ပြည်ထောင်စုအမျိုးသားအကျိုးစီးပွားရှေးရှု

မြန်မာနိုင်ငံသည်  ကချင်၊  ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတို့အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုပေါင်းတစ်ရာကျော်ဖြင့်  ဖွဲ့စည်းထားသော  ပြည်ထောင်စု နိုင်ငံဖြစ်သည်။ အများဆန္ဒကို  ဦးစားပေးသည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေ သောတိုင်းပြည်ဖြစ်သည်။ ဒီမိုကရေစီတွင် အများဆန္ဒကို ဦးစားပေးရသော်လည်း အနည်းဆန္ဒကိုလည်း  အလေးထားရပေသည်။   တိုင်းရင်းသားလူမျိုးများသည် လူဦးရေအရ အနည်းဖြစ်သော်လည်း  မျိုးနွယ်စုအရ အများဖြစ်၍    ပြည်ထောင်စု အမျိုးသားအကျိုးစီးပွားကို အလေးထားဦးစားပေးရမည်ဖြစ်သည်။


အမျိုးသားအကျိုးစီးပွားနှင့်စပ်လျဉ်း၍ “နိုင်ငံအကျိုးအတွက် ဆောင်ရွက်ရာ တွင် အမျိုးသားအကျိုးစီးပွားကိုအခြေခံ၍   စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အတိတ်သမိုင်းကြောင်းကို လျစ်လျူရှု၍မရဘဲ သင်ခန်းစာ ဖော်ထုတ်ဆောင်ရွက်ရန်လိုအပ်ပြီး လတ်တလောအဆင်ပြေစေရန် အလွယ်တကူ ဥပဒေရေးဆွဲပြဋ္ဌာန်း၍မရကြောင်း၊   မိမိတို့အနေဖြင့် အမျိုးသားအကျိုးစီးပွားကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပြီး နိုင်ငံသားတိုင်း ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်စေရေးအတွက် ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစည်းအဝေး(၁၄/၂၀၂၁)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော် ဝန်ကြီးချုပ်က ပြောကြားသည်။


အမျိုးသားအကျိုးစီးပွားဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ခုလုံး ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားအားလုံးကို  ဆိုလိုသည်။ ပြည်ထောင်စုကြီးအတွင်း   မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံးတို့၏ အကျိုးစီးပွားဖြစ်သည်။ ပြည်ထောင်စုသားအားလုံး စုစည်းနေထိုင်ကြသော ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၏ အကျိုး စီးပွားဖြစ်သည်။ ဒီမိုကရေစီစနစ်၏အနှစ်သာရသည် အများဆန္ဒအရ ဆောင်ရွက် ခြင်းဖြစ်ရာတွင် အားလုံးသာတူညီမျှဖြစ်ရန် လိုအပ်သည်။ တိုင်းရင်းသားလူမျိုး အားလုံး၏အများဆန္ဒကို   ကြည့်ရမည်ဖြစ်သည်။  ဒီမိုကရေစီအခွင့်အရေးကို တောင်းဆိုရာ၌   အဆိုပါဒီမိုကရေစီကျင့်စဉ်အား    လိုက်နာရန်လိုအပ်သည်။ ဖော်ဆောင်ပေးရန်လိုသည်။ 
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို   ကျင့်သုံးဆောင်ရွက်ရန်အတွက် အခြေခံလိုအပ်ချက်ဖြစ်သည့်  ဖွဲ့စည်းပုံအခြေခံဥပဒေကို  အများဆန္ဒနှင့်အညီ ရေးဆွဲပြဋ္ဌာန်းပေးကာ ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို  ကျင့်သုံးလျက်ရှိသည်။ ပြည်ထောင်စုနိုင်ငံတော်၏တာဝန်၊ ပြည်ထောင်စုနိုင်ငံတော်၏အာဏာကို ခွဲဝေ ကျင့်သုံးကြရာ၌ အနိုင်ရပါတီ၏လိုအင်ဆန္ဒအရ အနိုင်ရသူအကုန်ယူသည့်စနစ်ကျင့်သုံးလာရာ   လူအနည်းစုအခွင့်အရေးများအား  မျက်ကွယ်ပြုလာသည်ကို တွေ့ရသည်။  မြန်မာနိုင်ငံတွင်  ပါတီစုံဒီမိုကရေစီကျင့်သုံးလာသည်မှာ  ငါးနှစ် သက်တမ်း  နှစ်ကြိမ်ဖြင့်  အတွေ့အကြုံနုနယ်သေးသည်။   အာဏာသည်   လူကို ဖျက်တတ်သည်ဆိုသကဲ့သို့ အာဏာအပ်နှင်းခံရသူကို အာဏာသည်အစွမ်းကုန် ဖျက်နိုင်ခဲ့သည်။ အဂတိလိုက်စားမှု၊ ဘက်လိုက်မှု၊ ပုဂ္ဂိုလ်ရေးဦးစားပေးမှု၊ မိမိပါတီ ရှေ့တန်းတင်မှု စသည်ဖြင့်ဖောက်ဖျက်လာခဲ့သည်။ ထိုအခါ အမျိုးသားအကျိုးစီးပွား များ ယိုယွင်းပျက်စီးလာခဲ့သည်။


ဥပမာအားဖြင့်  ယခင်က  ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များကို ခန့်ထားတာဝန်ပေးရာတွင်  အနိုင်ရပါတီကပင်  အားလုံးတာဝန်ယူခဲ့ကြသဖြင့် လူနည်းစုအခွင့်အရေးများ အလှမ်းဝေးခဲ့ရသည်။ အထူးသဖြင့် ပြည်နယ်များတွင် ပြည်နယ်များအကျိုးစီးပွားကို ပြည်နယ်များပင် ခွဲဝေရယူခြင်းဖြင့် ပြည်ထောင်စု စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုစွမ်းအား ပိုမိုရှင်သန်နိုင်သည်ကို မျက်ခြည်မပြတ် သင့်ပေ။ ထို့ကြောင့် အားလုံးပါဝင်နိုင်ပြီး အချိုးကျကိုယ်စားပြုသည့် ကိုယ်စားလှယ် များ၏ဆန္ဒအား အလေးထားနိုင်ရန် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးနိုင်ရေး ဆောင်ရွက်နေကြောင်းသိရသည်။ နိုင်ငံသားတိုင်း ပြည်ထောင်စုစိတ်ဓာတ်၊ နိုင်ငံချစ် စိတ်ဓာတ် ရှင်သန်စေရေးသည် နိုင်ငံသားအားလုံး၏အကျိုးစီးပွားကို ဖော်ဆောင် ပေးမှသာ ရှင်သန်ဖြစ်ထွန်းနိုင်မည်ဖြစ်သည်။ 


မြန်မာနိုင်ငံ၏ အတိတ်သမိုင်း ကြောင်းကျိုးပြန်ကြည့်လျှင် ပြည်ထောင်စု နယ်မြေဒေသအားလုံး၏ အကျိုးစီးပွားကို တန်းတူညီမျှ မဖော်ဆောင်နိုင်ခဲ့သဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု  လျော့နည်းနေသည်ကို  တွေ့ရမည်ဖြစ်သည်။ တစ်ပါတီတည်း အာဏာရရေးကိုသာ ကြိုးစားနေရုံမျှဖြင့် အမျိုးသားရင်ကြားစေ့ရေး သည် ဖြစ်လာမည်မဟုတ်ပေ။ တိုင်းရင်းသားအချင်းချင်း ချစ်ခင်စည်းလုံးခြင်းကို သရုပ်ဖော်ပြနေရုံဖြင့်လည်း ရလိမ့်မည်မဟုတ်ပေ။ တိုင်းရင်းသားလူမျိုးများအားလုံး၏ အကျိုးစီးပွားကို လက်တွေ့ဖော်ဆောင်ပေးနိုင်မှသာ စည်းလုံးညီညွတ်မှုကို ခိုင်ခိုင် မာမာတည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင် အထည်ဖော်ရာ၌ အချိုးကျကိုယ်စားပြုစနစ်သည် အသင့်လျော်ဆုံးသာ ဖြစ်ပေလိမ့်မည်။  ယင်းကိုမလိုလားသောကြောင့် ပြီးခဲ့သည့်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မသမာ မှု၊ မရိုးသားမှုများ ပေါ်ပေါက်ခဲ့ရသည်။ တစ်ပါတီအကျိုး စီးပွားဖြစ်မလာသောကြောင့် အကြမ်းဖက်လုပ်ရပ်များ ပေါ်ပေါက်လာသည်ကို သတိပြုရမည်ဖြစ်သည်။


သို့ဖြစ်ရာ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ခြင်းသည် ပြည်ထောင်စုသား အားလုံး၏ အကျိုးစီးပွားကို တန်းတူညီမျှ မျှမျှတတဖော်ဆောင်ခြင်းဖြစ်သည်။ တိုင်းရင်းသားပြည်သူ   နိုင်ငံသားတိုင်း   ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန် ဖော်ဆောင်ပေးခြင်းဖြစ်သည်။ တစ်ပါတီအာဏာရှင်စနစ်ကိုဖယ်ရှား၍ အမျိုးသား အကျိုးစီးပွားများအား ဖော်ဆောင်သော  အချိုးကျကိုယ်စားပြုစနစ်ကိုအခြေခံ၍ စစ်မှန်ပြီးစည်းကမ်းပြည်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ရှင်သန်ထွန်းကား လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။        ။