ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း အကြိမ် (၂၀)မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများအစည်းအဝေးနှင့် (၅) ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးများ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်

 

နေပြည်တော် နိုဝင်ဘာ ၁၈


အာဆီယံ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ (ASEAN Cooperation on Civil Service Matters-ACCSM) ၏ (၂၀၁၉- ၂၀၂၀) အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ နိုင်ငံ့ဝန်ထမ်းကော်မရှင် ရုံးက ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် အကြိမ် (၂၀) မြောက် အာဆီယံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးနှင့် (၅) ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံ့ ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးများကို ယနေ့တွင် ကျင်းပသည်။ (ယာပုံ)
အဆိုပါ အစည်းအဝေးများသို့ အာဆီယံနိုင်ငံအသီးသီးမှ နိုင်ငံ့ ဝန်ထမ်းကဏ္ဍဆိုင်ရာ အကြီးအကဲ များနှင့်အတူ ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း တက်ရောက် ပြီး ထိုင်းနိုင်ငံ နိုင်ငံ့ဝန်ထမ်း ကော်မရှင်ရုံးမှ အထွေထွေအတွင်း ရေးမှူးချုပ် M.L. Patcharapakorn Devakula က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းအစည်းအဝေးများ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက် အာဆီယံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှ ဆွေးနွေးရရှိခဲ့သော အာဆီယံ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၀) [ACCSM Work Plan(2016- 2020)] အောက်၌ ဆောင်ရွက်အကောင် အထည်ဖော်ခဲ့သည့် လုပ်ငန်းစဉ်များ အပေါ် ဆန်းစစ်သုံးသပ်ပြီး နောင်လာ မည့် (၅) နှစ်တာကာလအတွင်း ပိုမို ထိရောက်အကျိုးရှိစေရေး အကြံပြု ဆွေးနွေးပေးခြင်း၊ အာဆီယံနိုင်ငံ့ ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) [ACCSM Work Plan (2021-2025)] နှင့် အာဆီယံ+၃ နိုင်ငံများ၏ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) [ACCSM Plus Three Work Plan (2021- 2025)] တို့နှင့် စပ်လျဉ်းသည့် ဆွေးနွေးမှုရလဒ်များ ကို အတည်ပြုခြင်း၊ အာဆီယံ၏ အခြားဆက်စပ်အစည်းအဝေးများမှ ACCSM ကဏ္ဍနှင့် သက်ဆိုင်သည့် အတည်ပြုချက်နှင့် ဆုံးဖြတ်ချက်များ အပေါ် လေ့လာသုံးသပ်ခြင်းတို့ကို ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ကမ္ဘာ တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုကြောင့် ကြုံတွေ့ နေရသည့် စိန်ခေါ် မှုများနှင့်စပ်လျဉ်းပြီး ပြည်သူများ၏ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု များသည် စီးပွားရေးနှင့် လူမှုရေး အခြေအနေများနှင့် သင့်တင့်မျှတမှု ရှိစေရေးနှင့် ထိရောက်သည့် ခေါင်းဆောင်မှု ဖြစ်စေရေးအတွက် အာဆီယံနိုင်ငံများနှင့် အာဆီယံဒေသ တွင်း ချမှတ်ဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာများနှင့် စပ်လျဉ်း၍ အမြင်များမျှဝေရာတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းပြီး ယင်းကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသူများနှင့် အနီးကပ်ထိတွေ့သူများကို လိုအပ် သည့် စောင့်ကြပ်ကြည့်ရှုကုသမှု ပေးနိုင်ရေး ဆောင်ရွက်ခြင်းကို လည်း ကောင်း၊ Community Quarantine ပြုလုပ်ရန် လိုအပ်မှုများရှိပါက ထိန်းချုပ်ဆောင်ရွက်ပေးခြင်း၊ လိုအပ် သည့် စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စိတ်ဓာတ်မြှင့်တင် ပေးမှုစသည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှု အဖွဲ့အစည်းများနှင့် အစိုးရမဟုတ် သော အဖွဲ့အစည်းများအားလုံးမှ ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများကိုလည်း ကောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကြောင့် စားဝတ်နေရေး အခက်အခဲ ပြဿနာ၊ အလုပ်လက်မဲ့ပြဿနာတို့ ပြေလည်နိုင်ရေး ပြည်သူများအား ပံ့ပိုး ပေးနိုင်ရေးအတွက် COVID-19 Eco-nomic Relief Plan (CERP) Action Plan ကို ရေးဆွဲပြီး ထောက်ပံ့ပေးနေမှု အစီအစဉ်များ၊ အာဆီယံဒေသတွင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များ ခိုင်မာ အားကောင်းစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ခြင်းကို e-development ပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လေ့ကျင့်သင်ကြားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ၌ ပြည်သူ့ဝန်ထမ်း သင်တန်းကျောင်းများ၏ အာဆီယံ ကွန်ရက်မှတစ်ဆင့် “Training and Development in the Age of COVID-19 Challenges and Oppor-tunities” နှင့် “ Building ASEAN Public Service Capabilities for the Future” သင်တန်းအစီအစဉ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ရာထူးဝန်အဖွဲ့အနေဖြင့် အရာထမ်းငယ်အခြေခံ သင်တန်းများ ကို ဗဟိုဝန်ထမ်းတက္ကသိုလ် နှစ်ခုတွင် သင်တန်းသား (၁၀၀) စီဖြင့် အွန်လိုင်း မှတစ်ဆင့် သင်တန်းတက်ရောက် နိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့ကြောင်း တို့ကို မျှဝေပေးခဲ့သည်။
ယင်းနောက် (၂၁) ကြိမ်မြောက် အာဆီယံ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ၏ ဥက္ကဋ္ဌတာဝန်ကို ဗီယက်နမ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဗီယက်နမ် နိုင်ငံမှ ကြိုတင်ပြင်ဆင်ထားရှိမှုများ အား တင်ပြခြင်းတို့ကို ဆောင်ရွက် သည်။
အစည်းအဝေးသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အတူ ကိုယ်စားလှယ် ခြောက်ဦး ပါဝင်တက် ရောက်ခဲ့ပြီး အဆိုပါအစည်းအဝေး မတိုင်မီ အကြိမ် (၂၀) မြောက် အာဆီယံ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးနှင့် (၅) ကြိမ်မြောက် အာဆီယံ +၃ နိုင်ငံ့ဝန်ထမ်း အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေးတို့ကို နိုဝင်ဘာ ၁၇ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်