ပြည်သူတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ ငြိမ်းချမ်းရေးလမ်းပေါ်လျှောက်လှမ်း

 

လက်နက်ကိုင်ပဋိပက္ခများ ရပ်ဆိုင်းပြီး  တွေ့ဆုံဆွေးနွေးအဖြေရှာ ခြင်းကသာ နိုင်ငံမပြိုကွဲ၊ မပျက်စီးရေး၊ ငြိမ်းချမ်းရေးတို့အတွက် နည်းလမ်းအမှန်ဖြစ်သည်။ ပဋိပက္ခကျရောက်ရာ ဒေသနှင့် ဒေသ တွင်းနေ ပြည်သူလူထုအပေါ် ဘေးဒုက္ခကျရောက်မှုနှင့် ထိခိုက် ခံစားရမှုတို့ အသက်သာဆုံး၊ အနည်းပါးဆုံးလည်းဖြစ်သည်။ မြန်မာတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက လိုလားကြသည့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး  သဘောတူစာချုပ်(NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင်  လက်မှတ်ရေးထိုးခဲ့ကြရာ ယခုအခါ ရှစ်နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။


“တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် ခိုင်ခိုင်မာမာရပ်တည် ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်က    ကရင်တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့အား လက်ခံ တွေ့ဆုံရာ၌ ပြောကြားခဲ့ရာ တပ်မတော်၏ တစ်သမတ်တည်း သော သဘောထားရပ်တည်ချက်ကို ထပ်မံဖော်ပြခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲမသမာ မှုများကြောင့်   ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ   တပ်မတော်က   နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ရခြင်းနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က NCA စာချုပ် ပျက်ပြယ်ပြီဖြစ်ကြောင်း အခြေအမြစ်ကင်းမဲ့စွာ  ပြောကြားခဲ့သည်။  စင်စစ်  NCA  သည်    အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာမှ သံတမန် များ၊  ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင်   လက်မှတ် ရေးထိုးထားခြင်းဖြစ်ပြီး  မည်သည့်အချိန်တွင်မှ ပျက်ပြယ်မှုမရှိ    တည်ရှိနေမည့် ခိုင်မာသည့်တရားဝင်စာချုပ် ဖြစ်သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က    “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) များအားလုံးကို  ငြိမ်းချမ်းရေးဆွေးနွေးရန်  အမြဲတံခါးဖွင့် ကြိုဆိုလျက်ရှိပါကြောင်း၊ မိမိတို့ထံသို့ လာရောက်တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်သကဲ့သို့ တပ်မတော်မှ ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့ များကို စေလွှတ်ဆွေးနွေးပေးစေလိုပါကလည်း တိုင်းစစ်ဌာနချုပ် များတွင် ဆွေးနွေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” သတင်းစကားကိုလည်း ပြောကြားခဲ့ရာ နိုင်ငံနှင့်ပြည်သူအတွက် ငြိမ်းချမ်းစေလိုသည့်   စိတ်အားထက်သန်မှုကို   ဖော်ပြလျက် ရှိသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ သက်ဆိုင်ရာဒေသများအလိုက် သွားရောက်၍  ပြည်သူလူထုနှင့်  တွေ့ဆုံခဲ့ကြရာတွင်   ပြည်သူ များက  ငြိမ်းချမ်းစွာနေထိုင်လုပ်ကိုင်လိုသည့်  စိတ်ဆန္ဒများကို လည်းကောင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်မှုများရှိနေသည့်တိုင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်    အလားအလာကောင်းများ ရှိနေခြင်းကိုလည်းကောင်း သိရှိခဲ့ရသည်။


ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၏ အစသည် နိုင်ငံရေး ပြဿနာများ၊   မကျေလည်မှုများမှ    စတင်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်    တပ်မတော်နှင့်   စတင်ခဲ့ခြင်းမဟုတ်ဘဲ ထိုခေတ် ထိုအခါအစိုးရများနှင့်  စတင်ခဲ့ခြင်းဖြစ်ပြီး အမုန်းနှင့် အာဃာတများကမူ လက်နက်ကိုင်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရသူ များအကြား   ခံစားရမှုများမှ  ပေါ်ထွက်လာရခြင်းဖြစ်သည်။ နိုင်ငံရေးပြဿနာကို   နိုင်ငံရေးနည်းလမ်းဖြင့်   အဖြေရှာရန် အခွင့်အလမ်းများ ပေါ်ထွက်နေသည်ကို အသုံးပြုခြင်းဖြင့် နိုင်ငံ နှင့်ပြည်သူတို့   ထိခိုက်နစ်နာမှုကင်းစေသည်။  အမုန်းတရား လမ်းကြောင်းပေါ်တွင်   ဆက်လက်လျှောက်လှမ်းနေခြင်းက  တိုင်းပြည်နစ်နာရန်သာရှိသကဲ့သို့ အမှန်တကယ်ငြိမ်းချမ်းရေးကို လိုလားပါက  အမုန်းတရားကိုအခြေခံ၍ ဆောင်ရွက်၍ရမည် မဟုတ်သည်ကိုလည်း နှစ်ပေါင်း ၇၀ ကျော်ကြာ သမိုင်းအတွေ့ အကြုံများအရ သိရှိကြပြီးလည်းဖြစ်ရာ ပြည်ထောင်စုတစ်ဝန်းလုံး အေးချမ်းသာယာရေး၊  ပြည်သူလူထုတစ်ရပ်လုံး၏   လိုလား ချက်များ   ပြည့်ဝနိုင်ရေးအတွက်   ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်သို့ လျှောက်လှမ်းနိုင်ကြပါစေကြောင်း။         ။