ပြည်သူလူထု၏ အဆုံးအဖြတ်ဖြင့် …

Type

 

မျိုးငြိမ်းငယ်

 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက်လို့ ဆိုပြီး၊  ဓမ္မလို့ ဟစ်ကြွေးပြီး အဲဒါတွေနဲ့ဆန့်ကျင်ဘက် အဓမ္မမှု ကျူးလွန်နေသူတွေရဲ့  တော်လှန်ရေးဟာ   လူထုအတွက် တစ်နေ့တခြား စိတ်ချောက်ချားဖွယ်ဖြစ်နေရပါတယ်။ သူတို့ကတော့ ဓမ္မလို့ ဆိုကြပေမယ့် လူထုအတွက်တော့ အဓမ္မတွေဖြစ်နေပါတယ်။ သူတို့ပြောတဲ့ ဓမ္မဆိုတာ ဘယ်ရှုထောင့်၊ ဘယ်လိုအမြင်၊ ဘယ်လိုခံယူချက်ဆိုတာတော့ တိတိကျကျ မပြောတတ်ပါဘူး။ နားလည်လက်ခံထားတဲ့ ဓမ္မဝါဒီဟာ နားလည်မှု၊  ကိုယ်ချင်းစာတရား၊  အပြန်အလှန်လေးစားမှု၊ တရားမျှတမှု စတဲ့ကျင့်ဝတ်တွေအပေါ် အခြေခံထားတာပါ။ တစ်ဖက်သတ်အမြင်၊ တစ်ဖက်သတ်လိုလားချက်၊ တစ်ဖက်သတ်ရှုထောင့်တော့ မဟုတ်တာ သေချာပါတယ်။ အရပ်စကားပြောရရင် ငါလိုချင်တာရရင် အားလုံးတရားတယ်၊ ငါလိုချင်တာမရရင် အားလုံးက မတရားဘူးဆိုတဲ့ အယူအဆကတော့ တရားမျှတမှုဆိုတာထက် အတ္တဝါဒီသဘော၊ တစ်ဖက်စွန်းသဘော သက်ရောက်နေပါတယ်။

 

ဒီတော့ ဓမ္မဆိုတာကို သူ့ဘက်၊ ကိုယ့်ဘက်၊ လူ့အသိုက်အဝန်းတစ်ခုလုံးဆိုတဲ့ အမြင်၊ ရှုထောင့် နဲ့   လုပ်ရပ်တွေနဲ့  တိုင်းတာဖို့    လိုလာပါတယ်။ လူ့အသိုက်အဝန်း၊    လူ့အဖွဲ့အစည်းမှာ  လူမှု တရားမျှတမှုဖြစ်ဖို့ဆိုရင်    အခုလို အကြမ်းဖက် လုပ်ရပ်တွေက အကျုံးဝင်ပါ့မလား။ တော်လှန်ရေး တစ်ရပ်မှာ အနစ်နာခံမှုတွေ၊ ပေးဆပ်မှုတွေ၊ ရင်းနှီး မှုတွေရှိရမယ်ဆိုပေမယ့်  ဒီတော်လှန်ရေးဟာ ဘယ်သူ့အတွက်လဲ၊     ပြည်သူတွေအတွက်လား၊ အများကောင်းကျိုးအတွက်လားဆိုတာတော့ သိဖို့ လိုမှာပါ။ 

 


ဘာကြောင့်လဲဆိုတော့          အခုတိုက်ခိုက် သတ်ဖြတ်ခံနေရတာတွေက လက်နက်မဲ့ ပြည်သူ တွေအပြင်  ဘုန်းတော်ကြီးတွေတောင်ပါနေပါပြီ။ ဒီလို သတ်ဖြတ်ခံနေရတဲ့သူတွေကရော ဒီနိုင်ငံရေး ဖြစ်စဉ်တွေမှာ တိုက်ရိုက်သက်ဆိုင်နေကြလို့လား။ ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုတာမျိုး မနိုင်နိုင်ရာလုပ်နေ တာ၊ စိတ်ခံစားချက်နဲ့လုပ်နေတာကိုတော့ တရား မျှတမှုလို့  မခေါ်ထိုက်ပါဘူး။   အဖြူမဟုတ်ရင် အမည်းပဲဖြစ်ရမယ်ဆိုတဲ့ အတွေးလောက်နဲ့ ငါတို့ကို မထောက်ခံသူဟာ တစ်ဖက်ကို ထောက်ခံအားပေး သူ ဖြစ်ရမယ်ဆိုပြီး ရန်သူသတ်မှတ်တယ်။ ဘယ်ဘက် မှမပါဘဲနေသူကိုလည်း ငါတို့ကို မထောက်ခံလို့ဆိုပြီး ရန်သူသတ်မှတ်ပြန်ပါတယ်။ အဲဒီလိုအမြင်မတူတဲ့ သူတွေ၊ သဘောထားမတူသူတွေကို ဒလန်လို့စွပ်စွဲ၊ ရန်သူလို့သတ်မှတ်နဲ့ အကြမ်းဖက်သတ်ဖြတ်နေကြ တာ ဓမ္မလို့ ဆိုနိုင်မလား။ တရားမျှတမှုရော ဖြစ်နိုင် ပါ့မလား။  

 

 
ဓမ္မအရေခြုံထား


ဒီလို   အကြမ်းဖက်လုပ်ရပ်တွေကို   လုပ်ဖို့ ဦးဆောင်နေတဲ့သူတွေက    ဓမ္မအရေခြုံထားပြီး လူငယ်တွေကို အကြမ်းဖက်မှုတွေမှာ အသုံးချနေကြ ပါတယ်။ လူငယ်တွေကို အကြမ်းဖက်နိုင်ငံရေးမှာ ဆွဲသွင်းလာကြပါတယ်။ လူငယ်နဲ့နိုင်ငံရေးဆိုတာ မကင်းပါဘူး။ လူငယ်တွေ နိုင်ငံရေးအသိအမြင်တွေ ကြွယ်ဝဖို့၊ နိုင်ငံရေးဆိုင်ရာတွေမှာ ဆုံးဖြတ်နိုင်စွမ်း ရှိဖို့   နိုင်ငံရေးသိပ္ပံလို    ဘာသာရပ်တွေတောင် သင်ကြားပေးနေတာပါ။ ဒီတော့ လူငယ်တွေ နိုင်ငံ ရေးကို   စိတ်ဝင်စားတာ၊   ကိုယ့်နိုင်ငံအရေးကို စိတ်ဝင်စားတာဟာ ကောင်းတဲ့လက္ခဏာဖြစ်ပါ တယ်။ ဒါပေမယ့်လူငယ်တွေ နိုင်ငံရေးမှာ စိတ်ဝင် စားလာအောင်   သင်ကြားတာ၊ အတွေ့အကြုံ  မျှဝေ ပေးတာ၊ လက်တွဲခေါ်ယူတာဆိုရင်တော့ ကောင်းတဲ့ အကျိုးရလဒ်တွေ မျှော်မှန်းနိုင်ပေမယ့် အကြမ်းဖက် နိုင်ငံရေး    လှည့်ကွက်တွေထဲမှာ  လူငယ်တွေကို အသုံးချတာကတော့ နိုင်ငံရေးသမားကောင်းတို့ရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်မဟုတ်ပါဘူး။  ကျင့်ဝတ်မဲ့တဲ့ နိုင်ငံရေးပါပဲ။ 

 


ဖြူစင်ကြတဲ့လူငယ်တွေကို ဓမ္ဓအတွက်၊ တရား မျှတမှုအတွက်ဆိုပြီး အသုံးချနေတာကြောင့် လူငယ် တွေရဲ့ အနာဂတ်ဘဝအတွက် အမှားလမ်းပြပေးနေ သလို လတ်တလော ကျောင်းသားလူငယ်တွေရဲ့ဘဝ တွေ ထိခိုက်ပျက်စီးနေရပါတယ်။ တစ်ဖက်မှာဆိုရင် လည်း လက်နက်မဲ့ပြည်သူတွေ သတ်ဖြတ်ခံနေရပါ ပြီ။ ဘယ်ဘက်ကကြည့်ကြည့် ဆုံးရှုံးမှုတွေချည်းပဲ တွေ့နေရပါတယ်။   အနာဂတ်နိုင်ငံရေးမှာလည်း ရရင်ရ မရရင်ချဆိုတဲ့ အစဉ်အဆက်မှားခဲ့တဲ့ အမှား သံသရာထဲ ဆွဲခေါ်နေပြန်ပါတယ်။ ရိုးသားတဲ့လူငယ် တွေ၊  နိုင်ငံရေးအတွေ့အကြုံ    နည်းပါးသေးတဲ့ လူငယ်တွေကို ဓမ္မအရေခြုံပြီး အသုံးချနေကြတာ ကြောင့်  မြန်မာ့နိုင်ငံရေးမှာတော့  ဆိုးရွားလွန်းတဲ့ ဖြစ်စဉ်ဖြစ်ရပ်ဖြစ်နေပါတယ်။

 


ကတိနှင့် လက်တွေ့ 


အဲဒီတော့ ဒီနေ့ဓမ္မလို့ဆိုနေသူတွေဟာ ပြီးခဲ့ တဲ့ အစိုးရသက်တမ်းမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး တွေမှာ ပါဝင်ခဲ့တဲ့သူတွေ အများစုပါ။ သူတို့အာဏာ ရစဉ်က၊    လုပ်ပိုင်ခွင့်ရစဉ်က   ဘယ်လိုပြောခဲ့ သလဲ၊ ဘာတွေ  ကတိပေးခဲ့ကြသလဲ၊  ဘယ်လို လုပ်ခဲ့သလဲဆိုတာ မမေ့နိုင်သေးပါဘူး။ ဓမ္မဖြစ်ခဲ့ ကြပါသလားဆိုတာ အခုအချိန်ပြန်မေးရမှာပါ။     လူငယ်တွေဆိုတာ ခေါင်းထဲထားခဲ့သလား၊ နေရာ ပေးခဲ့ကြလားဆိုတာ ပြန်စဉ်းစားဖို့သင့်ပါတယ်။   အငှားဗိုက်နဲ့ဓားထိုးခံသလို ဒုက္ခတွေပင်လယ်ဝေ တဲ့အချိန်ကျမှ ပြည်သူတွေ၊ လူငယ်တွေကို ရှေ့တန်း တင်အသုံးချလာတာ တရားမျှတမှု  ဖြစ်နိုင်/မဖြစ် နိုင် စဉ်းစားဖို့သင့်ပါတယ်။

 


ဒီတော့ NLD ကို အာဏာမရခင် အတိုက်အခံ အဖြစ်နေစဉ်ကအပိုင်း၊   အာဏာရရှိစဉ်အပိုင်းနဲ့ အာဏာလက်လွတ်တဲ့အပိုင်းဆိုတဲ့ အပိုင်းတွေကို ဆက်စပ်လိုက်ရင် NLD ခေါင်းဆောင်ပိုင်းရဲ့ ရုပ်လုံး ကို မြင်သာနိုင်ပါတယ်။ ဒီလိုဆိုလို့ ပါတီတစ်ရပ် အပေါ်မှာ အလုံးစုံအဆိုးမြင်ဝါဒီအမြင်နဲ့ ကြည့်လို ခြင်း မဟုတ်ပါဘူး။   ဒါပေမယ့် လက်နက်မဲ့လူထု အပေါ်အကြမ်းဖက်တိုက်ခိုက်နေတဲ့၊ ဘုန်းတော်ကြီး တွေကို အငြိုးကြီးစွာ သတ်ဖြတ်နေတဲ့၊ ကျောင်းဆရာ ဆရာမတွေကို ရက်စက်စွာ သတ်ဖြတ်နေတဲ့သူတွေ ကို ဦးဆောင်နေသူအများစုဟာ NLD ကမွေးထုတ် ထားတာကြောင့်မို့လို့ပဲ ဖြစ်ပါတယ်။ ဒီနေ့ ဓမ္မသမား တွေ  တွင်တွင်ကျယ်ကျယ်ပြောနေတဲ့    ဖက်ဒရယ် တွေ၊ ဒီမိုကရေစီဆိုတာတွေဟာ လွန်ခဲ့တဲ့အစိုးရ သက်တမ်း ငါးနှစ်အတွင်းမှာ ပြန်ဆန်းစစ်ကြည့်လိုက် ရင် ပူပူနွေးနွေးအဖြေကို ရနိုင်ပါတယ်။ အချက်အလက် တွေ ခိုင်ခိုင်မာမာရှိနေဆဲပါ။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ထုတ်ပြရရင် ဖက်ဒရယ်ဆိုင်ရာမှာ၊ လွှတ်တော် အတွင်းမှာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ဖက်ဒရယ်အရေးကို ဦးစားပေးခဲ့သလား၊  ပါတီအာဏာ ရရေး၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အာဏာရရှိရေး ကို ဦးစားပေးခဲ့သလား  လွှတ်တော်မှတ်တမ်းမှတ်ရာ တွေကို ကြည့်ရင်သိနိုင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက်တွေကို NLD ပါတီက ခါးခါးသီးသီးပယ်ချခဲ့၊ ကန့်ကွက်ခဲ့ကြပါတယ်။

 


ဒီလိုလုပ်ရပ်တွေမှာ  အသေးအမွှားထဲကဆို ချောင်းဆုံတံတားကိစ္စကို   လူတိုင်းသိပြီးသားပါ။ တံတားနာမည်လေးကိုတောင် မလိုက်လျောနိုင်ခဲ့ပါ ဘူး။  မွန်ပြည်နယ်မှာရှိတဲ့    တံတားနာမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတားပေးတာဟာ ရိုးသား ခဲ့ကြသလား။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ  ယခင် ကတည်းက နိုင်ငံ့ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဖခင်ကြီး၊ တပ်မတော်ရဲ့ဖခင်ကြီးဆိုတာ အားလုံးက အသိအမှတ်ပြု လက်ခံထားကြပြီးသားပါ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားခေါင်းဆောင် ကြီးဖြစ်တဲ့အတွက် ဒါကို ပါတီတစ်ရပ်က ဗိုလ်ချုပ် အောင်ဆန်းရဲ့ပုံရိပ်ကိုအသုံးချဖို့ လုပ်ဆောင်တာ၊ တိုင်းရင်းသားတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုတာတွေ ဟာ ဖက်ဒရယ်ကို လိုလားတယ်လို့  ပြောနိုင်မယ် မထင်ပါဘူး။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းငါးနှစ်အတွင်း မှာ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေးအတွက် အသုံး ချဖို့ကြိုးစားခဲ့တဲ့ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တွေ စိုက်ထူခြင်းကလည်း တိုင်းရင်းသားတွေအကြား ဒွိဟတွေဖြစ်စေခဲ့တာမှာ ကယားပြည်နယ်က လူသိ အများဆုံးကိစ္စပါ။ ဒီတော့ မေးစရာရှိလာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို တိုင်းရင်းသား တွေ ကန့်ကွက်တဲ့ကြားက လုပ်ဆောင်နေခြင်းဟာ ဖက်ဒရယ်အတွက်လား၊ ဒီမိုကရေစီအတွက်လား၊ ပါတီပုံရိပ်အတွက် အသုံးချနေခြင်းလားဆိုတာ အခုချိန်မှာမေးခွန်းထုတ်ကြရမှာပါ။ 

 


လွှတ်တော်ပြင်ပအနေနဲ့ဆိုရင် တိုင်းရင်းသား အရေးတွေ၊ ဖက်ဒရယ်အရေးတွေ၊ ငြိမ်းချမ်းရေးတွေ အပြင် နောက်ဆုံးဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့  ဆက်စပ်ပတ်သက်နေတဲ့    ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေမှာတောင် တိုင်းရင်းသားတွေအခွင့် အရေးရခဲ့သလား၊ ညှိနှိုင်းခဲ့သလား၊ ပါတီတွေ၊ အရပ် ဘက် လူမှုအဖွဲ့အစည်းတွေအတွက်   အခွင့်အရေး မရခဲ့ပါဘူး။ ဒါကြောင့်လည်း လွန်ခဲ့တဲ့အစိုးရ ငါးနှစ် သက်တမ်းမှာ ငြိမ်းချမ်းရေးဆိုလို့    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ NCA မှာ လက်မှတ်ရေးထိုး တာနဲ့ ပြည်ထောင်စုသဘောတူညီချက် ၅၁ ချက် သဘောတူနိုင်ခဲ့တာပဲ တွေ့ရပါတယ်။  ဒါတောင် NCA ဆိုတာ ဦးသိန်းစိန်အစိုးရအကောင်အထည်ဖော်ခဲ့တဲ့လမ်းကြောင်းပေါ် ခူးပြီးခပ်ပြီး အသင့်ရယူခဲ့ ရတာဖြစ်ပါတယ်။   ဒီလိုအခြေအနေမှာတောင် ငြိမ်းချမ်းရေးကို တိုးတက်အောင်မဆောင်ရွက်နိုင်ခဲ့တဲ့အပြင် စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး   ပိုမို လျော့ကျခဲ့ပါတယ်။      

 


ဒါတွေကို ဖော်ပြရတာက အတိုက်အခံဘဝတုန်း က လူထုကိုပြောခဲ့တာ၊ မဲဆွယ်ခဲ့တာ၊ ရွေးကောက်ပွဲ ကတိပေးခဲ့တာတွေဟာ အာဏာရှိလာချိန်မှာတော့ မဆောင်ရွက်ပေးခဲ့ဘဲနဲ့ အခြေခံဥပဒေကိုပဲ အပြစ်ပုံ ချ၊ ရှေ့လူကို လွှဲချလုပ်ခဲ့တာပါ။ အထက်က ပြောခဲ့ သလို ချောင်းဆုံတံတားကိစ္စ၊ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ တွေဟာ အခြေခံဥပဒေနဲ့လည်းမပတ်သက်၊ စစ်တပ် နဲ့လည်း မပတ်သက်ပါဘူး၊        အုပ်ချုပ်ရေးကိစ္စ သက်သက်ပဲ ဖြစ်ပါတယ်။ ဆိုလိုချင်တာ လုပ်ပေးချင် စိတ် မရှိတာကိုပါ။ ကတိတွေဆိုတာ အာဏာရရှိရေး အတွက်ပဲ အသုံးချခဲ့တာကိုပါ။

 


ပြည်သူတွေကိုအသုံးချခဲ့ကြ


ရွေးကောက်ပွဲမတိုင်မီက ရွေးကောက်ပွဲမှာ အနိုင်ရရှိရေး၊ အာဏာရရှိရေးအတွက် ဖက်ဒရယ် ကတိတွေ၊ ဒီမိုကရေစီကတိတွေနဲ့ ပြည်သူတွေကို လှည့်စားခဲ့ပါတယ်။  ပြည်သူတွေက ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုချင်မှန်းသိလို့ ပြည်သူတွေလိုချင်တဲ့ အရာတွေနဲ့ အယုံသွင်းခဲ့ပါတယ်။ အခုလာပြန်ပါပြီ။ အာဏာလက်လွတ်သွားတာနဲ့ ပြည်သူနဲ့တိုင်းရင်း သားတွေကို ဖက်ဒရယ်မက်လုံး၊ ဒီမိုကရေစီမက်လုံး တွေနဲ့ မှိုင်းတိုက်နေပြန်ပါပြီ။ အာဏာကို မတရား သိမ်းလို့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ဖို့ မဲဆွယ် နေပါတယ်။      

 


တရားမျှတမှုလို့ဆိုရင်    တစ်ဖက်တည်းကို ကြည့်လို့မရပါဘူး။ ဘက်စုံထောင့်စုံကနေ ကြည့်ဖို့ လိုပါတယ်။ မျှတတဲ့အမြင်၊ မျှတတဲ့သဘောထား မရှိဘဲ တစ်ဖက်တည်း သဘောထားတွေနဲ့ တရားမျှတ မှုလို့ သတ်မှတ်လို့မရနိုင်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးတော့ NLD ကို ကျေကျေနပ်နပ် အေးအေးချမ်းချမ်း အာဏာလွှဲပေးခဲ့တာ မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီအချိန်က အာဏာလွှဲပေးမှ   ပေးပါ့မလားလို့ သံသယစိတ်တွေဝင်ခဲ့ကြပါသေးတယ်။   ဒါပေမယ့် အေးချမ်းစွာနဲ့အာဏာလွှဲပေးလို့ NLD ဟာ ၂၀၁၅ ကနေ ၂၀၂၀ အထိ ငါးနှစ်သက်တမ်းကို စိတ်တိုင်းကျ လုပ်နိုင်ခဲ့ပါတယ်။ အာဏာရတဲ့အချိန်မှာ ရွေးကောက်ပွဲ ကတိတွေကိုလည်း သတိမရတော့ပါဘူး။ တိုင်းရင်း သားတွေကိုလည်း မမြင်တော့ပါဘူး။ အခြေခံဥပဒေ ပြင်ဆင်ရေးကိုတောင်မှ ၂၀၂၀ ရွေးကောက်ပွဲနီးခါမှ မဲဆွယ်ကောင်းရုံ လုပ်ခဲ့တာပါ။ ဒီတော့ NLD ပြောတဲ့ ဖက်ဒရယ်နဲ့ဒီမိုကရေစီဆိုတာ ပြည်သူတွေကို အသုံး ချဖို့သက်သက်ပဲဖြစ်ပါတယ်။  

 


ဒီလိုပြောနေတာက  ဒီနေ့နိုင်ငံရေး  အကျပ် အတည်းတွေရဲ့ အခြေခံအကြောင်းတရားတွေကို မြင်အောင်ကြည့်မှ အကျပ်အတည်းကိုဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ရှာနိုင်မှာမို့လို့ပါ။ အကြောင်းတရား မရှိဘဲ အကျိုးတရားတွေဖြစ်မလာပါဘူး။ အခုလည်း NUG က   အရင်နည်းလမ်းဟောင်းတွေအတိုင်း ဖက်ဒရယ်မျှော်လင့်ချက်၊ ဒီမိုကရေစီမျှော်လင့်ချက် တွေပေးပြီး စည်းရုံးနေတာ စိတ်သဘောထား မှန်၊ မမှန်ဆိုတာ NLD အတွေ့အကြုံအရ ယုံကြည်ဖို့ ခက်ခဲပါတယ်။    လူထုကိုသိမ်းသွင်းဖို့  နိုင်ငံရေး လှည့်ကွက်တွေ၊ တစ်ဖက်သတ်အကြောင်းအရာတွေ၊ စိတ်ခံစားမှုဖြစ်စေတဲ့ လှုံ့ဆော်မှုတွေနဲ့ လှည့်စားပြီး အချင်းချင်းသွေးခွဲ၊ လုပ်ကြံသတ်ဖြတ်ခိုင်းနေတာ ကိုက NUG ရဲ့ သဘောထားအမှန်လို့ ဆိုရပါလိမ့် မယ်။ ဒါဟာ အဖြေရှာတဲ့နည်းလမ်းလည်း မဟုတ် ပါဘူး။   အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းနေတာပါ။ 

 


ကိုယ်ကျိုးအတွက်တရားမျှတမှု


နိုဝင်ဘာလ ၁၈ ရက်နေ့က NUCC ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မင်းကိုနိုင်ပြောဆိုတဲ့ စကစဘက်က စေ့စပ်ဆွေးနွေးရေးကို ဦးတည်လာရင်တောင် လုံးဝ ပြန်သွားစရာမလိုသလို၊ နှစ်ဖက်လုံးရဲ့ အခင်းအကျင်း ကလည်း စေ့စပ်ညှိနှိုင်းရေးကို သွားနေတာမဟုတ် ဘူးလို့ ပြောခဲ့တာဟာ ၎င်းတို့အနေနဲ့ စေ့စပ်ဆွေးနွေး ရေးထက် ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ အလုံးစုံပျက်သုဉ်း ရေးကို  ဦးတည်နေတာ  တွေ့ရပါလိမ့်မယ်။  ဒါကို ကြည့်ရင်    NLD နဲ့ NLD ကနေပေါက်ပွားလာတဲ့ CRPH နဲ့ NUG တို့ဟာ ဘုံအကျိုးစီးပွားအတွက် စေ့စပ်ဆွေးနွေးတဲ့လမ်းကြောင်းကို   ဘယ်တော့မှ လက်မခံဘူးဆိုတာ ပြောလိုက်တာနဲ့ အတူတူပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ် အကျပ်အတည်းကိစ္စမှာ လည်း ညှိနှိုင်းဖြေရှင်းရေးနည်းလမ်းကို လက်မခံဘဲ ထိပ်တိုက်ရင်ဆိုင်ရေးကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီရဲ့ အကျိုးဆက်ကတော့ ဒီကနေ့ဖြစ်နေတဲ့ အပျက် အပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့ရခြင်း ဖြစ်ပါတယ်။   အာဏာပြန်လည်ရရှိရေး   တစ်ခုတည်းအတွက် ပြည်သူတွေ၊ လူငယ်တွေရဲ့ ဘဝနဲ့ အနာဂတ်တွေကို ရင်းပြီး  အသုံးချသွားဖို့ ဦးတည်ထားတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ 

 


သူတို့   အာဏာအလုံးစုံ   ပြန်ရရှိဖို့အတွက် ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး၊  အာဏာရှင် စနစ် ချုပ်ငြိမ်းရေးဆိုတဲ့ ပေါ်ပြူလာစကားတွေနဲ့ လူငယ်တွေ၊ ပြည်သူတွေနဲ့ တိုင်းရင်းသားတွေကို ဆက်လက်အသုံးချနေဦးမှာပါ။  

 


ပြည်သူလူထု၏ အဆုံးအဖြတ်


ပြည်သူလူထုဟာ  ကိုယ့်နိုင်ငံရဲ့    ကောင်းမွေ ဆိုးမွေတွေကို  ခံစားကြရပါတယ်။   ကိုယ့်နိုင်ငံ တိုးတက်လာရင်လည်း တိုးတက်လာတဲ့အလျောက်၊ ကိုယ့်နိုင်ငံဆင်းရဲရင်လည်း ဆင်းရဲတဲ့အလျောက်၊ အေးချမ်းရင်လည်း အေးချမ်းတဲ့အလျောက်၊မအေးချမ်း ချင်ရင်လည်း မအေးချမ်းတဲ့အလျောက် အဲဒီအကျိုး တွေကို ခံစားကြရပါတယ်။ ဒီတော့ နိုင်ငံကို ဘယ်လို ပုံစံဖြစ်စေချင်သလဲ၊   အသွင်ကူးပြောင်းရေးကို ဆက်သွားမလား၊ ပျက်စီးရေးကိုဆက်သွားမလား ရွေးချယ်ကြရမှာပါ။ 

 


ဒီတော့ ကနေ့ဖြစ်နေတဲ့ အကြမ်းဖက်သတ်ဖြတ် မှုတွေဟာ တရားမျှတမှုအတွက်လားဆိုတာ ပြည်သူ လူထုကိုယ်တိုင်က မှန်မှန်ကန်ကန်သုံးသပ်ဆုံးဖြတ် ကြရမှာပါ။ ကိုယ့်ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက် တွေကို  ကိုယ်တိုင်ရင်ဆိုင်ခံစားကြရပါလိမ့်မယ်။ အရပ်စကားတစ်ခွန်းလို    တစ်ခါအလိမ်ခံရရင် လိမ်တဲ့သူရဲ့အပြစ်လို့ ဆိုပါတယ်၊ နှစ်ခါအလိမ်ခံ ရရင်တော့   အလိမ်ခံရသူရဲ့အပြစ်လို့   ပြောကြပါ တယ်။    ထပ်ခါထပ်ခါ    အလိမ်ခံနေရရင်တော့ ပြောဖွယ်မရှိတော့ပါဘူး။   ။