
နေပြည်တော် ဩဂုတ် ၂၁
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျေးဇူးတင်စကား ပြောကြားသည်။
ညီလာခံသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်အစုအဖွဲ့တို့မှ ကိုယ်စားလှယ် များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ နာယက၊ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ NCA-S EAO အစုအဖွဲ့မှ ညီလာခံကိုယ်စားလှယ်များ၊ ပါဝင်သင့် ပါဝင်ထိုက်သူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ညီလာခံ တတိယနေ့အစည်းအဝေးတွင် ဦးဆောင်သဘာပတိ အဖြစ် နိုင်ဟံသာက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးထွန်းထွန်းဦး၊ ခွန်မောင်သောင်းနှင့် ဒေါ်ရင်ရင်မေတို့က ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ဦးဆောင်သဘာပတိ နိုင်ဟံသာက အဖွင့် အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အဖွဲ့ပေါင်းစုံမှ ကိုယ်စား လှယ်များ တွေ့ဆုံကြရန် မလွယ်ကူပါကြောင်း၊ မိမိတို့နိုင်ငံ၊ လူမျိုး၊ ပြည်သူ၊ အဖွဲ့အစည်းအားလုံးအတွက် အနာဂတ်တွင် အကောင်းဆုံး အခြေအနေကို ဖန်တီးပေးနိုင်ရန်အတွက် လာရောက်တွေ့ဆုံ ညှိနှိုင်း ကြခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံသားအချင်းချင်း လက်နက်ကိုင်ပဋိပက္ခကို လက်နက်အင်အားဖြင့် ဖြေရှင်းလာခဲ့သည် မှာ နှစ်ပေါင်း(၇၀)ကျော်ခဲ့ပါပြီ ဖြစ်ပါကြောင်း၊ မပြီးဆုံး မပြေလည် နိုင်သည့် အရင်းခံအကြောင်းတရားများကို လေးလေးနက်နက် သုံးသပ်ပြီး အနာဂတ်တွင် အကောင်းဆုံးအခြေအနေကို တည်ဆောက် သွားနိုင်ရန်အတွက် ညှိနှိုင်းအဖြေရှာရန် ဖြစ်ပါကြောင်း၊ ယင်းမှာ မိမိတို့၏ တာဝန်ဖြစ်ပါကြောင်း၊ မိမိတို့သည် နိုင်ငံ၏ အခြေအနေ နှင့်မကိုက်ညီသည့်၊ အကျိုးမဖြစ်နိုင်သည့် အတွေးအခေါ်အယူအဆ များကို ဖယ်ရှားပစ်ရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ နှင့် ဖွဲ့စည်းထားသည့်နိုင်ငံတွင် လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်စွာ အတူတကွ ရေရှည်လက်တွဲ နေထိုင်သွားနိုင်ရေးကို အဓိကထား နည်းလမ်းရှာရမည် ဖြစ်ပါကြောင်း၊ မိမိတို့သည် သက်ဆိုင်ရာအဖွဲ့ အစည်း၏ ကိုယ်စားလှယ်ခေါင်းဆောင်များဖြစ်ကြသည့်အတွက် တာဝန်သိသိ၊ သတ္တိရှိရှိဖြင့် ယခုကဲ့သို့ တွေ့ဆုံခွင့်ရသည့် နိုင်ငံရေး ဆွေးနွေးပွဲတွင် အဖြေကောင်း ထွက်ပေါ်လာအောင် ညှိနှိုင်းအဖြေရှာ ကြရမည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံကို နယ်ချဲ့သမားနှင့် ဖက်ဆစ် များ လက်အောက်မှ လွတ်မြောက်ရန် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းပြီး တိုက်ပွဲဝင်လာခဲ့ကြပါကြောင်း၊ စုပေါင်းပြီး ပြည်ထောင်စုတစ်ခုတည်ထောင်ရန် အမျိုးမျိုး သော ကတိစကားများပေးကာ စုစည်းခဲ့ရပါ ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် အခက် အခဲမျိုးစုံကြားမှ စစ်မှန်သည့် ပြည်ထောင်စုကို တည်ဆောက်ရန် ဦးဆောင်ကြိုးပမ်းလမ်းညွှန် ခဲ့ပါကြောင်း၊ သို့သော် လွတ်လပ်ရေးရ လာသည့်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း မရှိသည့်အတွက် ဗိုလ်ချုပ်ပေးခဲ့သည့် ကတိ ကဝတ်များ၊ လမ်းညွှန်ချက်များကို ပစ်ပယ် ထားပြီး အမည်ခံပြည်ထောင်စုကို ဖော်ဆောင် ခဲ့ပါကြောင်း၊ ပင်လုံကတိကဝတ်များမှာလည်း မျက်ကွယ်ပြုခြင်းခံခဲ့ရပါကြောင်း၊ မြန်မာ မဟုတ်သည့် တိုင်းရင်းသားများက မျှော်လင့် ထားသည့် မူလအခွင့်အရေးများ မရသည့် အတွက် တင်ပြခဲ့ပါကြောင်း၊ မရသဖြင့် ဆန္ဒပြ တောင်းဆိုခဲ့ကြပါကြောင်း၊ ယင်းအခြေ အနေတွင် အာဏာပိုင်များက လက်နက် အင်အားသုံးပြီး အရေးယူလာသည့်အတွက် နောက်ဆုံး တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ မလွှဲမရှောင်သာ လက်နက်ကိုင်တိုက်ပွဲဝင်လာ ခဲ့ရခြင်းဖြစ်ကြောင်း။
လွတ်လပ်ခွင့်များရရှိရန်လိုအပ်
မိမိတို့ နှစ်ပေါင်း(၇၀)ကျော် တိုက်ပွဲဝင် ခဲ့ခြင်းသည် မှားယွင်းသည့် နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ဖြစ်ပါကြောင်း၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးသည် နိုင်ငံတော်တည်ဆောက် ရေးပင် ဖြစ်ပါကြောင်း၊ ယင်းမှာ အမျိုးသား တန်းတူရေးအတွက် မလွှဲမရှောင်သာ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခကို နှစ်ပေါင်းများစွာ အင်အားသုံးဖြေရှင်းခဲ့သော်လည်း ယနေ့အထိ လျော့ကျသွားခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ ပြေလည် နိုင်သည့် အလားအလာလည်း မရှိပါကြောင်း၊ ထို့ကြောင့် မှန်ကန်သည့် နည်းနာအသစ်ဖြင့် ဖြေရှင်းသွားရန် လိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံသားအားလုံးသည် လူမျိုးမတူ၊ ကိုးကွယ် ယုံကြည်မှု ဘာသာ သာသနာမတူသော်လည်း လူသားအားလုံးပင် ဖြစ်ပါကြောင်း၊ တူညီ သည့် လူသားအချင်းချင်း ချစ်ကြည်ညီညွတ်စွာ အတူတကွနေထိုင်သွားနိုင်ရန်နှင့် မတူညီ သည့်လူမျိုး၊ မတူညီသည့် ကိုးကွယ်မှုများ အကြားတွင် တန်းတူညီမျှသည့် အခွင့်အရေး များနှင့် လွတ်လပ်ခွင့်များရှိရန် လိုအပ်ပါ ကြောင်း၊ အုပ်စုတစ်ခုခုက အခြားအုပ်စုများ အပေါ် လွှမ်းမိုးထားမည်၊ ခြယ်လှယ်နေမည် ဆိုပါက ညီညွတ်ရေးနှင့် ရေရှည်အတူတကွ နေထိုင်သွားရန်ဖြစ်နိုင်မည် မဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံကို စတင်တည်ထောင်ခဲ့သူများ ကတိပေးထားသည့်အတိုင်း အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင် တည်ဆောက်သွားရမည် ဖြစ် ကြောင်း၊ ထို့ကြောင့် NCA တွင် ချမှတ်ထား သည့်အတိုင်း ဒီမိုကရေစီပြည်ထောင်စုကို မိမိတို့ ယုံကြည်မှုအပြည့်ဖြင့် အမြန်အကောင် အထည်ဖော်သွားကြရန် လိုပါကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီနှင့် စစ်မှန်သည့် ဖက်ဒရယ်စနစ်ကို ရှာဖွေဖော်ထုတ်နိုင်မှသာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိမည်ဖြစ်ပါကြောင်း။
မွေးရာပါအခွင့်အရေးများ
လူသားတိုင်းတွင် မိမိတို့လူမျိုး ပျောက်ကွယ်မသွားရေးအတွက် မိမိတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်း အမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းကြ ပါကြောင်း၊ ထိုသို့တန်ဖိုးထား ထိန်းသိမ်းနေ ခြင်းသည် မျိုးချစ်စိတ်ပင် ဖြစ်ပါကြောင်း၊ မိမိတို့လူမျိုးအတွက်ဆိုပါက အသက်ပေးပြီး ထိန်းသိမ်းကာကွယ် တိုက်ပွဲဝင်ကြခြင်းသည် လူမျိုးတိုင်း၏ ခံယူချက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားညီညွတ်ရေးကို တည်ဆောက်ရာတွင် လူမျိုးတိုင်း၏ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းအမွေ အနှစ်များ ပျောက်ကွယ်မသွားရေးကို အလေး ထားစီစဉ်ပေးရန် လိုပါကြောင်း၊ ယင်းအခွင့် အရေးများ အပြည့်အဝရှိမည်ဆိုလျှင် တိုင်းရင်း သားစည်းလုံးညီညွတ်ရေး ခိုင်မာလာမည် ဖြစ်ပါကြောင်း၊ ယင်းမှာ မိမိတို့အားလုံး ကြိုးစားရှာဖွေဖော်ထုတ်နေသည့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် တိုက်ရိုက်ပတ်သက်နေပါ ကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့တိုင်းရင်း သားများ၏ မွေးရာပါအခွင့်အရေးများလည်း ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုး ပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်သည့် အတွက် လူမျိုးတိုင်း ရေရှည်တည်တံ့သွား နိုင်ရေးအတွက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို အမြန်တည်ဆောက် ကြစေလိုပါကြောင်း။
အဖြေရှာနိုင်မည်ဟု မျှော်လင့်
ယနေ့ချုပ်ဆိုခဲ့ကြသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးမှရရှိခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)၏ ဦးတည်ချက်သည် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် အရေးကြီးသည့် အစပျိုးမှုတစ်ခု အဖြစ် မှတ်ယူပါကြောင်း၊ တစ်ချိန်တည်းတွင် ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေခဲ့သည့် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စနှင့် လွှတ်တော်ပိုင်းဆိုင်ရာ ကဏ္ဍများကိုလည်း မိမိတို့အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆက်လက်အဖြေရှာနိုင်မည်ဟု မျှော်လင့် ပါကြောင်း။
မိမိတို့၏ အနာဂတ် သားသမီး မြေးမြစ် များအတွက် ကောင်းမွန်အေးချမ်းသည့် အမွေ အနှစ်များ ပေးကမ်းသွားနိုင်ရန် ဦးတည် ကြိုးပမ်းကြစေလိုပါကြောင်း၊ မိမိတို့ခေတ် တွင် ဖြစ်ပေါ်နေသည့် ပြဿနာများကို တာဝန်ယူဖြေရှင်းပြီး ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက် သည့် ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက် သွားကြရန် ခေါင်းဆောင်ကိုယ်စားလှယ်များ အားလုံးကို တိုက်တွန်းပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၃)အဖြစ် ချုပ်ဆိုမည့် အဆိုပြုချက်များကို တင်သွင်းကြရာ အပိုင်း (၁) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် အဆိုပြုချက်များကို တပ်မတော်အစုအဖွဲ့မှ UPDJC အတွင်းရေးမှူးများအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က လည်း ကောင်း၊ အပိုင်း(၂) ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု(ဇယား ၁) အဆိုပြု ချက်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအစုအဖွဲ့မှ UPDJC အတွင်းရေး မှူးများအဖွဲ့ဝင် စောမြရာဇာလင်းက လည်း ကောင်း၊ အပိုင်း(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ အဆိုပြုချက်များကို နိုင်ငံရေးပါတီများ အစု အဖွဲ့မှ UPDJC အတွင်းရေးမှူးများအဖွဲ့ဝင် စိုင်းကျော်ညွန့်က လည်းကောင်း ဖတ်ကြား တင်သွင်းကြသည်။
ထောက်ခံကြောင်း အဆိုတင်သွင်း
ယင်းနောက် ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၃)အဖြစ် ချုပ်ဆိုမည့် အဆိုပြုချက်များကို အစိုးရအစုအဖွဲ့ကိုယ်စား မွန်ပြည်နယ်အစိုးရအဖွဲ့ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နန်းစံဝင့်ခိုင်၊ လွှတ်တော် အစုအဖွဲ့ကိုယ်စား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၊ တပ်မတော် အစုအဖွဲ့ကိုယ်စား ဗိုလ်မှူးချုပ် ရဲရင့်ဝင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအစုအဖွဲ့ကိုယ်စား မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်အောင်မငေး၊ နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စား လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး ပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်းတို့က ထောက်ခံ ကြောင်း အဆိုတင်သွင်းကြသည်။
အတည်ပြုကြောင်း ကြေညာ
ထို့နောက် ဦးဆောင်သဘာပတိ နိုင်ဟံသာက ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် ချုပ်ဆိုမည့် အဆိုပြု ချက်များကို တစ်ပေါင်းတစ်စည်းတည်း အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်း အဝေးမှ အတည်ပြုထားသော သဘောတူညီ ချက်များကို အစိုးရအစုအဖွဲ့မှ ဒေါက်တာ တင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့မှ ဒေါက်တာ မေဝင်းမြင့်၊ တပ်မတော်အစုအဖွဲ့မှ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီအစုအဖွဲ့မှ ဦးသုဝေတို့က ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)အဖြစ် လက်မှတ်ရေးထိုး ချုပ်ဆိုကြ သည်။
လက်မှတ်ရေးထိုး
ထို့နောက် ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၃)၌ အစိုးရအစုအဖွဲ့ အသိသက်သေအဖြစ် တိုင်းရင်းသား ကိုယ်စားလှယ် ဦးထုံဖူးဒဂုဏ်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများကိုယ်စားလှယ် ဦးကျော်ဝင်း တို့က လည်းကောင်း၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ အသိ သက်သေအဖြစ် တိုင်းရင်းသားကိုယ်စားလှယ် ကျာရှာမွေနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ကိုယ်စားလှယ် ဒေါ်ခင်မမမျိုးတို့က လည်း ကောင်း၊ နိုင်ငံရေးပါတီအစုအဖွဲ့ အသိ သက်သေအဖြစ် တိုင်းရင်းသားကိုယ်စားလှယ် ဦးဇီခန်ရမ်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ကိုယ်စားလှယ် နန်းအေးအေးသွယ်တို့က လည်းကောင်း လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် အစိုးရအစုအဖွဲ့ ကိုယ်စား လှယ်ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း၊ NCA-S EAO အစုအဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင် ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်ခေါင်းဆောင် ဦးသုဝေတို့က ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)ကို ဦးဆောင်သဘာပတိ နိုင်ဟံသာထံ အပ်နှံကြသည်။
ထို့နောက် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ကျေးဇူးတင်စကားပြောကြား သည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ကျေးဇူးတင်စကား အပြည့်အစုံကို စာမျက်နှာ ၃ တွင် သီးခြားဖော်ပြထားပါသည်။)
ယင်းနောက် ညီလာခံသဘာပတိအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့သည် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်ခဲ့ပြီး မိမိတို့နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အလွန်ထူးခြားသည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ ယင်းအစိတ် အပိုင်း(၃)တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မည်သို့ ရှေ့ဆက်ဆောင်ရွက်သွားမည်ဆို သည့် ရှေ့လုပ်ငန်းစဉ်များကိုသဘောတူနိုင်ခဲ့ပါကြောင်း၊ NCA ကို မည်သို့အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဆိုသည့် အချက် များနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို ပုံဖော်မည့် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများကို ၂၀၂ဝ အလွန် တွင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်မည့် အခင်းအကျင်းတစ်ခုကို နှစ်ဖက်အကြား ညှိနှိုင်းသဘောတူနိုင်ခဲ့ပါကြောင်း။
အကြိမ်ကြိမ်ညှိနှိုင်းဆောင်ရွက်
ထို့ပြင် အရေးပါသည့် ဖက်ဒရယ်လမ်းညွှန် အခြေခံမူ (၅)ချက်ကိုလည်း သဘောတူနိုင်ခဲ့ ပါကြောင်း၊ ယင်းသဘောတူညီချက်များရရှိ အောင် နှစ်ဖက်ဆွေးနွေးဖက်များ အချင်းချင်း အကြား နားလည်မှုရအောင် စိတ်ရှည်သည်းခံ ၍ အကြိမ်ကြိမ်ညှိနှိုင်းဆောင်ရွက်ခဲ့ရပြီး အဖွဲ့အစည်းအတွင်းနှင့် မိမိတာဝန်ခံသည့် အဖွဲ့အစည်းများတွင်ရှိသည့် အကဲဆတ်သော အကြောင်းအရာများ၊ အကျိုးစီးပွားများ ကိုလည်း သတိထားညှိနှိုင်းခဲ့ရပါကြောင်း၊ ယင်းကိုကြည့်ခြင်းအားဖြင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခြင်းသည် နှစ်ဖက်အကြား တွင် အစိုင်အခဲဖြင့်တည်ရှိနေသည့် စိုးရိမ်မှု များ၊ မယုံကြည်မှုများကို လျှော့ချဖြေရှင်းနိုင် သည်ဟု ကောက်ချက်ဆွဲ၍ ရပါကြောင်း။
ဆင်ခြင်တုံတရားနှင့် ဆောင်ရွက်
ထို့ကြောင့် မည်ကဲ့သို့သော အကြောင်း အရာနှင့်မျှ ဆွေးနွေးပွဲမှ ထွက်ခွာမသွား သင့်ဘူးဆိုသည်ကို အကြံပြုလိုပါကြောင်း၊ မိမိအနေဖြင့် အချက်(၃)ချက် တင်ပြလိုပါ ကြောင်း၊ ပထမအချက်အနေဖြင့် ဆက်လက် ညှိနှိုင်းဆွေးနွေးရမည့်ကိစ္စရပ်များ ဖြစ်ပါ ကြောင်း၊ ဆက်လက်ညှိနှိုင်း ဆွေးနွေးရမည့် ကိစ္စရပ်များသည် မိမိတို့နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အလွန်အရေးပါပြီး စည်းလုံး ညီညွတ်သည့် ပြည်ထောင်စုအဖြစ် ပုံဖော် နိုင်မည့် အခြေခံအကြောင်းတရားများစွာ ပါဝင်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့် နေရာတွင် ကွဲပြားစေမည့် မျိုးစေ့များမပါရှိ အောင်နှင့် လက်ရှိအနေအထားကို ကျော်လွန် ပြီး အနာဂတ်ကို မျှော်မှန်းကြည့်ရှုနိုင်သည့် ဆင်ခြင်တုံတရားနှင့် သတိထားဆောင်ရွက် ကြရန် တင်ပြလိုပါကြောင်း၊ အတိတ်က ကွဲပြားစေသည့်မျိုးစေ့များကြောင့် တိုင်းရင်း သားအချင်းချင်းအကြားတွင် မယုံကြည်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများ၊ လက်နက်ကိုင် တောင်းဆိုမှုများ ယနေ့ထက်တိုင် ဖြစ်ပွားနေ ခြင်းသည် ပကတိအမှန်တရားပင် ဖြစ်ပါ ကြောင်း။
ထိန်းသိမ်းရန်လိုအပ်
ယင်းပဋိပက္ခများကြောင့် ဒေသခံပြည်သူ လူထု၏ စားဝတ်နေရေး ခက်ခဲဒုက္ခရောက် ခဲ့ရပါကြောင်း၊ အနာဂတ်ကို ပုံဖော်မည့် တိုင်းရင်းသားလူငယ်များ၏ ပညာရေးမှာ များစွာနောက်ကျခဲ့ရပါကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်မှုများနှင့် အလှမ်းဝေးကွာမှုများ ခံစားနေရသည်ကို တွေ့ရပါကြောင်း၊ စည်းလုံး ညီညွတ်သည့် ပြည်ထောင်စုဖြစ်ရန် အစိုးရ အဆက်ဆက်သည် အခက်အခဲအမျိုးမျိုး ကြားမှ ကြိုးစားပုံဖော်ခဲ့ကြပါကြောင်း၊ အပြည့် အစုံ ရုပ်လုံးမဖော်နိုင်သော်လည်း အချုပ် အခြာပိုင်ဆိုင်သည့် နိုင်ငံတစ်ခုအဖြစ် ယနေ့တိုင် ရပ်တည်နေနိုင်စေခဲ့ပါကြောင်း၊ ယခုအခြေအနေအဆင့်အတန်းမှ ကျဆင်း မသွားအောင် တိုင်းရင်းသားပြည်သူအားလုံးက သတိရှိရှိနှင့် ထိန်းသိမ်းရန်လိုအပ်ပြီး လက်ရှိ တည်ရှိမှုကို ယိမ်းယိုင်သွားစေနိုင်သည့် ဟန်ချက်မညီသော ပြုပြင်ပြောင်းလဲမှုများကို သတိထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ဒုတိယအချက်အနေဖြင့် မိမိတို့နိုင်ငံ ပထဝီအနေအထားတည်ရှိမှုနှင့် ဆက်စပ် စီးဆင်းနေသည့် အကြောင်းအရာများ ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံသည် လူဦးရေများပြား သည့် နိုင်ငံကြီးများအကြားတွင် တည်ရှိနေပါ ကြောင်း၊ ထို့အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း ထိစပ်နေသည့် နယ်စပ်တစ်လျှောက်တွင် အခြေပြုနေကြ ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နှင့် နယ်မြေတည်တံ့မှု၊ အချုပ်အခြာ အာဏာခိုင်မြဲမှုသည် အတိုင်းအတာတစ်ခု အထိ ဆက်စပ်ပတ်သက်နေသည့်အတွက် မသိလိုက်မသိဘာသာနှင့် အချုပ်အခြာ အာဏာဆုံးရှုံးခြင်းမျိုး မဖြစ်ရအောင် သတိထားဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း။
ပဋိညာဉ်ခံပြီးဖြစ်
တတိယအချက်အနေဖြင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သော ပြည်ထောင်စုအဖြစ် နိုင်ငံရေးဆွေးနွေး ပွဲများ၏ သဘောတူညီချက်များအပေါ် မူတည်ပြီး တည်ဆောက်သွားမည်ဟု NCA တွင် ပဋိညာဉ်ခံပြီး ဖြစ်ပါကြောင်း။
သို့သော်လည်း NCA နှင့် ဆက်နွှယ်နေ သည့် ဆွေးနွေးပွဲများတွင် မပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်မှု တွင် အတူတကွ ပါဝင်ဆောင်ရွက်ရန် မည်သည့်အရာများ လိုအပ်နေသည်၊ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့်သာ ပဋိပက္ခများကို ဖြေရှင်း နိုင်မည်ဆိုသည့် အယူအဆအရ မှန်ကန်သည့် သာဓကများ ရှိနေပါလျက် မည်သည့်အတွက် ကြောင့် လက်နက်ကိုင်တောင်းဆိုနေသည် ဆိုသည့် အခြေခံအကြောင်းတရားများကို ဖော်ထုတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု အသိုင်း အဝိုင်းအတွင်းတွင် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင် လာအောင် ကြိုးစားဆောင်ရွက်ရန် လိုအပ် ပါကြောင်း။
ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်
နိဂုံးချုပ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို မည်သို့သော အကြောင်းတရားနှင့်မျှ ရပ်တန့်နှောင့်နှေးမှုမရှိအောင် ကြိုးစား ဆောင်ရွက်ရန် အားလုံးတွင် တာဝန်ရှိသည်ဟု အလေးအနက်ခံယူပြီး အောင်မြင်ပြီးမြောက် အောင် ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်ကြရန် မိမိတို့အားလုံးတွင် တူညီသောစိတ်ဆန္ဒရှိပြီး ဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့ ကပ်ရောဂါဖြစ်ပွားနေသော ကာလအတွင်း တွင်လည်း တွေ့ဆုံဆွေးနွေးမှုများကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် လိုအပ် ပြီး ၂၀၂၀ ရွေးကောက်ပွဲကြောင့် ဆွေးနွေး မှုများ ရပ်တန့်မသွားအောင် အချိန်ဇယား သတ်မှတ် ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း ပြောကြားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးသည်။
သတင်းစဉ်