ပြည်သူလူထုနှင့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

ကိုဗစ်ကပ်ရောဂါ  ကူးစက်ပျံ့နှံ့မှုများကြောင့်  ဖြစ်စေ၊ ပြည်သူတို့ အကြား ထုတ်လွှင့်မျှဝေပေးနေသည့် သတင်းတု၊ သတင်းယောင် နှင့်   လုပ်ကြံကောလာဟလများကြောင့် ဖြစ်စေ၊ ပြည်တွင်းကရော၊  ပြည်ပကရော မျှဝေနေသည့်မဲမပေးရေးဝါဒဖြန့်ချိမှုများက မည်သို့ ပင်ပြောဆိုနေကြသည် ဖြစ်စေ၊    မြန်မာပြည်သူတို့က  မဲရုံများသို့ သွားကာ   မဲပေးကြခြင်းဖြင့်      နိုင်ငံသားတစ်ဦးအနေဖြင့်             ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြပြီးဖြစ်သည်။
ဤသို့ဖြင့်  မြန်မာနိုင်ငံ၏   လွတ်လပ်၍   တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကို   အောင်မြင်စွာ  ကျင်းပ ပြီးစီးခဲ့ပြီးပြီ ဖြစ်ပါသည်။
မြန်မာပြည်သူတို့သည် တစ်ဦးနှင့်တစ်ဦး  မုန်းတီးနေရသည်ကို ငြီးငွေ့နေပြီ။  စစ်တိုက်နေရသည်ကို စိတ်ကုန်နေပြီ။ တစ်ဦးနှင့် တစ်ဦး  မလိုတမာပြောဆိုနေကြသည်ကို မကြားလိုတော့ပြီ။ ယဉ်ကျေးသော၊ သိက္ခာရှိသောလူမှုအဖွဲ့အစည်းအဖြစ် နိုင်ငံတကာ အလယ်တွင် ရပ်တည်လိုသည်။   မိမိတို့  ဘာကိုလိုလားသည်၊ ဘာကိုမျှော်လင့်သည်ဆိုခြင်းကို တတ်နိုင်သလောက်  ဖော်ပြ နိုင်ရန်အလို့ငှာ  ကိုဗစ်ဗိုင်းရပ်စ်ပိုးအန္တရာယ်နှင့် စိုးရွံ့ထိတ်လန့် မှုများကို အန်တုရင်း မဲရုံများဆီသို့သွားကာ မဲပေးခဲ့ကြပြီ။
မဲပြားများကတစ်ဆင့် မိမိတို့၏ သဘောထားတို့ကို ထင်ထင် ရှားရှား ဖော်ပြခဲ့ပြီ။ မဲပေးရာတွင်လည်း စည်းကမ်းရှိရှိ  မဲပေး ခဲ့သည်။ မိမိတို့၏ မဲတို့ကို အဟောသိကံ မဖြစ်စေရေး၊ ပယ်မဲမဖြစ် စေရေးကို အထူးသတိထားကာ မဲပေးခဲ့သည်။  မိမိဆန္ဒပြုသလို အခြားသူများရော  ပြုမှပြုပါမည်လားဟု  ရင်တထိတ်ထိတ်ဖြင့် ထွက်ပေါ်လာမည့် ရွေးကောက်ပွဲရလဒ်ကို မျှော်ကြသည်။
ယခုရွေးကောက်ပွဲတွင် ပြည်သူလူထုက တစ်ခဲနက်မဲပေးခဲ့ကြ သည်မှာ ထင်ရှားသည်။ လက်သန်းကို မင်စွန်းပြီးသွားပြီဆိုသည် နှင့် မဲပေးပြီးသွားသည့် အထိမ်းအမှတ်အဖြစ် ပြည်သူတို့ကြားတွင် အချင်းချင်း သိစေချင်ကြ၊ မဲပေးသည်ကို  ဂုဏ်ယူကြ၊ ပြည်သူ့ တာဝန်ကျေပြီဟူသော   အဓိပ္ပာယ်ကို   ဖော်ဆောင်ကြသည်။ စည်းကမ်းဥပဒေအရ  လက်သန်းကို မင်စွန်းပြီးသွားသည်နှင့် နောက်အခြားတစ်နေရာတွင် မဲသွားပေးလို့မရ။ လူတစ်ဦးသည် မဲရုံတစ်ခုတွင်သာ တစ်ခါသာ  မဲပေးလို့ ရမည်ဟူသည့် အထိန်း အကွပ် ဖြစ်သည်။ မဲပေးခွင့်ရှိသူတစ်ဦးက နှစ်ခါပေးလို့မရ။
ထိုမှတစ်ပါး ဥပဒေအရ မဲပေးမှုနှင့်ပတ်သက်သော အငြင်းပွား စရာများရှိလျှင် ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။ ရွေးကောက်ပွဲ တွင် တရားမဲ့ပြုကျင့်မှုရှိသည်ဟုတွေ့လျှင် ကန့်ကွက်နိုင်သည့် အခွင့်အရေးကို လွှတ်တော်ရွေးကောက်ပွဲဥပဒေက   ပေးထား သည်။ 
 ယနေ့ရွေးကောက်ပွဲနှင့်   ပတ်သက်သမျှအားလုံးသည် ဥပဒေနှင့်အညီဖြစ်ရေးသည် အသက်ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အတိအလင်းကြေညာထားသည်။ အစစအရာရာကို ဥပဒေနှင့်အညီ တာဝန်ကျေကျေ  ထမ်းရွက် မည်ဟု ဆိုသည်။
ထိုမှတစ်ပါး၊ ၂၀၀၈ အခြေခံဥပဒေ၏ အခန်း ၉ ပုဒ်မ ၄၀၂ တွင်-
အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များ သည် အပြီးအပြတ်အတည်ဖြစ်စေရမည်-
(က) ရွေးကောက်ပွဲတင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊
(ခ )     ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့် များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊
(င )     နိုင်ငံရေးပါတီဆိုင်ရာ   ဥပဒေအရ   ဆောင်ရွက်သော ကိစ္စရပ်များဟု ပြဋ္ဌာန်းထားသည်။
ထို့ကြောင့်ပင်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော   အပြီးသတ်မဲအနိုင်အရှုံးစာရင်းများ  တရားဝင် ကြေညာမှုကို ပြည်သူလူထုတစ်ရပ်လုံးက စောင့်မျှော်နေကြခြင်း ဖြစ်ပေသည်။
ထိုမှတစ်ဆင့် ပေါ်ပေါက်လာမည့် လွှတ်တော်များ၊ အစိုးရ အဖွဲ့အစည်းသစ်များကို  မျှော်ရည်ရင်း  အနာဂတ်မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးတွင် ပါဝင်ကြရန် စိတ်အားထက်သန်နေကြပြီ ဖြစ်ပါကြောင်း။       ။