ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ သတင်းမီဒီယာကျင့်ဝတ်ပြုစုရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

 
 
 
နေပြည်တော် ဇန်နဝါရီ ၁၄
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တို့ ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ သတင်းမီဒီယာကျင့်ဝတ်ပြုစုရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်)နှင့် တာဝန်ရှိသူများ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ International Institute for Democracy and Electoral Assistance (International IDEA) မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
 
သတင်းမီဒီယာကဏ္ဍအရေးပါ
 
ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာ စကားပြောကြားရာ၌ ရွေးကောက်ပွဲများအောင်မြင်စွာကျင်းပနိုင်ရန် သတင်း မီဒီယာ၏အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတများရရှိစေရန်ဆောင်ရွက်သည့် Civic Education နှင့် မဲဆန္ဒရှင်များမဲပေးခြင်းဆိုင်ရာ အသိပညာပေးဆောင်ရွက်သည့် Voter Education လုပ်ငန်းများဆောင်ရွက်ရာတွင် သတင်းမီဒီယာများ၏ အကူအညီ များစွာလိုအပ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပထမ အကြိမ် မဲပေးမည့်လူငယ် လေးသန်းခန့်ရှိမည်ဟု ခန့်မှန်းပါကြောင်း၊ ၎င်းလူငယ် များအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များကို သိရှိထား မှသာ ရွေးကောက်ပွဲတွင် မဲပေးရာ၌ ပိုမိုပါဝင်လာနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကော်မရှင်၏လုပ်ဆောင်ချက် များ၊ ကော်မရှင်မှ ထုတ်ပြန်သည့် ညွှန်ကြားချက်များ၊ ကြေညာချက်များကို နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် UEC Website တို့မှတစ်ဆင့် ပြည်သူ လူထုသိရှိစေရန် ထုတ်လွှင့်ဖော်ပြပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းပြီး ရွေးကောက်ပွဲဆိုင်ရာ သတင်းအမှန် ထုတ်ပြန်ရေးအစီအစဉ်ကို ကော်မရှင်ရုံး၌ အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ရွေးကောက်ပွဲကာလအတွင်း အမုန်းစကားများ၊ သတင်းအမှားများ ပြည်သူလူထုထံရောက်ရှိပါက ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်လာနိုင်ပြီး မလိုလားအပ်သည့်ပဋိပက္ခများပါ ဖြစ်လာနိုင်ပါကြောင်း၊ အမုန်းစကားနှင့် သတင်းအမှားများသည် ဒီမိုကရေစီစနစ်၏ဂုဏ်သိက္ခာကိုလည်း ထိပါးစေနိုင် သည့်အတွက် သတင်းမီဒီယာများအနေဖြင့် နိုင်ငံတော်အကျိုးအတွက် မျှော်ကိုး၍ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် မှန်ကန်သောသတင်းအချက်အလက်များကိုပြည်သူလူထုထံ လျင်မြန်စွာနှင့် ကျယ်ပြန့်စွာရောက်ရှိစေရေး ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း၊ သတင်းမီဒီယာများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ် များ အောင်မြင်ရေးကို အထောက်အကူဖြစ်စေရေး၊ ရွေးကောက်ပွဲတွင် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် သတင်းမီဒီယာများအကြား ယုံကြည်မှုတည်ဆောက် ရေး၊ အတူတကွပူးပေါင်းဆောင်ရွက်ရေးတို့ကိုရှေးရှုပြီး ရွေးကောက်ပွဲဆိုင်ရာသတင်းမီဒီယာကျင့်ဝတ် ရှိထားသင့်ပါကြောင်း၊ ထို့ကြောင့် သတင်းမီဒီယာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ သတင်းမီဒီယာသမားများ လိုက်နာကျင့်သုံး နိုင်စေရန် ရွေးကောက်ပွဲဆိုင်ရာ သတင်းမီဒီယာကျင့်ဝတ်ရေးဆွဲနိုင်ရေး ဆွေးနွေး ရန်ဖြစ်ပါကြောင်း၊ သတင်းမီဒီယာများအနေဖြင့် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာပေးသည့်အချိန်တွင် ပြည်သူများကြည့်ရှုစေရန်နှင့် ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်နိုင်သည့်အခွင့်အရေး မဲဆန္ဒရှင်များရရှိစေရန် ဆောင်ရွက်ပေးစေလို ပါကြောင်း၊ ထို့အပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် အတွက် ရွေးကောက်ပွဲဆိုင်ရာသတင်းများကို သတ်မှတ်ကာလရောက်ရှိချိန် တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်သည့်အတွက် ထိုသတင်းများကိုလည်း ပြည်သူ လူထုကိုအချိန်နှင့် တစ်ပြေးညီသိရှိစေရန် ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
 
ဝိုင်းဝန်းဆွေးနွေး
 
ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲတက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် တက်ရောက်လာသူများက ရွေးကောက်ပွဲ ဆိုင်ရာ သတင်းမီဒီယာကျင့်ဝတ်ပြုစုနိုင်ရေးနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
 
 
သတင်းစဉ်