ်များ မှာ   နိုင်ငံအနှံ့အပြား  ကျေးလက်ဒေသများနှင့်  တောင်ပေါ် တောတွင်း လယ်ကွင်းများ၌ပါမကျန် သုံးစွဲနေကြပြီး အများသုံး သည့် အဓိက ယာဉ်များဖြစ်နေသည်။ သို့ဖြစ်ရာ မြို့ပြဒေသများ တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များကို ပိုမို ကောင်းမွန်အောင်  မြှင့်တင်ခြင်းဖြင့် ကိုယ်ပိုင်မော်တော်ယာဉ် များ သုံးစွဲမှုလျှော့ချနိုင်ရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် ရထားဖြင့် ပို့ဆောင်သည့်စနစ်ကို အဓိကထား အသုံးပြုလာ စေရေးအတွက်   ဝန်ဆောင်မှု    ပိုမိုကောင်းမွန်ရေးတို့ကို အောင်မြင်အောင် ဆောင်ရွက်သွားရမည်ဖြစ်သည်။

 


၂၀၂၁ ခုနှစ်တွင် စက်သုံးဆီ တန်ချိန် ၄ ဒသမ ၁၂ သန်း တင်သွင်းခဲ့ပြီး တန်ဖိုးအမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ခန့် ကုန်ကျခဲ့ရာ စက်သုံးဆီများ ချွေတာသုံးစွဲနိုင်သည်နှင့် အမျှ     နိုင်ငံခြားငွေသုံးစွဲမှု   လျောကျလာမည်ဖြစ်သည်။ မော်တော်ယာဉ်နှင့်   မော်တော်ဆိုင်ကယ်စီးရေ   စုစုပေါင်း ခုနစ်သန်းကျော်တို့က မိမိတို့၏ နေ့စဉ်သုံးစွဲနေသည့် စက်သုံး ဆီများအနက်မှ အချို့ကိုမဖြစ်မနေလျှော့ချသုံးစွဲမည်ဆိုပါက မိမိကိုယ်တိုင်    စက်သုံးဆီဖိုးကုန်ကျမှုကို   လျှော့ချနိုင်မည် ဖြစ်သကဲ့သို့  နိုင်ငံ၏   နိုင်ငံခြားငွေသုံးစွဲမှုအပေါ်တွင်လည်း အကျိုးသက်ရောက်စေမည်ဖြစ်သည်။

 


ပြည်ပမှ တင်သွင်းနေရသော  စားသုံးဆီနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက် လာရေးနှင့်    ဆီစက်လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးတို့ အောင်မြင်သည်နှင့်အမျှ ပြည်တွင်းစားသုံးဆီ  ဖူလုံမှုရရှိပြီး ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ပြည်တွင်း ဆီစားသုံးသူများမှာ ပြည်ပမှ စားအုန်းဆီကို ဈေးနှုန်းသက်သာ မှုကို အကြောင်းပြု၍     သုံးစွဲနေကြခြင်း   ဖြစ်သော်လည်း ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုတိုးတက်လာပြီး ဈေးနှုန်းအား ဖြင့်လည်း     သင့်တင့်လျောက်ပတ်သည့်     အနေအထားသို့ ရောက်ရှိလာပါက ပြည်တွင်းမှ ထုတ်လုပ်သည့် ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကိုသာ မလွဲမသွေ သုံးစွဲကြမည်ဖြစ်သည်။

 


ပြည်ပမှ      စက်သုံးဆီကို    နှစ်စဉ်  အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅၀၀ ဖိုးခန့်၊ စားသုံးဆီကို  အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုးခန့်   တင်သွင်းသုံးစွဲလျက်ရှိရာ   ဆီနှစ်ရပ်ပေါင်း ပါက   ဒေါ်လာသန်းထောင်ပေါင်းများစွာ   ကုန်ကျနေရသည်။ နိုင်ငံခြားငွေသုံးစွဲမှု   လျှော့ချနိုင်ရန်မှာ   စက်သုံးဆီ၊ စားသုံးဆီ သုံးစွဲမှုများလျှော့ချနိုင်ရန်နှင့် ပြည်တွင်းမှထုတ်လုပ်မှု မြှင့်တင် နိုင်ရန်    ဆောင်ရွက်ရမည်ဖြစ်ရာ  ပြည်သူလူထု၏  ပါဝင်မှုဖြင့် အောင်မြင်မှုရရှိအောင်         အကောင်အထည်ဖော်နိုင်ပါစေ ကြောင်း။      ။