
ပြည်ထောင်စု၀န်ကြီး ဦးကျော်တင် (၂၇)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်၊ အာဆီယံ-ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံ-အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့သို့ တက်ရောက်
==================================================================================================
နေပြည်တော် စက်တင်ဘာ ၁၂
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၂၇)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ် (အေအာရ်အက်ဖ်) ဝန်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ-ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့သို့ နိုင်ငံခြားရေး ဝန်ကြီးဌာန နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
(၂၇)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်တွင် ဝန်ကြီးများက ဒေသ တွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြ သည်။ ထို့ပြင် ဝန်ကြီးများက COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ARF ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် လုပ်ငန်းစဉ်များ အရှိန်အဟုန် မပြတ်စေရေးအတွက် ယာယီအစီအမံများ ချမှတ်ဆောင်ရွက်နေမှုကို ကြိုဆိုပြီး “ဟနွိုင်းလုပ်ငန်း စီမံချက်-၂ (၂၀၂၀-၂၀၂၅)”၊ “ကူးစက်ရောဂါ ဖြစ်ပွားမှုများကာကွယ်တုံ့ပြန်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာ ARF ထုတ်ပြန်ချက်”၊ “အကြမ်းဖက်နှင့် အစွန်းရောက်အကြမ်းဖက်အုပ်စုတို့နှင့် ပတ်သက် ဆက်နွှယ်သည့် စုဆောင်းခံရသူကလေးသူငယ်များအား ပြုပြင်စောင့်ရှောက် ရေးဆိုင်ရာ ARF ထုတ်ပြန်ချက်”နှင့် “ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှု အတွက် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ARF ထုတ်ပြန်ချက်” နှင့် “နိုင်ငံတကာလုံခြုံရေးအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာ အသုံးပြုမှု လုံခြုံရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ARF ထုတ်ပြန်ချက်” တို့ကို အတည်ပြုခဲ့ကြသည်။ ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သက်၍ နိုင်ငံအချို့က ရခိုင်အရေးကိစ္စသည် သိမ်မွေ့ရှုပ်ထွေးသဖြင့် ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရန်လိုအပ်ကြောင်း၊ နေရပ်ပြန်လာသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ကောင်းမွန်သည့်ပတ်ဝန်းကျင် ဖန်တီးရေး အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စဖြေရှင်းရာတွင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို ဆက်လက်ကူညီပံ့ပိုးပေးရန်နှင့် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာနှင့် ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုများ ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်းစသည်ဖြင့် ဆွေးနွေး ပြောကြားကြသည်။
နားလည်သဘောပေါက်ရန်လို
ပြည်ထောင်စုဝန်ကြီးက ရခိုင်ကိစ္စဆွေးနွေးချက်များအပေါ် တုံ့ပြန်ပြောကြား ရာ၌ ရခိုင်ပြည်နယ်အရေးကိစ္စကို အမှန်တကယ်ဖြေရှင်းလိုပါက ပိုမိုကျယ်ပြန့် သောအမြင်ဖြင့် ရှုမြင်သုံးသပ်ပြီး ယင်းပြဿနာ၏စိန်ခေါ်မှုများနှင့် ရှုပ်ထွေးမှု များကို နားလည်သဘောပေါက်ရန်လိုကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ရွှေ့ပြောင်းသွားလာမှုနှင့် မိမိတို့ လွတ်လပ်ရေးမရမီအချိန်ကပင် ပေါ်ပေါက်ခဲ့သော ခွဲထွက်ရေးလှုပ်ရှားမှု များမှ အစပြုခဲ့သည့် ရှည်လျားရှုပ်ထွေးသော သမိုင်းကြောင်းရှိသည့် ပြဿနာ တစ်ရပ်ဖြစ်ကြောင်း၊ မတူညီသည့် အသိုက်အဝန်းများအကြား အပြန်အလှန် မယုံကြည်မှုများ၊ ကြောက်ရွံ့မှုများ နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိရာ မိမိတို့ အနေဖြင့် အသိုက်အဝန်းများအကြား ယုံကြည်မှုနှင့် သဟဇာတရှိမှု တည်ဆောက်ရေးကို အလေးထား လုပ်ဆောင်လျက်ရှိပြီး လုံလောက်သည့် အခြေအနေနှင့် အချိန်အခါလိုအပ်ကြောင်း၊ လက်ရှိမြန်မာအစိုးရအနေဖြင့် အသိုက်အဝန်းအားလုံးအတွက် ရေရှည်တည်တံ့သည့် အဖြေတစ်ရပ် ရှာဖွေရေး ကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ARSA အကြမ်းဖက်အဖွဲ့၏ စတင်တိုက်ခိုက်မှုကြောင့် လူအများအပြား နေရပ် စွန့်ခွာခဲ့ကြခြင်းဖြစ်သည့်အချက်ကို အများက လျစ်လျူရှုထားကြကြောင်း၊ ရခိုင်ပြည်နယ်တွင် အမှန်တကယ် နေထိုင်ခဲ့ကြောင်း စိစစ်အတည်ပြုနိုင်သူ များကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြန်လည် လက်ခံရန် အဆင်သင့်ရှိကြောင်း မိမိတို့အနေဖြင့် အကြိမ်ကြိမ် ပြောကြားပြီး ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူဦးရေနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး ပြောကြားသည့် ကိန်းဂဏန်းများသည် အလွန်အမင်း ဖောင်းပွနေကြောင်း၊ မိမိတို့အနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်ရန် အဆင်သင့်ရှိသော်လည်း လုပ်ငန်းစဉ် မစတင်နိုင်စေရန် နေရပ်စွန့်ခွာသူစခန်း များတွင် အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်မှုများနှင့် နိုင်ငံရေးရည်မှန်းချက် အတွက် နေရပ်စွန့်ခွာသူများအား အမြတ်ထုတ်မှုများကြောင့် နှောင့်နှေးလျက် ရှိကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်တွင် မပါဝင်သော အချုပ် အခြာအာဏာထိပါးနိုင်သည့် အဆိုပြုချက်အသစ်များကို လက်ခံနိုင်မည် မဟုတ် ကြောင်း၊ ARSA ၏လှုပ်ရှားမှုများ၊ AA ၏ အကြမ်းဖက်တိုက်ခိုက်မှု တိုးမြှင့် လာခြင်းနှင့် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေတို့ကြောင့် လက်ရှိ အချိန်တွင် ရခိုင်ပြည်နယ်အခြေအနေသည် ပိုမိုရှုပ်ထွေးလာကြောင်း ပြောကြား ခဲ့သည်။
ကောင်းမွန်သည့်ဝန်းကျင် ဖန်တီး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လက်ရှိအချိန်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ရပ်တန့်နေသော်လည်း နှစ်နိုင်ငံသဘော တူညီချက်များ အကောင်အထည်ဖော်ရေးအတွက် သံတမန်လမ်းကြောင်းမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ရခိုင် ပြည်နယ်ရှိ ကျေးရွာနှစ်ရွာတွင် ရှေ့ပြေးစမ်းသပ်စီမံကိန်းများ စတင်ရန် ဆွေးနွေး လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ စိစစ်အတည်ပြုပြီး ဖြစ်သည့် နေရပ်စွန့်ခွာသူဦးရေ ၂၅၀၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထပ်မံပေးပို့ထားပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံ၊ မိမိတို့၏ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်း၍ ရခိုင် ပြည်နယ်၌ ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာသေးမီက အာဆီယံနှင့် မြန်မာနိုင်ငံတို့သည် အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်ရေးအတွက် အာဆီယံစီမံကိန်း လေးခုကို အတည်ပြုခဲ့ ကြောင်း၊ UNDP၊ UNHCR တို့အနေဖြင့် အခြေခံအဆောက်အအုံ တိုးတက် ကောင်းမွန်စေရန်နှင့် ဒေသခံများ၏ လိုအပ်ချက်များကို ဆန်းစစ်ရန် ရွာပေါင်း ၁၂၀ တွင် ကွင်းဆင်းလေ့လာမှု ခုနစ်ကြိမ် ပြုလုပ်ခဲ့ပြီး Quick Impact Project ၇၅ ခုကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် အခြေအနေများ ပိုမို တိုးတက်ကောင်းမွန်လာစေရန် ကူညီပံ့ပိုးမှုများအတွက် အာဆီယံနှင့် အခြားဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများကို ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ကူညီပံ့ပိုးမှုကို အတည်ပြု
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် (၅၃)ကြိမ် မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာချက် ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါပူးတွဲကြေညာချက်တွင် ရခိုင်ပြည်နယ် အရေး ကိစ္စနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက လူသားချင်းစာနာမှု အကူအညီများပေးခြင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေးအတွက် ကူညီပံ့ပိုးခြင်းနှင့် ရခိုင်ပြည်နယ်၏ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက်ခြင်းတို့တွင် အာဆီယံ၏ ကူညီပံ့ပိုးမှုကို ထပ်လောင်းအတည်ပြုကြောင်း၊ တတိယအကြိမ် အဆင့်မြင့် ညှိနှိုင်းအစည်းအဝေး၌ အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့၏ အကြံပြုချက် များကို အကောင်အထည်ဖော်ရန် ဦးစားပေးစီမံကိန်းများ အတည်ပြုခဲ့ခြင်းကို ကြိုဆိုကြောင်း၊ “ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ” အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေး တို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်ထောက်ခံ အားပေးကြောင်း ဖော်ပြထားသည်။
(၅၃) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ အစည်းအဝေးအပြီးတွင် ပူးတွဲကြေညာချက် (Joint Communique) အပါအဝင် စာရွက်စာတမ်း စုစုပေါင်း ၄၁ ခုကို ထုတ်ပြန်ခဲ့သည်။
သတင်းစဉ်