
နေပြည်တော် ဩဂုတ် ၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းနှင့် အောင်ချက်အကောင်းဆုံးမြို့နယ် များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ ကော်မတီဝင်များ ခေတ္တအမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီး များ၊ ဂုဏ်ထူးရကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ဦးစွာ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ များက မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယခုကဲ့သို့ ဂုဏ်ထူးရှင်များ ပေါ်ထွက်လာအောင် သင်ကြားပေးခဲ့သည့် ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ပညာရေးကို အားပေးပံ့ပိုးပေးခဲ့ကြသည့် မိဘများ၊ ဇွဲလုံ့လဝီရိယထားပြီး ကြိုးစားခဲ့ကြသော ကျောင်းသား ကျောင်းသူများကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အောင်ချက်အကောင်းဆုံးမြို့နယ် သုံးမြို့နယ်၊ အောင်ချက်အကောင်းဆုံးကျောင်း သုံးကျောင်းနှင့် ခြောက်ဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ငါးဦးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး နေပြည်တော် ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန် နှင့် တာဝန်ရှိသူများက ခြောက်ဘာသာ၊ ငါးဘာသာ နှင့် လေးဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ များကို ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဂုဏ်ပြုဆုချီးမြှင့်ပွဲအတွက် နေပြည်တော်ကိုယ်ပိုင်ကျောင်းများအသင်းနှင့် နေပြည်တော်စီးပွားရေး လုပ်ငန်းရှင်များက လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ပြီး ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကိုယ်စား ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ခြောက်ဘာသာ ဂုဏ်ထူးရှင် မဖူးပြည့်ခိုင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ များက အသီးတစ်ရာအညှာတစ်ခု တေးသရုပ်ဖော်နှင့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ များက ဇာတိမာန် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၂၉ ဦး၊ ငါးဘာသာ ၆၇ ဦး၊ လေးဘာသာ ၈၅ဦး၊ သုံးဘာသာ ၁၀၄ ဦး၊ နှစ်ဘာသာ ၁၆၈ ဦး၊ တစ်ဘာသာ ၄၈၁ ဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၉၃၄ ဦးရှိပြီး အောင်ချက်အကောင်းဆုံး မြို့နယ် ပထမဆုရ ပျဉ်းမနားမြို့နယ်၊ ဒုတိယဆုရ ပုဗ္ဗသီရိမြို့နယ်နှင့် တတိယဆုရ လယ်ဝေးမြို့နယ် တို့ဖြစ်ကြောင်း၊ အောင်ချက်အကောင်းဆုံးကျောင်း ပထမဆုရ တပ်ကုန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(MRTV) ၊ ဒုတိယဆုရ ဒက္ခိဏ သီရိမြို့နယ် အမှတ်(၁၉)အခြေခံပညာ အထက်တန်း ကျောင်းနှင့် တတိယဆုရ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်