နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်နှစ်တာကာလ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ ယာယီသမ္မတထံသို့ အစီရင်ခံတင်ပြခဲ့ပြီး အရေးပေါ်သက်တမ်းကာလကို ခြောက်လ ထပ်မံတိုးခဲ့ရာ တွေ့ရှိရသည့် ဝေဖန်မှုများ၊ တုံ့ပြန် ချက်များနှင့် လိုအင်ဆန္ဒများကို လေ့လာဆန်းစစ်ခဲ့ကြောင်း၊ တွေ့ရှိ ချက်များအရ ရွေးကောက်ပွဲ ပြန်လည်ဆောင်ရွက်ပေး ရန်၊ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ပေးရန်နှင့် ကုန်ဈေးနှုန်းကျဆင်းမှုရှိအောင် ဆောင်ရွက်ပေးရန်ဟူသည့် အချက်သုံးချက်သည် အဓိကဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေး (၂/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အသစ်ချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အကောင် အထည်ဖော်ရာတွင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် လာမည့်ရွေးကောက်ပွဲ ကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရန် လုပ်ဆောင်သင့်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများ အရေအတွက် များပြားသော်လည်း ရွေးချယ်ခံရသည့် ပါတီနည်းပါးခဲ့ရာ ပြည်သူများ၏ ယုံကြည်ကိုးစားမှု နည်းပါးခဲ့သည့် အခြေ အနေကို ထင်ဟပ်နေသည်။ နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူကို စည်းရုံးနိုင်မှုနှင့် ကိုယ်စားပြုနိုင်မှုတို့ အားနည်း လျက်ရှိပြီး ပါတီငယ်များ အများအပြား တည်ထောင်၍ ရွေးကောက်ပွဲဝင်ရောက်နေကြခြင်းကလည်း ဒေသနှင့် ဒေသခံပြည်သူလူထု၏ လိုလားချက်ကို အကောင်အထည်ဖော် ဆောင်ပေးရန်၊ ပြည်သူလူထု၏ အသံကို လွှတ်တော်တွင် ကိုယ်စားပြုပြောကြားရန် လွန်စွာအခွင့်အလမ်းနည်းပါးလျက် ရှိသည်။
သို့ဖြစ်သည့်အလျောက် အင်အားနည်းသည့် ပါတီငယ် အများအပြားဖြင့် နိုင်ငံရေးကို အကွဲကွဲအပြားပြား အကောင် အထည်ဖော်ခြင်းဖြင့် အလုပ်မဖြစ်မည့်အစား ဦးစီး ခေါင်းဆောင်မှုကောင်းမွန်သည့် ပါတီ၊ ပြည်သူလူထုအတွင်း စည်းရုံးမှုအားကောင်းသည့်ပါတီ၊ ပြည်သူကို ကျယ်ကျယ် ပြန့်ပြန့် ကိုယ်စားပြုသည့် ပါတီများအဖြစ် လွှတ်တော်ထဲ တွင် ပြည်သူ၏အသံနှင့် တိုင်းပြည်မှ ဖြစ်စေချင်သည်များကို ပြောခွင့်ရနိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ထုတ်ပြန်၍ ထိန်းသိမ်းခဲ့သည်။ ယခုအခါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင် ခွင့်တို့ကို နိုင်ငံရေးပါတီများက လျှောက်ထားလျက်ရှိရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းများတွင် တွေ့ရှိနိုင်သည်။
ပါတီများနှင့် ပတ်သက်၍ ၎င်းတို့၏ လုပ်ဆောင်ချက်များကို လည်း ဥပဒေအရ ခွင့်ပြုသင့်သည်များကို ခွင့်ပြုပေးသွားရမည် ဖြစ်ကြောင်း၊ ပါတီများ ဖွဲ့စည်းပြီးပါက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သင့်သည်များကို ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ယင်းတို့သည် မလွဲမသွေလုပ်ဆောင်ရမည် များ ဖြစ်သည်ကို ပြောလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ရာ ရွေးကောက်ပွဲအကြိုကာလတွင် နိုင်ငံရေးပါတီများ၏ ဥပဒေနှင့် ညီညွတ်သည့် လုပ်ဆောင်ချက်များကို တွေ့မြင်လာ ရမည်ဖြစ်သည်။ လက်ရှိအချိန်အခါသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ်သော နိုင်ငံ တစ်ဝန်းတည်ငြိမ်အေးချမ်းရေးရရှိရန် ဆောင်ရွက်နေသည့် အချိန် ဖြစ်သည့်အားလျော်စွာ အကြမ်းဖက်မှု၊ ဆူပူ သောင်းကျန်းမှုနှင့် ခြိမ်းခြောက်မှုတို့ ကင်းစင်ပပျောက်ရေး အတွက် နိုင်ငံတော်၏ ဆောင်ရွက်ချက်များတွင် ပြည်သူလူထု အားဖြင့် ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။